www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 23, 2015

ပျောက်ကွယ်သွားတော့မည့် နွေရာသီ ကျောင်းပိတ်ရက် သင်္ကေတ အပိုင်းအစများ


ပျောက်ကွယ်သွားတော့မည့် နွေရာသီ ကျောင်းပိတ်ရက် သင်္ကေတ အပိုင်းအစများ

ထက်နေ

မကြာမီ ကာလ အပိုင်းအခြား အတွင်း နွေရာသီသို့ ရောက်ရှိ လာတော့မည် ဖြစ်ပေသည်။ နွေရာသီ သင်္ကေတ ရှေ့ပြေး လက္ခဏာ များဖြစ်သည့် ဥသြတွန်သံ ချိုချိုနှင့်အတူ ကျောင်းနေအရွယ် ကလေးများ၏ အတန်းတင် စာမေးပွဲကြီး လည်း ဖြေဆိုနေပြီ ဖြစ်သည်။

ကလေးငယ်များ အဖို့ အတန်းတင် စာမေးပွဲကြီး ဖြေဆိုချိန် ဖြစ်၍ စာအုပ်နှင့် မျက်နှာကို မခွာနိုင် အောင်ပင် ကျောင်းသင်ခန်းစာ များကို လေ့လာ ကျက်မှတ် နေကြသော်လည်း သူတို့၏ စိတ်ထဲတွင် နွေရာသီ ကျောင်းပိတ်ရက် ရှည်ကြီးဆီ သို့ ကြိုတင် စိတ်ရောက်နေ သယောင်ယောင် ရှိနေသည်။

ရှည်လျားလှသော နွေရာသီ ကျောင်းပိတ်ရက် သည် ကျောင်းနေအရွယ် ကလေးများ အတွက် စိတ်လွတ်၊ ကိုယ်လွတ် ပျော်ရွှင်နိုင်သော အချိန်ဖြစ်သည်။ တစ်နှစ်တာ ကာလပတ်လုံး စာကြိုးစား ခဲ့ရသမျှ အတန်းတင် စာမေးပွဲကြီးတွင် အားထုတ် ဖြေဆိုပြီး နောက်နှစ် ပညာရေးပန်းတိုင် အသစ် ဆီသို့ မတက်လှမ်းမီ အချိန်အတွင်း ကိုယ်ရောစိတ်ပါ အနားပေးသည့် အချိန်ဟု ဆိုလျှင် မမှားနိုင်ပါ။ ကျောင်းနေအရွယ် ကလေးများ၏ စိတ်တွင် နွေရာသီ ကျောင်းပိတ်ရက် ကာလရှည် ကြီးကို အပြည့်အဝ အနားယူချင် ကြသည်မှာလည်း ငြင်းစရာ မလိုသည့် အဖြေတစ်ခုပင် ဖြစ်နေသည်။

စတုတ္ထတန်း ကျောင်းသား တစ်ဦးက ''စာမေးပွဲကြီး ပြီးရင် ကျောင်းသုံးလ ပိတ်တော့မယ်နော်။ ငါ့အမေ ကတော့ အခု ကတည်းက ငါးတန်းစာ တွေကို ကြိုပြီး လေ့လာရမယ် လို့ ပြောနေတယ်။ ပြီးတော့ အင်္ဂလိပ်စာ သင်တန်းလည်း တက်ရမယ် ပြောနေတယ်။ ငါက ကျောင်းပိတ် တုန်းလေး သူငယ်ချင်း တွေနဲ့ ဘောလုံးကန် တာတို့၊ တူတူပုန်းတမ်း တို့ ကစားချင်တာ'' ဟု နွေရာသီ ကျောင်းပိတ်ရက်၏ သင်္ကေတ အပိုင်းအစ အချို့ကို ကြိုတင်တမ်းတ လိုက်တော့သည်။

မှန်သည်.... ယနေ့ခေတ်သည် တစ်နေ့တခြား တိုးတက်မှုများ အပြိုင်အဆိုင် များပြားလာသည်။ ခေတ် ရေစီးကြောင်း၊ နည်းပညာ ရေစီးကြောင်း၊ ပညာရေး ရေစီးကြောင်း များကို အမီလိုက် နိုင်မှ ရေရှည်ဘဝ ရပ်တည်မှု အတွက် အဆင်ပြေမည်။ မိဘများ ကလည်း သားသမီး များ၏ဘဝ တည်ငြိမ် ကောင်းမွန်စွာ ရပ်တည်နိုင်ရန် ပညာရေး လောဘကြီး နေကြပုံ ကိုလည်း အပြစ် မဆိုသာ။ သို့သော် ကလေးငယ်များ အတွက်လည်း ထည့်သွင်း စဉ်းစားရန် အရေးကြီးသည်။ တစ်နှစ်တာ ကာလပတ်လုံး ကျောင်းနှင့်အိမ်၊ အိမ်နှင့် ကျူရှင်ပဲ လုံးပန်း နေရသည့် ကလေးငယ်များ ကလည်း နွေရာသီ ကျောင်းပိတ်ရက် ကာလရှည် ကြီးကို ကိုယ်စိတ်နှလုံး ပေါ့ပါးစွာ ဖြတ်သန်း လိုကြသည်။ စိတ်လွတ်၊ ကိုယ်လွတ် ပြေးလွှား ဆော့ကစားချင် ကြသည်။ နီးစပ်ရာ သူငယ်ချင်း များနှင့် စုပေါင်း ဆော့ကစား၍ နွေရာသီ ကျောင်းပိတ်ရက် ကို ဖြတ်သန်း လိုကြသည်။

ယနေ့ခေတ်သည် နည်းပညာများ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက် လာသည်။ ဆက်သွယ်ရေး နည်းပညာများ တစ်ဟုန်ထိုး တိုးတက် လာသည်နှင့် အတူ အိုင်တီ နည်းပညာ များလည်း တိုးတက် မြန်ဆန်လာပြီး လူငယ်များ အကြား နေရာယူ လာကြသည်။ ဟန်းဆက်၊ တက်ဘလက်၊ ဂိမ်းစက် အမျိုးမျိုးနှင့် ကွန်ပျူတာ များကလည်း မြို့နေ လူတန်းစား အလွှာ အသီးသီးတွင် ပိုင်ဆိုင်မှု အနည်းအများ ကွာခြားကြ သော်လည်း အပန်းဖြေ အသုံးတော်ခံ အိုင်တီပစ္စည်းများ ဖြစ်လာသည်။ ၄င်း အိုင်တီ ပစ္စည်းများကို အသုံးပြု၍ ဆော့ကစား ရသည့် ဂိမ်းမျိုးစုံ ကလည်း ကလေးငယ် များကို ဆွဲဆောင် နေရုံမျှမက လူကြီးများကိုပါ စိတ်အာရုံ ဆွဲဆောင် စေသည် အထိပင် ဖြစ်သည်။ 

တချို့ ဂိမ်းများက ကလေးငယ် များ၏ ဉာဏ်ရည်ကို တိုးပွားစေပြီး တချို့ဂိမ်း များက ဖျော်ဖြေမှု ရသ သာပေးပြီး ဆော့ကစားသူ အတွက် အကျိုးမရှိသည့် ဂိမ်းများလည်း ရှိသည်။

ယနေ့ခေတ် ကလေးငယ် တော်တော်များများ ကလည်း နည်းပညာ ရေစီးကြောင်း ပေါ်တွင် လျှောက်လှမ်းနေပြီး အိုင်တီပစ္စည်း များနှင့် အကျွမ်းတဝင် ရှိနေသည်။ လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုက ကလေးငယ်များ နှင့် အကွာကြီး ကွာခြားသွားပြီး အတွေးအခေါ် အယူအဆ၊ စဉ်းစား ဆင်ခြင်မှု နှင့် ဉာဏ်ရည်ပိုင်း များပါ ကွာခြားလာခြင်း ဖြစ်သည်။

လွန်ခဲ့သော ဆက်စုနှစ် တစ်ခုဆီသို့ ပြန်လည် အမှတ်ရ မိသည်။ အတန်းတင် စာမေးပွဲကြီး ပြီးသည်နှင့် ရန်ကုန် မြို့တွင်းရှိ လမ်းများထက်တွင် ကစားနည်း ပေါင်းစုံနှင့် ဆော့ကစား နေသည့် ကလေးငယ်များ၏ ပုံရိပ်ကို ယခုအချိန် အလားတူ မြင်ကွင်းမျိုး မြင်တွေ့ရန်ပင် ခက်ခဲ သွားလေပြီ။ နွေရာသီ ကျောင်းပိတ်ရက် ၏ သင်္ကေတများ ဖြစ်သည့် တူတူပုန်းတမ်း၊ ခုံညင်းထိုး၊ ခို၊ စိန်ပြေး လိုက်တမ်း၊ ထုပ်ဆီးတိုး၊ အရောင် ခေါ်တမ်း၊ ဂျင်ပေါက်ခြင်း၊ အရုပ်ပစ်ခြင်း၊ ရွှေစွန်ညို အစရှိသည့် ကစားနည်း များကို လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုက ကလေးငယ်များ ဆော့ကစား နေသည့် မြင်ကွင်းကို အမှတ်ရမိ နေတော့သည်။ ယနေ့ခေတ်တွင် ထို ကစားနည်းများ၏ နေရာတွင် အိုင်တီပစ္စည်း တော်တော် များများက နေရာ ယူလာကြသည်။ သင်တန်း ပေါင်းစုံကပါ ကလေးငယ်များ၏ အချိန်ကို ခွဲတမ်းရယူ လိုက်သေးသည်။

မေ့မရသော နွေရာသီ ကျောင်းပိတ်ရက် သင်္ကေတများ၏ နေရာတွင် အိုင်တီပစ္စည်း များနှင့် သင်တန်းများက နေရာကိုယ်စီ ရယူ လိုက်သည် မှာလည်းမမှား။ ခေတ်ရေစီးကြောင်း ပြောင်းလဲမှု အရဖြစ်သည်။ ဘဝဇာတ်ခုံ အတွက် ဖြစ်သည်။ ခေတ်နှင့် လျော်ညီသည့် အတတ်ပညာ များကို တတ်မြောက်မှသာ ဘဝရပ်တည် ရာတွင် အောင်မြင်စွာ ရပ်တည် နိုင်မည်လည်း ဖြစ်သည်။ သို့သော်လည်း အဆိုပါ ကစားနည်း များက မြန်မာ့နည်း၊ မြန်မာ့ဟန် ရိုးရာ ကစားနည်းများ ဖြစ်ပြီး ရှေးခေတ် ဘိုးဘေး အစဉ်အဆက် က ဆင်းသက်လာပြီး လက်ဆင့်ကမ်း လွှဲပြောင်း ကစားလာကြသည့် ကစားနည်းများပင် ဖြစ်သည်။ ယနေ့ခေတ်တွင် အချို့သော ကစားနည်းများ ကို ကလေးငယ်များ ကစားခြင်း မပြု၍ ပျောက်ကွယ်လု နီးပါး ဖြစ်နေသည်။ နွေရာသီ ကျောင်းပိတ်ရက် သင်္ကေတ အပိုင်းအစ ကစားနည်း များကို မပျောက်ကွယ် စေချင်၊ နောင်လာမည့် လူငယ်များ အကြား တွင်လည်း ရှင်သန် စေချင်သည်။

လွန်ခဲ့သော ဆယ်စုနှစ် တစ်ခုက ရန်ကုန် မြို့တွင်းရှိ ရပ်ကွက် တော်တော်များများ တွင်မြေနေရာ လွတ်များ ပေါပေါများများ ရှိသေးသည်။ ယခုတော့ ကားပါကင် များက နေရာ ယူထားသည့် အပြင် အဆောက်အအုံ အချို့ပါ ဆောက်လုပ် ထားပြီးဖြစ်၍ ကလေးများ ကစားရန် နေရာလွတ် ရှားပါးသွားခြင်း ဖြစ်သည်။ ထိုသို့သော အကြောင်း အမျိုးမျိုး ကြောင့် မြန်မာ့နည်း၊ မြန်မာ့ဟန် ကစားနည်းများ ပျောက်ကွယ်လု နီးပါး အခြေအနေ မျိုးကို ကြုံတွေ့ နေရသည်ဟု ထင်မှတ် မိပါသည်။

ယင်းကစားနည်း များကို မြို့ပြ တော်တော် များများတွင် မြင်တွေ့ရန် ခက်ခဲ လာသော်လည်း ကျေးလက်ဒေသ များတွင် မြင်တွေ့ နိုင်သေးသည်။ ကလေးငယ် များသည် အိုင်တီ နှင့် ဆက်စပ်ပစ္စည်း များကို ခေတ်ရေစီး ကြောင်း အရ သော်လည်းကောင်း၊ နည်းပညာပိုင်း အရ သော်လည်းကောင်း အသုံးပြု လာခြင်းသည် ပိုမိုတိုးတက် ကောင်းမွန် လာသည့် လက္ခဏာ ဖြစ်သကဲ့သို့ ရှေးရိုးရာ ကစားနည်း များကိုလည်း အမှတ်ရ စေချင်သည်။ ထိုကစားနည်း များ၏ ကောင်းကျိုးမှာ ကိုယ်လက် လှုပ်ရှားမှုရှိ၍ ကလေးငယ်များ၏ ကျန်းမာရေး ကောင်းမွန် စေသည့်အပြင် စုပေါင်း ကစားရသည့် နည်းဖြစ်၍ ညီညွတ်စည်းရုံးမှု ကို ဖော်ပြစေသည်။

ယခုနှစ် နွေရာသီ ကျောင်းပိတ်ရက် တွင်လည်း သင်္ကေတ အပိုင်းအစ ကစားနည်း များကို မြင်တွေ့ နိုင်စေရန် မျှော်မှန်း၍ လည်းကောင်း၊ ငယ်စဉ် ဘဝတွင် နွေရာသီ သင်္ကေတ အပိုင်းအစ များနှင့် ကြုံတွေ့ခဲ့ရ သူများ ပြန်လည် အမှတ်ရ စေရန် လည်းကောင်း ရေးသား တင်ပြ လိုက်ရပါသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger