www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, January 7, 2015

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်


မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်

နှစ်စဉ်နှစ်တိုင်း ပွင့်လင်းရာသီ ရောက်ပြီ ဆိုပါက အထူး သတိပြု ရမည့်အရာမှာ မီးဘေး အန္တရာယ် ဖြစ်သည်။ မီးသည် သုံးတတ်လျှင် မိတ်ဆွေ၊ မသုံးတတ်လျှင် ရန်သူဖြစ်၏။ မီးဆိုလျှင် မည်သည့် မီးကိုမျှ ပေါ့ပေါ့တန်တန် မပြုလုပ် မသုံးစွဲ သင့်ပေ။ မီးဖိုမီး၊ လျှပ်စစ်မီး မည်သည့်မီး ကိုမဆို ရိုရို သေသေ နှင့် စနစ်တကျ သုံးစွဲလျှင် မိတ်ဆွေဖြစ်၍ သတိလစ် ပေါ့လျော့စွာ စည်းကမ်းမဲ့စွာ သုံးလျှင် ရန်သူ ဖြစ်သွားသည်။

ယခုရက်ပိုင်း ပူပြင်းလှသည့် နွေရာသီ မရောက်သေး သော်လည်း မီးလောင်မှု၊ မီးလန့်မှု တို့ကို ကြားနေရ သည်မှာပို၍ ဂရုစိုက် သင့်ကြောင်း အသိပေးသလို ဖြစ်နေသည်။ ရာသီဥတုသည် အအေးပေါ့ လာပြီး လေရူးများလည်း တိုက်နေသည်မှာ မီးဘေး အန္တရာယ်အတွက် စိုးရိမ်စရာ ဖြစ်သည်။ မီးသည် ရာသီမရွေး လောင်တတ် သော်လည်း ပူပြင်း ခြောက်သွေ့သော ဆောင်းကုန် နွေကူး၊ နွေရာသီ တို့၌ အထူး သတိပြု သင့်သည်။

မီးဖိုမီး၊ ဆေးလိပ်တိုမီး နှင့် တောမီးတို့မှာ ကျေးလက်နေ ပြည်သူများ သတိပြု သင့်သည့် မီးဘေး အန္တရာယ်ပင် ဖြစ်သည်။ မြို့ပြများ၌မူ လျှပ်စစ်မီးဘေး အန္တရာယ် ပိုလာသည်။ လျှပ်စစ်ဝိုင်ယာြ ကိုးများ အပူလွန်ကဲခြင်း၊ မီးအား မြှင့်စက်များ အပူလွန်ကဲခြင်း တို့ကြောင့် မီးလောင်နိုင်၏။ လျှပ်စစ်မီးဖို၊ လျှပ်စစ်မီးပူ၊ ပန်ကာ၊ ရေခဲသေတ္တာ၊ ထမင်းပေါင်းအိုး၊ ရေနွေးအိုး တို့ကြောင့်လည်း မီးလောင်နိုင်၏။

လူနေမှု အဆင့်အတန်း မြင့်မားလာပြီး လျှပ်စစ် သုံးစွဲမှု များပြားလာသည် နှင့်အမျှ လျှပ်စစ်ကြောင့် ဖြစ်သော မီးလောင်မှု များလည်း တိုးလာသည်။ ယခုအခါ တယ်လီဖုန်း ဟန်းဆက်များ အားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှု များလည်း ရှိလာသည်။ ထို့ကြောင့် မီးနှင့် ပတ်သက်၍ သတိပြုစရာတို့ များလာသည်။ မီးကို အစဉ် သတိပြု၍ သုံးစွဲမ မီးဘေး အန္တရာယ်ကို ကာကွယ် နိုင်မည် ဖြစ်သည်။

မီးသည် ဖယောင်းတိုင်မီး၊ ခြင်ဆေးခွေမီး တို့ကြောင့်လည်း လောင်တတ်သည်။ ဆိုလိုသည်မှာ အရာရာတွင် မီးကို သတိပြု သုံးစွဲမှ တန်ကာ ကျမည်ကို အထူး ဂရုပြုသင့်သည်။ သတိတစ်ချက် လွတ်သည်နှင့် မီးသည်ဆင်းရဲ၊ ချမ်းသာ အလွတ်မပေး၊ မျက်နှာလိုက်ခြင်း မရှိ၊ ဒုက္ခပေးမည်သာ ဖြစ်သည်။

သို့ဖြစ်ရာ မီးသည် ရိုရိုသေသေ စနစ်တကျ သတိနှင့် သုံးစွဲပါက အလွန်အဖိုး ထိုက်တန်သည့် မိတ်ဆွေဖြစ် သကဲ့သို့ ပေါ့ပေါ့ဆဆ စည်းမဲ့ကမ်းမဲ့ အဆင်ခြင်မဲ့စွာ သုံးစွဲပါက အလွန် ကြောက်စရာ ကောင်းသည့် ရန်သူ ဖြစ်နိုင်သည်ကို အစဉ် သတိပြု၍ မီးကို စနစ်တကျ သုံးစွဲခြင်းဖြင့် မီးဘေး အန္တရာယ်ကို ကြိုတင် ကာကွယ် သွားကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger