www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, January 8, 2015

ကြက်ဟင်းခါးသီးခြောက် များ တန်ဖိုးကြီး ပြည်ပဈေးကွက်ဝင် ကုန်ပစ္စည်းဖြစ်လာ



မန္တလေး ၊ ၈-၁-၂၀၁၅

မြန်မာနိုင်ငံ တစ်ဝန်းရှိ ကုန်စိမ်း ရောင်းချနေသည့် ဈေးရုံဆိုင်ခန်း များတွင် ချက်ပြုတ် စားသောက်ရန် နှင့် တို့စရာအဖြစ် ရောင်းချနေသော ကြက်ဟင်းခါးသီး များမှာ ပြည်ပဈေးကွက်ဝင် ကုန်ပစ္စည်းများ ဖြစ်လာကြောင်း ပြည်ပပို့ကုန် လုပ်ငန်းပိုင်ရှင် များနှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများ အရ သိရသည်။

ကြက်ဟင်းခါးသီး မှာ စိုက်ပျိုးရ လွယ်ကူသည့် သီးနှံပင် ဖြစ်သဖြင့် ဥယျာဉ်ခြံ လုပ်ငန်းများနှင့် နေအိမ်ဝင်းခြံ များတွင် စိုက်ပျိုးထားလေ့ ရှိသည်။ ထိုသို့ စိုက်ပျိုးထားသည့် အပင်များ အသီးသီး လာသောအခါ နေအိမ်များတွင် ချက်ပြုတ် စားသောက်ပြီး ပိုလျှံသည် များကို ဈေးရုံ ဆိုင်ခန်းများတွင် ပြန်လည်ရောင်းချ ကြသည်။ 

ဈေးရုံဆိုင်ခန်း များတွင် ကြက်ဟင်းခါးသီး တစ်လုံးလျှင် အများဆုံး ငွေကျပ် ၁ဝဝ၊ ၁၅ဝ ခန့်သာ ဈေးနှုန်း ရရှိသည်။ ထိုသို့ ကြက်ဟင်းခါးသီး မှာ ဈေးနှုန်း ရရှိမှု နည်းပါး နေသဖြင့် စီးပွားဖြစ် စိုက်မှုမှာလည်း နည်းပါး နေခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခု အခါ ကြက်ဟင်းခါးသီး များမှာ ပြည်ပ ဈေးကွက်ဝင် ကုန်ပစ္စည်းများ ဖြစ်လာခဲ့ပြီ ဖြစ်သဖြင့် စီးပွားဖြစ် စိုက်ပျိုးသင့်သည့် သီးနှံစာရင်းတွင် ပါဝင်လာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ယခုအခါ ကြက်ဟင်းခါးသီး ခြောက် များကို ကိုရီးယားနိုင်ငံမှ ဝယ်ယူနေပြီ ဖြစ်ကြောင်း သိရသည်။ ဈေးနှုန်းမှာလည်း မက်မော လောက်သည့် ဈေးနှုန်း ဖြစ်သည်။ ကြက်ဟင်းခါးသီး ခြောက် တစ်တန် ကို အမေရိကန် ဒေါ်လာ 

၁၈၁ဝ အထိ ဈေးကောင်း ရရှိသည်။ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများအရ ၂ဝ၁၄ ခုနှစ်အတွင်း၊ အမေရိကန် ဒေါ်လာ ၁ဝ၈၆၉ ဒေါ်လာ တန်ဖိုးရှိ ကြက်ဟင်းခါးသီး ခြောက် ခြောက်တန်ကို တောင်ကိုရီးယား နိုင်ငံသို့ တင်ပို့ ရောင်းချ ခဲ့ကြောင်း သိရသည်။

အဆိုပါ ကြက်ဟင်းခါးသီး ခြောက်များကို ဆေးဝါး ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် တောင်ကိုရီးယား နိုင်ငံမှ ဝယ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ တောင်ကိုရီးယား နိုင်ငံသို့ ကြက်ဟင်းခါးသီး ခြောက်များ တင်ပို့ရန် အတွက် ကြက်ဟင်းခါးသီး ကို အကွင်းလေးများ၊ အစိတ်လေးများ အဖြစ် လှီးဖြတ်ကာ အခြောက် လှန်း၍ ပိုးသတ်ပြီး စနစ်တကျ ထုပ်ပိုးကာ ပြည်ပပို့ကုန် အဖြစ် တင်ပို့ ရောင်းချကြောင်း သိရသည်။

မိုးရာသီတွင် အခြောက် လှန်းထားသည့် ကြက်ဟင်းခါးသီး များမှာ မိုးရေထိမှန်ကာ ရင့်မှည့် မှည့်ပြီး အရည်ပျော် သွားနိုင်သဖြင့် ကြက်ဟင်းခါးသီး ခြောက် ပြည်ပ တင်ပို့မှု လုပ်ငန်းကို ပွင်းလင်းရာသီ တွင် လုပ်ကိုင် ဆောင်ရွက် နိုင်သည်။ ယခုအခါ အဆိုပါ ကြက်ဟင်းခါးသီး ခြောက်များ ဈေးကောင်း လာ၍ တန်ဖိုးကြီး ပြည်ပပို့ကုန် တစ်ခု ဖြစ်လာနိုင်ကြောင်း ပြည်ပပို့ကုန် လုပ်ငန်းရှင် တစ်ဦးက ပြောပြ၍ သိရသည်။ (၃၃၆)

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger