www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Sunday, September 7, 2014

နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ ( ၂၀၁၄ )


နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ ( ၂၀၁၄ )

၂၀၁၄ ခုနှစ် ၊ စက်တင်ဘာလ ၈ ရက်သည် နိုင်ငံတကာ စာတတ်မြောက် ရေးနေ့ ( International Literacy Day ) ဖြစ်သည်။ တစ်နည်း အားဖြင့် ကမ္ဘာတစ်ဝန်း ရှိ နိုင်ငံများ အတွက် ထူးခြား မွန်မြတ်လှသော ပညာရေးနေ့ ၊ နေ့ထူး နေ့မြတ် တစ်ရက်လည်း ဖြစ်သည်။ အဆိုပါ နေ့ထူး နေ့မြတ်အား United Nations Educational, Scientific and Cultural Organization ( UNESCO ) အဖွဲ့ချုပ် က စက်တင်ဘာလ ၈ ရက်တွင် နိုင်ငံတကာ စာတတ်မြောက် ရေးနေ့ အဖြစ် ၁၉၆၅ ခုနှစ် ၊ နိုဝင်ဘာလ ၁၇ ရက်တွင် သတ်မှတ် ပြဋ္ဌာန်း ခဲ့သည်။ ယင်းနောက် ၁၉၆၆ ခုနှစ် ၊ စက်တင်ဘာလ ၈ ရက်တွင် ပထမအကြိမ် နိုင်ငံတကာ စာတတ်မြောက် ရေးနေ့ အခမ်းအနား ကို ကမ္ဘာတစ်ဝန်း ၌ ကျင်းပလာခဲ့ရာ ၂၀၁၄ ခုနှစ် ၊ စက်တင်ဘာလ ၈ ရက်သည် (၄၉) ကြိမ်မြောက် သို့ ရောက်ရှိ လာခဲ့သည်။

မြန်မာနိုင်ငံ သည်လည်း လွတ်လပ်ရေး ရပြီး နောက်ပိုင်း ၁၉၄၈ ခုနှစ် ၊ လူထု ပညာရေး အက်ဥပဒေ ကို ပြဋ္ဌာန်းပြီး ၁၉၄၉ ခုနှစ်တွင် လူထု ပညာရေး သင်တန်းများ ၊ အသုံးလုံးကျေ သင်တန်းများ ဖွင့်လှစ် ပို့ချခဲ့မှုကြောင့် ၁၉၆၃ ခုနှစ်တွင် မြန်မာ တစ်နိုင်ငံလုံး စာတတ်မြောက်သူ ၅၇ ရာခိုင်နှုန်းသို့ တိုးတက် လာခဲ့သည်။ ယင်းနောက် ၁၉၆၄ ခုနှစ် ၊ မိတ္ထီလာ ခရိုင် ' အ ' သုံးလုံးကျေ စာတတ်မြောက်ရေး လှုပ်ရှားမှုမှ အစပြု၍ နှစ်စဉ် စာတတ်မြောက်ရေး လှုပ်ရှားမှု များကို အရှိန်အဟုန်မြှင့် ဆောင်ရွက် ခဲ့မှုကြောင့် ယူနက်စကို အဖွဲ့ကြီးက မြန်မာနိုင်ငံ အား စာတတ်မြောက်ရေး လှုပ်ရှားမှု ၌ တက်ကြွစွာ ဆောင်ရွက် ခဲ့သည့် အတွက် ၁၉၇၁ ခုနှစ်တွင် " မိုဟာရက်ရီဇာ ကပါလာဗီ  " ဆုနှင့် ၁၉၈၃ ခုနှစ်တွင် " နိုမာ " ဆုများ အသီးသီးကို ပေးအပ် ချီးမြှင့် ခဲ့သည်။

မြန်မာနိုင်ငံ အနေဖြင့် နိုင်ငံသားတိုင်း စာတတ်မြောက်ရေး လုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ် ပညာရေး ၀န်ကြီးဌာန ၊ ပြန်ကြားရေး ၀န်ကြီးဌာန ၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန တို့နှင့် ပူးပေါင်း ဆောင်ရွက် နိုင်ခဲ့မှုကြောင့် စာတတ်မြောက်ပြီး သူတိုင်း တိုင်းရင်းသား ပြည်သူများ၏ အရေအတွက် ရာခိုင်နှုန်း သည် နှစ်စဉ် တိုးတက် မြင့်မား လာလျက် ရှိသည်။

ထို့ကြောင့် အစဉ်အလာ ကောင်းပြီး အရှိန်အဟုန် မြင့်မားစွာဖြင့် အောင်မြင်မှု ရရှိနေသည့် မြန်မာနိုင်ငံ ၏ စာတတ်မြောက်ရေး လှုပ်ရှားမှုအား ကျွန်ုပ်တို့ အပါအ၀င် နိုင်ငံ အတွင်းရှိ ပြည်သူများက ပူးပေါင်း ပါဝင် ထမ်းဆောင် ရမည် ဖြစ်သည်။ တစ်နည်းအားဖြင့် " လူသား စွမ်းရည် မြင့်မားဖို့ စာတတ်မြောက်ရေး အားပေးစို့ " ဟူသည့် ၂၀၁၄ ခုနှစ် ၏ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ ဆောင်ပုဒ် နှင့်အညီ စာတတ်မြောက် ရေးလုပ်ငန်း များကို အမျိုးသားရေး တာဝန်တစ်ရပ် အဖြစ် ပြည်သူလူထု တစ်ရပ်လုံး ပူးပေါင်း ပါဝင်မှုဖြင့် ၀ိုင်းဝန်း ကြိုးပမ်း ကြပါစို့ ဟု တိုက်တွန်း ရေးသား တင်ပြ လိုက်ရပေသည်။

စာတည်း
မြ၀တီရသစုံမဂ္ဂဇင်း


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger