www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, January 3, 2015

ကျောက်ငရုတ်ဆုံ အန္တရာယ်


ကျောက်ငရုတ်ဆုံ အန္တရာယ်

မြို့ပြနှင့် ကျေးလက် တောရွာများပါ မရှိမဖြစ် အသုံးပြုကြ စမြဲဖြစ်သော မီးဖိုချောင်သုံး ငရုတ်ဆုံများ ရှိကြသည်။ အဆိုပါ ငရုတ်ဆုံ များကို အသုံးပြုကာ ငရုတ်သီး ထောင်း၍ အများဆုံး စားသောကြောင့် ငရုတ်ဆုံဟု တွင်ကျယ်စွာ ခေါ်နေကြခြင်း ဖြစ်သည်ဟု ယူဆရမည်။ သို့သော် ငရုတ်ဆုံကို ငရုတ်သီး ချည်းသာ ထောင်းစား ကြသည် မဟုတ်။ ကြက်သွန်ဖြူ၊ နီ၊ မြေပဲဆန်၊ မန်ကျည်းရွက်၊ ခရမ်းချဉ်သီး စသည်ဖြင့် ထောင်း၍ စားကြသည်။

ထိုသို့ စားချင်ဖွယ်ရာ များကို အလွယ်တကူ ထောင်းစား နေကြသော ငရုတ်ဆုံ များ၏ ကောင်းကျိုး၊ ဆိုးကျိုးများကို အချို့လူတို့ လေ့လာသိရှိမှု အားနည်းကြမည် ဖြစ်သည်။ ငရုတ်ဆုံများ ထဲတွင် ကျောက်ငရုတ်ဆုံ၊ ကျောက်ကျည်ပွေ့၊ သံကျည်ပွေ့ တို့သည် ရေရှည်ကို ကြည့်ပါက လူတို့အတွက် အန္တရာယ် ဖြစ်ပေါ် စေနိုင်သည်။

လူတို့အနေဖြင့် ဟင်းလျာ ချက်ပြုတ် စားသောက်ရာတွင် လည်းကောင်း၊ အခြားသော စားသောက် ဖွယ်ရာများကို လည်းကောင်း၊ ကျောက်ငရုတ်ဆုံ၊ ကျောက်ကျည်ပွေ့၊ သံကျည်ပွေ့ တို့ဖြင့် ထောင်း၍ စားသောက် ကြသည်။ ထိုသို့ ထောင်းသောအခါ အထောင်းခံ ရသော ငရုတ်ဆုံမှ ကျောက်မှုန့်များ ထွက်လာ တတ်သည်။ ထွက်လာသော ကျောက်မှုန့်များသည် ဟင်းလျာ၊ အသီးအရွက်၊ အစေ့အဆန် များနှင့် ရောသမ သွားကာ စားသုံးသူများ၏ ဝမ်းဗိုက် အတွင်းသို့ ရောက်သွား ကြသည်။

ကျောက်မှုန့်များ ပါသော ဟင်းလျာကို တစ်ဦး တစ်ယောက်တည်း စားသုံးကြ ရသည်မဟုတ် မိသားစုတစ်စု၊ ထမင်းဆိုင်များ တွင်ဆိုလျှင် စားသုံးသူ အားလုံးတို့၌ စားသောက်မိ ကြသည်မှာ သေချာသည်။ ဝမ်းဗိုက် အတွင်းသို့ အဆိုပါ ကျောက်မှုန့်များ ရောက်ရှိ သွားပါက နောက်ဆက်တွဲ ဆိုးကျိုးများ ဖြစ်သော အစာအိမ် နာခြင်း၊ အစာအိမ် ကင်ဆာ၊ အူမကြီး ကင်ဆာ စသည်ဖြင့် ရောဂါ အန္တရာယ်များကို ခံစားကြ ရမည် ဖြစ်သည်။

လူသားတိုင်း အတွက် စားသောက်ရေး သည် အဓိက မရှိမဖြစ် လိုအပ်သော ကဏ္ဍတစ်ခု ဖြစ်သောကြောင့် ချက်ပြုတ်ရေး တွင်လည်း မီးဖိုချောင်သုံး ငရုတ်ဆုံ လိုအပ်မည်မှာ သေချာသည်။ ထို့ကြောင့် လူတို့ကို အန္တရာယ် ဖြစ်စေသော ကျောက်ငရုတ်ဆုံ၊ ကျောက်ကျည်ပွေ့ တို့အစား သစ်သား ငရုတ်ဆုံ၊ သစ်သား ငရုတ်ကျည်ပွေ့၊ သတ္တု ငရုတ်ဆုံ၊ သတ္တု ငရုတ်ကျည်ပွေ့ တို့ကို သုံးစွဲပါက အဆိုပါ ရောဂါ အန္တရာယ်တို့မှ ကင်းဝေးကြမည် ဖြစ်သည်။

သို့ဖြစ်ရာ ကျောက်ငရုတ်ဆုံ၊ ကျောက်ကျည်ပွေ့ တို့မှ ထွက်သော ကျောက်မှုန့် အန္တရာယ်မှ ကာကွယ်နိုင်ရန် မီးဖိုချောင်တွင် လိုအပ်သော စားသောက်ဖွယ်ရာ များကို အလွယ်တကူ ထောင်းထု စားသုံးနိုင်ရန် ကျောက်ငရုတ်ဆုံ၊ ကျောက်ကျည်ပွေ့၊ သံကျည်ပွေ့ တို့ကို ရှောင်ရှား၍ အခြားသော သစ်သား ငရုတ်ဆုံ၊ စဥ့်ငရုတ်ဆုံ၊ ဝါးကျည်ပွေ့၊ သစ်သားကျည်ပွေ့ တို့ကိုသာ အသုံးပြု စေလိုကြောင်း စေတနာထား၍ အကြံပြု ရေးသား လိုက်ရပေသည်။

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger