www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, February 2, 2015

ငွေသည် ပထမ


ငွေသည် ပထမ

မဒါလေး

ကိုသက်ဝေ တို့ ရွာလေးမှာ မန္တလေးမြို့နှင့် မလှမ်းမကမ်း တွင်ရှိပြီး ရှေးယခင် ကတိုင် ယခုအချိန်ထိ အိမ်ရှေ့မင်း ထန်းတောဟု နာမည် ကျော်စောသော ထန်းတောနှင့် မနီးမဝေးတွင် တည်ရှိသည့် နန်းတော်ရှေ့ ဆရာတင်၏ သီချင်းထဲက မင်းဂံရွာလေး ဖြစ်သည်။ ရွာညနေခင်း မှာ မြို့ကြီးပြကြီး ကဲ့သို့ မခမ်းနား သော်လည်း ပန်းချီမမီ အောင်ပင် သာယာလှသည်။ လယ်ယာသိမ်း အပြန် လူ လှည်းစုံစွာ နှင့် အသံ မျိုးစုံလင်ကာ ရွာညနေခင်း အလှ ရှုမငြီး နိုင်အောင် ဖြစ်ရသည်။ အလုပ်သိမ်းချိန် ပြီးလျှင် လူကြီးများက မိမိတို့ အိမ်ရှေ့ ကွပ်ပျစ်တွင် လက်ဖက်ရည် ဝိုင်းဖြင့် စကားစမြည် ပြောကြသည်။ လူလတ်ပိုင်း များက ယနေ့ခေတ် အခြေအနေနှင့် နိုင်ငံရေး၊ စီးပွားရေး စုံစွာ စကားဖောင်ဖွဲ့ သူ့ထက်ငါ ပြောကြသည်။

ကိုသက်ဝေ တို့ အရွယ်လူငယ် များနှင့် ကလေးတစ်သိုက် က ဘကြီးဖြိုး အိမ်ရှေ့ ကွပ်ပျစ်တွင် စုဝေးကာ ဘကြီးဖြိုး ပြောသော ပုံပြင်များ၊ ဗဟုသုတများ၊ မှတ်သားဖွယ်ရာ များကို နားထောင် ကြသည်။ အချို့ ကလေးများက မိမိတို့ သိလိုသည် များကို ပြန်လည် မေးမြန်း စူးစမ်းကြသည်။ ထိုအထဲတွင် ကိုသက်ဝေ မှာ အမေးမြန်းထူကာ တစ်ခါတစ်ရံ ဘကြီးဖြိုး ပြောသည်များကို ပြန်လည်ချေပ ပြောဆို တတ်သေးသည်။ သို့အတွက် ဘကြီးဖြိုးမှာ ကိုသက်ဝေ မေးခွန်းများ အတွက် အဖြေတစ်ခု ပြန်ပြန်ပေး နေရသည်ကိုက နေ့စဉ်အလုပ် ဖြစ်နေသည်။

ယနေ့လည်း ဆောင်းအဝင်မို့ အနည်းငယ် အေးစပြု နေပြီ ဖြစ်သဖြင့် မုံရွာစောင် အပါးကို ခြုံကာ ခေါင်းပေါင်းကို ခပ်ထူထူ ပေါင်းပြီး ဘကြီးဖြိုး တစ်ယောက် အိမ်အောက် ကွပ်ပျစ်သို့ ဆင်းခဲ့သည်။ အသင့်စောင့် နေသော ကလေးများ အတွက် မီးဖုတ် ထားသော ပြောင်းဖူးများကို တစ်ယောက် တစ်ဖူးဝေ လိုက်သည်။ ပြောင်းဖူး ဝေနေခိုက် ကိုသက်ဝေက ''အဘရာ အဘတော့ ပိုက်ဆံကုန်ပါပြီ၊ လူဒီလောက် များတာ တစ်ယောက် တစ်ဖူး ဝေတော့'' ဟု ပြောလာသည်။ ကိုသက်ဝေ ပြောမှ ဘကြီးဖြိုး လည်း အကြံ ရလာသည်။ ယနေ့ ကလေးများမှာ မူကြို အရွယ်က အစ ငွေကျပ် ငါးရာတန် ကိုကိုင်ကာ ဝယ်စား တတ်ကြသည်။ သို့အတွက် မိမိတို့ အရွယ်က ရှားပါးခဲ့သော ငွေကြေးမှာ ယနေ့ ကလေးများ အတွက်တော့ ပေါ သယောင်ယောင် ရှိနေသည်။ ထိုထက် ဆိုးသည်က နေရာတကာ ငွေသည် ပထမ ဖြစ်လာသည်။ အချို့ ကလေးများ ငွေပေးလျှင် အကုန် ရသည်ဟုပင် အထင်မှား ချင်ချင် ဖြစ်နေသည်။ တန်ရာတန်ကြေး ဆိုသည့် စကားကို ယနေ့ အချိန် အခါတွင် အတော်များများ ကြားနေ ရသည်။ ဘကြီးဖြိုး ၏ ရင်ထဲမှာတော့ ဘုရား၊ တရား၊ သံဃာ သည်သာ ပထမ အရေးကြီး သည် ဆိုသည်ကို သိစေချင်သည်။ သို့အတွက် ကလေးများကို ဘာသာရေး နှင့် ယှဉ်သော ဗဟုသုတ တစ်ခုကို ပြောပြမည် စိတ်ကူး လိုက်သည်။

လောကတွင် ငွေသည် အရာရာတိုင်း အတွက် အရေးမကြီး ကြောင်း ဘုရား၊ တရား၊ သံဃာ သည်သာ အရေးကြီး ကြောင်းနှင့် ပထမ ဖြစ်ကြောင်း နားလည်စေရန် ရှင်းပြ လိုက်သည်။ ထိုညက ကိုသက်ဝေ တစ်ယောက် ဘာမျှ စောဒက မတက်သဖြင့် ဘကြီးဖြိုး စိတ်ကျေနပ် သွားသည်။ နောက်နေ့ ညနေခင်း လပေါ်ချိန် ရောက်သည့်တိုင် ကိုသက်ဝေ တစ်ယောက် ဘကြီးဖြိုး ကွပ်ပျစ်ဆီ ရောက်မလာ သေး။ ဒီနေ့တော့ မလာတော့ ဘူးဟု ယူဆလျက် ပြောစရာ ရှိသည်များ ပြောရန် ပြင်လိုက်သည်။ ထိုခဏ အဝေးဆီမှ ကိုသက်ဝေ တစ်ယောက် အော်ဟစ်ကာ ပြေးဝင် လာသည်။ ''အဘမှားတယ်၊ အဘ မနေ့က ပြောတာ မှားတယ်၊ ကျွန်တော် လက်တွေ့ ခုပဲ သိခဲ့ရတယ်''။ ” ဘကြီးဖြိုး တစ်ယောက် မျက်လုံးပြူး သွားသည်။'' ဟေ . . . ပြောစမ်းပါအုံး မောင်သက်ဝေရ '' ဘကြီးဖြိုး က စကားလမ်း ဖွင့်ပေး လိုက်သည်။

ကိုသက်ဝေ တစ်ယောက် ဒီနေ့ နေ့လယ်တွင် မန္တလေးသို့ ကုန်ပို့ သွားရာမှ ညနေစောင်း တွင် ရွာသို့ ပြန်လာသည်။ ရွာမရောက်ခင် လမ်းတွင် ကြာနီကန် သုသာန်ကို ဖြတ်ကျော် ရသည်။ ဖြစ်ချင်တော့ ထိုနား ရောက်မှပင် ကိုသက်ဝေ ဆိုင်ကယ် ဘီးပေါက် တော့သည်။ ဒီနေရာတွင် လူအတော် များများ ဘီးပေါက် တတ်သည် ထင်သည်။ ဆိုင်ကယ် ဘီးဖာဆိုင်လေး အသင့်ရှိ နေသည်။ ဆိုင်ကယ် ဘီးဖာဆိုင် ၏ ခုံတန်းလျားတွင် ထိုင်စောင့် နေစဉ် အဝေးမှ ဆိုင်ကယ်တစ်စီး ဒုန်းမောင်း လာသည်။ ညနေစောင်း မို့ရှေ့မှ လူငယ်မှာ ကြောက်သည် ထင်၏။ ထိုနား ရောက်မှ ပိုအရှိန် မြင့်ကာ အမြန်မောင်း တော့သည်။ အနောက်မှ ဝဝတုတ်တုတ် နှင့် အဒေါ်ကြီးမှာ ပိုက်ဆံအိတ် အကြီးကြီးကို ပိုက်လျက် လိုက်ပါသွားသည်။ သိပ်မကြာ လိုက်ပါ။ ထို အဒေါ်ကြီးမှာ ဆိုင်ကယ်ပေါ်မှပြုတ်ကျ ကျန်ခဲ့သည်။ ရှေ့မှလူမှာ ကျခဲ့ သည်ကိုပင် သိသည့်ပုံ မပေါ်၊ ဆိုင်ကယ်ကို ဒုန်းမောင်း သွားသည်။ 

အဒေါ်ကြီးမှာ တော်တော်နှင့် မထနိုင်ဘဲ ရှိနေသည်။ ကိုသက်ဝေ နှင့် အနီးမှ လူများအပြေး သွားသည်။ အနား ရောက်တော့ ထို အဒေါ်ကြီး ပိုက်ဆံအိတ်မှ ပိုက်ဆံများ ပြန့်ကြဲ နေသည်ကို တွေ့ရသည်။ ထူရ ကောင်းနိုး မထူလျှင် လည်း အသက်ရှိ သေးသလား။ ရှေ့မှ မောင်းသူ ပြန်လာလျှင် တစ်မျိုး ထင်မည်လား စိုးရိမ်စိတ်ဖြင့် တော်တော်နှင့် အနား မသွားရဲ ရှိနေသည်။ ခဏကြာမှ လူ့အသက် က အရေးကြီး သဖြင့် ထူမကာ တတ်သလောက် မှတ်သလောက် ဝိုင်းပြုစု ကြသဖြင့် အဒေါ်ကြီး မျက်လုံးပွင့် လာသည်။ နှုတ်မှ တကျွတ်ကျွတ် မြည်တမ်းရင်း “''ငါ့.. ပိုက်ဆံတွေ ...ပိုက်ဆံတွေ ရော'' ဟု ထမေးသည်။ ကိုသက်ဝေ မှ ''အဒေါ် ... သတိရပြီလား အဒေါ့်ငွေတွေ ဒီမှာ ကောက်ထား ပေးတယ် စစ်ကြည့်ပါအုံး'' ဟု ပြောလိုက်မှ ပင် ''အောင်မယ်လေး ဘုရား .... ဘုရား တော်ပါသေးရဲ့ '' ဟု ပြောရှာသည် ကိုသက်ဝေ တစ်ယောက်ပြုံးမိ သွားသည်။ အနာတရ ဖြစ်နေ ပါလျက် မိမိကိုယ်ကို ဂရုမစိုက် နိုင်ဘဲ ပိုက်ဆံကိုသာ သတိရသော ထို အဒေါ်ကြီး ကိုလည်း အံ့သြမိသည်။ ခဏအကြာ အရှေ့မှ မောင်းသူမှာ ပြန်ရောက် လာသည်။ နှစ်ယောက်သား စကားများရင်း မြင်ကွင်းမှ တရွေ့ရွေ့ ပျောက်ကွယ် သွားသည်ထိ ကိုသက်ဝေ တစ်ယောက် ငေးနေမိသည်။ ခဏနေ ဆိုင်ကယ် ဘီးဖာပြီး သည်နှင့် ရွာသို့ ဒုန်းစီးကာ ပြန်လာခဲ့သည်။ မနေ့က ဘကြီးဖြိုး ပြောလိုက် သည်မှာ လွဲနေပြီ ဆိုသည့် အကြောင်း ဘကြီးဖြိုးကို အပြေြးေ ပာရန်သာ ဆန္ဒစော နေသည်။ ဒီတစ်ခါတော့ ငွေသည် ဒုတိယ ဆိုသည် မှာ အဘပြောတာ မှားသွားပြီ။ ငွေက ပထမဗျ ...ပထမ ဟု အဘကို အားရပါးရ ပြေးပြော ချင်စိတ်က ဆိုင်ကယ်ကို အမြန်မောင်းနှင် စေတော့သည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger