www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 25, 2014

အိမ်သာတော့ ဧည့်လာ


အိမ်သာတော့ ဧည့်လာ

ပွင့်လင်းရာသီ ရောက်ပြီ ဆိုသည်နှင့် ယဉ်ကျေးမှု အမွေအနှစ် ပေါများသော၊ သဘာဝ သယံဇာတ ပေါများ ကြွယ်ဝသော မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ဧည့်သည်များ အလည်အပတ် ခရီး လာရောက်ကြပြီ ဖြစ်သည်။ မြန်မာနိုင်ငံ၏ ပွင့်လင်း လူ့အဖွဲ့အစည်း ဖြစ်တည်လာမှု နိမိတ် လက္ခဏာကောင်း တစ်ရပ်ဟု ဆိုရမည် ဖြစ်သည်။

''အိမ်သာတော့ ဧည့်လာ''ဟု ဆိုစကားအတိုင်း မြန်မာနိုင်ငံ၏ ရေမြေ တောတောင် သဘာဝ ရှုခင်းများ၊ သမိုင်း အမွေအနှစ် ရှေးဟောင်း လက်ရာများ၊ သင့်တင့် မျှတသော ရာသီဥတုတို အပြင် မည်သည့်နိုင်ငံ နှင့်မျှမတူ ကွဲပြားသည့် မြန်မာ နိုင်ငံသားတို့၏ ဧည့်သည်အပေါ် ဖော်ရွေ အလေးထား တတ်ကြသည့် ပင်ကိုယ်စိတ်ရင်း များကြောင့် ကမ္ဘာ့အလယ်တွင် မျက်နှာပန်း ရနေဆဲ ဖြစ်သည်။

အထူးသဖြင့် ခရီးသွား ဧည့်သည်များ စိတ်ဝင်တစားဖြင့် လည်ပတ်မှု များသော နေရာများ ဖြစ်သည့် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ အင်းလေး၊ ကျိုက်ထီးရိုး၊ ချောင်းသာ၊ ငွေဆောင်၊ ငပလီနှင့် ရခိုင် ကမ်းရိုးတန်း ဒေသ၊ ပူတာအို၊ နာဂ၊ မြိတ်ဒေသ ဝန်းကျင်၊ လွိုင်ကော်ဒေသ စသည့် နေရာဒေသ အနှံ့မှ တာဝန်ရှိ သူများနှင့် ဒေသခံများ၏ ဧည့်ဝတ်ကျေပွန်မှု များသည် တစ်စုံတစ်ဦးက တာဝန်ပေးရန် မလိုအပ်သည့် ပင်ကိုယ်ဗီဇ သဘာဝသာ ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ကြသော နိုင်ငံခြားသား ဧည့်သည်များ လာရောက် လည်ပတ်ပြီး ပြန်ထွက် သွားချိန်တွင် မိမိနိုင်ငံ၏ ပြယုဂ်ကောင်းများ ဧည့်သည်များ၏ ရင်ထဲတွင် စွဲမြဲသွားစေရန် လိုအပ်သည်။ ''လူသတင်း လူချင်းဆောင်'' ဆိုသကဲ့သို့ ကောင်းသတင်းများ ပါသွားခဲ့လျှင် နောင်အနာဂတ် ခရီးသွား စီမံကိန်းတွင် တစ်နှစ်ထက် တစ်နှစ် နိုင်ငံခြား ခရီးသွား ဝင်ရောက်မှု ပိုမိုတိုးတက် များပြားလာမည် ဖြစ်သည်။

လက်ရှိတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၏ စစ်တမ်းများ အရ ၈၃ ရာခိုင်နှုန်းကျော် အထိ ရှိလာနေပြီ ဖြစ်သည်။ မြန်မာ့ခရီးသွား ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြည်ပနိုင်ငံ အချို့နှင့် အာရှ ဖွံ့ဖြိုးရေးဘဏ် မှ ကူညီပံ့ပိုးမှု များအပြင် ဝင်ရောက် ရင်းနှီးမြှုပ်နှံမှု များလည်း ရှိနေပြီ ဖြစ်သည်။ အနာဂတ် ခရီးသွား လုပ်ငန်းအတွက် အားရစရာ တစ်ခု ဖြစ်သည်။

မိမိတို့နိုင်ငံသို့ လာရောက် လည်ပတ်မှုတွင် အိမ်နီးချင်း အာရှနိုင်ငံ များမှ အများဆုံး ဖြစ်ပြီး နောက် မကြာမီကာလ များတွင် အမေရိက၊ ဥရောပ နှင့် ကမ္ဘာ အနှံ့အပြားမှ ဧည့်သည်များ ဝင်လာ မစဲ တဖွဲဖွဲနှင့် ရှိလာ တော့မည် ဖြစ်သည်။

သို့ဖြစ်ရာ ရေမြေ သဘာဝအလှ တရားများ နှင့် ကိုက်ညီပြီး ယဉ်ကျေးမှု အမွေအနှစ်များ ပေါကြွယ်ဝ သည့် မြန်မာနိုင်ငံသို့ ၂ဝ၁၅- ၂ဝ၁၆ ဘဏ္ဍာရေးနှစ် တွင် နိုင်ငံခြားသား ခရီးသွား ဧည့်သည်များ သန်းနှင့်ချီ၍ ဝင်ရောက် လာမည်ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန က ခန့်မှန်းထားရာ လာရောက် လည်ပတ် လေ့လာကြမည့် ခရီးသွား ဧည့်သည် များ၏ သွားလာ နေထိုင် စားသောက်ရေး တို့အတွက် ဝန်ဆောင်မှု အပြည့်အဝ ပေးနိုင်ရေး တို့ကို အားလုံး ဝိုင်းဝန်း ဆောင်ရွက် ပေးကြရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily
#ရတနာပုံနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger