www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 2, 2015

သနပ်ခါးမူပိုင်ခွင့်ရရှိရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ


အရာတော်မြို့ သီရိရတနာခန်းမ၌ သနပ်ခါးမူပိုင်ခွင့် ရရှိရေး အလုပ်ရုံဆွေးနွေးပွဲတွင်
 ဒေသထွက်သနပ်ခါး များကိုတွေ့ရစဉ်

အရာတော် ၊ ၂-၁-၂ဝ၁၅

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် အရာတော်မြို့နယ် သီရိရတနာ ခန်းမ၌ သနပ်ခါးစိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသည့် ကဏ္ဍ ဖွံ့ဖြိုးတိုးတက ရေးနှင့်သနပ်ခါး မူပိုင်ခွင့် ရရှိရေး အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲတွင် သနပ်ခါးစိုက်ပျိုး ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပတ်သက်သည့် စာတမ်းကို တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန က လည်းကောင်း၊ သနပ်ခါး တန်ဖိုးမြင့် ထုတ်ကုန် ထုတ်လုပ်နည်း စနစ်များနှင့် တင်ပို့ ရောင်းချမှု ဖွံ့ဖြိုး တိုးတက်ရေး စာတမ်းကို လူသုံးကုန် ဆေးဝါးနှင့် အလှကုန် ထုတ်လုပ် ရောင်းဝယ်သူများ အသင်း (မန္တလေး) ၏ နာယက က လည်းကောင်း၊ သနပ်ခါးနှင့် နိုင်ငံတကာ ဈေးကွက် အခြေအနေ နှင့် ပတ်သက်သည့် စာတမ်းကို ရွှေဘို မင်းသမီး သနပ်ခါး (ရန်ကုန်) မှ ဒေါ်ယုယုမော် က လည်းကောင်း၊ သနပ်ခါး စိုက်ပျိုးမှု ဈေးကွက်၊ နည်းပညာ၊ သနပ်ခါးကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး အတွက် လိုအပ်သည့် အခြေအနေများ၊ အခက်အခဲများ ကျော်လွှား နိုင်ရေး အကြံပြု စာတမ်းကို အရာတော် မြို့နယ် သနပ်ခါး စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်း မှ ဦးချစ်ကွန်း က လည်းကောင်း၊ မြန်မာ့ သနပ်ခါး မူပိုင်ခွင့် ရရှိရေး အတွက် အကြံပြု စာတမ်းများကို ဥပဒေ ပညာရှင်များ နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သစ်တောရေးရာ ဦးစီးဌာန တို့က လည်းကောင်း၊ မြန်မာ့သနပ်ခါး မူပိုင်ခွင့်နှင့် ပတ်သက်သည့် ဆောင်ရွက် ရမည့် လုပ်ငန်းစဉ်များ အဆင့်ဆင့် အကြံပြုစာတမ်း ကို သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမှ ဒေါက်တာ နှင်းနွယ်အေး က လည်းကောင်း အသီးသီး ဖတ်ကြားကြပြီး တက်ရောက် လာသူများက သိရှိလိုသည့် မေးမြန်းချက်များ ကို ပညာရှင်များနှင့် သက်ဆိုင်ရာ ဌာန အသီးသီးတို့က ပြန်လည် ရှင်းလင်း ဖြေကြား ခဲ့ကြောင်း သိရသည်။

အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရခြင်း နှင့် ပတ်သက်ပြီး '' သနပ်ခါးပင် တွေကို မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးတိုင်း ဒေသကြီးမှာ ရှင်မတောင် သနပ်ခါး၊ စစ်ကိုင်းတိုင်း ဒေသကြီးမှာ ရွှေဘိုသနပ်ခါး လို့ နာမည်ကြီး ပါတယ်။ မြန်မာ တစ်နိုင်ငံလုံးရဲ့ သနပ်ခါး လိုအပ်ချက် တွေကို ဒီဒေသနှစ်ခု က ဖြည့်ဆည်းပေး နေပြီး ပြည်တွင်း သာမက ပြည်ပအထိ ထိုးဖောက်နိုင်ဖို့ အတွက် တန်ဖိုးမြင့် သနပ်ခါး ထုတ်ကုန်တွေ ထုတ်ပြီး လုပ်ဆောင်ကြ မှာပါ။ ဒီလို ထိုးဖောက်ဖို့ အတွက် လုပ်ဆောင်ရာမှာ ခိုင်မာတဲ့ ဈေးကွက်ရရှိဖို့ လိုပါတယ်။ အဲဒီလို ရဖို့အတွက် သနပ်ခါးနဲ့ ပတ်သက်တဲ့ တိကျတဲ့ သုတေသန ပြုချက်တွေ လုပ်ကြရ မှာပါ။ နောက်ပြီး သနပ်ခါးက မြန်မာပြည်က ထွက်ရှိတာ ဖြစ်တဲ့အတွက် နိုင်ငံတကာ ဈေးကွက်ကို ထိုးဖောက်ရာမှာ အခက်အခဲ မရှိစေဖို့နဲ့ မူပိုင်ခွင့် ရရှိရေး ကြိုးစား လုပ်ဆောင်နိုင် ဖို့အတွက် ဒီကနေ့ သနပ်ခါး နဲ့ ပတ်သက်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပတာပါ '' ဟု တိုင်းဒေသကြီး ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။(၆၁၁) 

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger