www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 7, 2014

ဟောင်းနေလျှင် ပြောင်းလိုက်


ဟောင်းနေလျှင် ပြောင်းလိုက် 

မောင်လပြည့် (သာစည်)

လူတိုင်းဟာ လောကကြီးကို ပြုပြင် ပြောင်းလဲဖို့ပဲ စဉ်းစား နေကြတယ်။ ဒါပေမဲ့ မိမိကိုယ်ကို ပြုပြင် ပြောင်းလဲဖို့ ကြတော့ မစဉ်းစား ကြဘူး။ ပစ္စည်း အသုံးအဆောင် မှန်သမျှ ဟောင်းလာလျှင် ပိုပြီး အဆင်ပြေ ဖို့ ပြောင်းလဲ ပြုပြင်ပေး ရပါတယ်။ သို့မှသာ မိမိ လုပ်လိုရာကို အဆင်ပြေ ချောမွေ့စွာ လုပ်ဆောင် နိုင်ပါ လိမ့်မယ်။ နိုင်ငံရပ်ခြားမှာ ပညာသင် လေ့လာ နေစဉ်အခါက ဖြစ်သည်။ နေရာတစ်ခုသို့ သွားရန် ကျွန်တော် ဘတ်စ်ကားပေါ် လိုက်ပါ လာတဲ့အချိန် က အဖြစ်အပျက် လေးတစ်ခုကို ပြန်သတိရ မိပါတယ်။ ကျောင်းဆင်းချိန် ရုံးဆင်းချိန် မို့လားတော့ မပြောတတ်၊ ဘတ်စ်ကားပေါ် နေရာအလွတ် မရှိအောင် ပြည့်နေ ပါတော့တယ်။ မြန်မာပြည်လိုပဲ ထိုင်ခုံမရှိရင် မတ်တပ်ရပ် လိုက်ပေါ့။ ခေါင်မိုးပေါ် တက်လိုကလဲ လွတ်လွတ် လပ်လပ်ပဲ တက်လိုက် နိုင်ပါတယ်။ အဲဒီ အချိန်မှာပဲ ရဟန်းတော်တွေ ဘတ်စ်ကားပေါ် တက်လာ ပါတယ်။ ဒီ ရဟန်းတော် တွေ ဒီလောက် ပြည့်ကျပ် နေတဲ့ကားထဲ ဘယ်လိုလိုက် မလဲပေါ့။ ထိုင်စရာ နေရာကလဲ အပြည့် ဖြစ်နေတယ်။ အထင်က တခြား ဖြစ်သွားတယ်၊ မြင်လိုက်တဲ့ အခြင်းအရာက ရဟန်းတော် လေးတွေ ကြွလာတယ် ဆိုရင်ကိုပဲ နီးရာလူတွေက အလိုက်သိစွာ နေရာဖယ်ပေး လိုက်ကြတယ်။ အဲဒီ မြင်ကွင်းကို ကြည့်ပြီး ပီတိမဆုံး တပြုံးပြုံး ဖြစ်နေစဉ် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ယောက် ထပ်တက် လာပြန်တယ်။ ဒီ အမျိုးသမီး ကလဲ လူတွေ ဒီလောက်ပြည့် နေတာကို ဘာလို့များ တက်လာ ရသလဲ။ ချောင်တဲ့ကား စောင့်စီးရင် ရတာကို သူ့အစား စိတ်ထဲက အလိုလို စိုးရိမ်နေမိ ပြန်ပါတယ်။ တွေးလို့မှ မဆုံးသေး တခြား အမျိုးသမီး တစ်ယောက် က ကိုယ်ဝန်ဆောင် အမျိုးသမီးကို နေရာ ပေးလိုက်တယ်။ အလွန်ပီတိ ဖြစ်စရာ ကောင်းတဲ့ မြင်ကွင်းကို ကိုယ်တိုင် ကြုံတွေ့ လိုက်ရ တာပါပဲ။ လူအချင်းချင်း စာနာခြင်း၊ ကူညီခြင်း ဆိုတာတွေ ကိုယ်စီ ရင်ဝယ်ပိုက် ထားကြတဲ့ သူတွေကို တွေ့ကြုံရခြင်း အတွက် ဝမ်းမြောက် ဝမ်းသာ ဖြစ်မိတာတော့ အမှန်ပါ။

ခရီးသွားပီပီ ကင်မရာ တစ်လုံး လယ်မှာဆွဲပြီး လူတွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ အပြုအမူ တွေကို ရသင့် သလောက် လေ့လာမှတ်သား မိလိုက်တယ်။ နိုင်ငံက ပြောပ လောက်အောင် မကြီးပေမယ့် တိုးတက်မှုက နိုင်ငံကြီးတွေ ယှဉ်မယ်ဆို ယှဉ်လို့ ရတဲ့ အနေအထားပါ။ ဒီလို ကောင်းတဲ့ အပြုအမူ လေးတွေ ရထားပေါ်မှာပဲ ဖြစ်ဖြစ်၊ ကားပေါ်မှာပဲ ဖြစ်ဖြစ်၊ လမ်းပေါ်မှာပဲ ဖြစ်ဖြစ် ကျွန်တော်က အစ လူတိုင်းကို ကျင့်သုံး စေချင်လိုက်တာ။

ကျွန်တော်တို့တွေ ကြိုးစားနေတဲ့ ပြောင်းလဲခြင်းကို ခဏထားအုံး။ လူတစ်ဦးချင်း စီမှာ ဒီလို အပြု သဘောဆောင် တဲ့ စာနာခြင်း၊ ကူညီခြင်း စသည်တို့ကို အရင်ပြုပြင် ပြောင်းလဲ လိုက်မယ်ဆိုရင် နိုင်ငံတော်ကြီး ဟာ တစ်ဟုန်းထိုး တိုးတက် သွားနိုင်မှာပါ။ Everyone thinks of changing the world, but no one thinks of changing himself ( Leo Tolstoy ) “လူတိုင်းဟာ လောကကြီးကို ပြုပြင် ပြောင်းလဲဖို့ပဲ စဉ်းစား နေကြတယ်။ 

ဒါပေမဲ့ မိမိကိုယ်ကို ပြုပြင် ပြောင်းလဲဖို့ ကြတော့ မစဉ်းစားကြဘူး။ ဖတ်ဖူးတဲ့ စာတစ်ကြောင်းပါ။ ဒီစာလေးကို နှစ်သက် သဘောကျလို့ မှတ်စုထဲ မှတ်သား ထားတာပါ။ မိမိကိုယ်ကို ပြုပြင် ပြောင်းလဲမှု မလုပ်နိုင် သေးသမျှ ကျွန်တော်တို့ တစ်တွေရော၊ ကျွန်တော် တို့နိုင်ငံပါ ဒီအတိုင်းပဲ ဖြစ်နေအုံးမှာပါ။ တာရာ ဘယ်လောက် ကောင်းကောင်း အထဲက ကျွတ်မကောင်းရင် ရေရှည်ခရီး တစ်ခုကို ဆက်မရ နိုင်ပါဘူး။ ထိုနည်း တူစွာပါပဲ ပြင်ပ သဏ္ဌာန် အပေါ်ယံ (တာရာ) ဘယ်လောက် ကောင်းကောင်း အတွင်းပိုင်း (ကျွတ်) တည်းဟူသော စိတ်ထား မကောင်းရင် ခဏခဏ ဖာထေး နေရအုံးမှာ ဖြစ်ပါတယ်။ ကျွတ်တည်း ဟူသော အတွင်းပိုင်း စိတ်နေ သဘောထား မကောင်းရင် ပြင်ပ သဏ္ဌာန် ဘယ်လောက်ပဲ အလှပြင် ထားပါစေ နံစော်နေတဲ့ အမှိုက်ပုံကြီး ကို ဖျာနဲ့ဖုံးပြီး ရေမွှေး ဖျန်းပေးထား သလို ဖြစ်နေအုံးမှာပါ။ တကယ်တော့ ဘယ်ဟာမှ မပြောင်းလဲ ချင်နေအုံး။ ဟောင်းနေတဲ့ စိတ်ဆိုး စိတ်ယုတ် တွေကို အသစ် ဖြစ်သော မေတ္တာတရား၊ စာနာခြင်း၊ ကူညီခြင်း တွေ အစားထိုး လဲလှယ်ပြီး ပြုပြင် ပြောင်းလဲ လိုက်မယ်ဆိုရင် ဆိုဖွယ်ရာ မရှိ အတိအလင်း တိုးတက် လာမည်ဟု ယုံကြည်မိ ပါတယ်။ 

ပြုပြင် ပြောင်းလဲခြင်း ဆိုတာ လမ်းမပေါ် ထွက်ပြီး အော်ဟစ်ရတာ မဟုတ်သလို အမိန့်ပေးပြီး တောင်းယူရ တာလဲ မဟုတ်ပါဘူး။ တကယ် လိုအပ်တာက မိမိကိုယ်ကို အရင် ပြုပြင် ပြောင်းလဲနိုင်ဖို့ ပဲလိုတာပါ။ အဲဒီနောက်မှ မိမိအိမ်၊ မိမိ ပတ်ဝန်းကျင်၊ မိမိနိုင်ငံ အထိ အဆင့်ဆင့် တက်လှမ်းကာ ပြောင်းလဲ နိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ တစ်ယောက်ချင်း စီက မိမိကိုယ်တိုင် ပြုပြင် ပြောင်းလဲ လိုက်မယ်။ တစ်ယောက်ချင်း စီရဲ့စိတ်ဓာတ် အဆင့်တွေ ပြောင်းလဲ တိုးတက် လာမယ်ဆိုရင် ကျန်တဲ့ ပတ်ဝန်းကျင် နဲ့ နိုင်ငံအထိ ပြောင်းလဲ တိုးတက်မှု မရှိမှာ ကတော့ ဘယ်သူမှ တွေးပူစရာ မလိုဘဲ မနှေးအမြန် တိုးတက် လာမှာ အသေအချာပဲ ဖြစ်ပါတယ်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger