www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, September 8, 2014

မင်းကွန်းတောင်ရိုး ရှိ မင်းသမီချောင် တွင် သမိုင်းဝင် အဆောက်အအုံအချို့ ပျက်စီးနေ


စစ်ကိုင်း ၊ ၈-၉-၂၀၁၄

စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့နယ် မင်းကွန်း တောင်ရိုးရှိ မင်းသမီးချောင် သည် ကုန်းဘောင် မင်းဆက် (၁ဝ) ဆက်မြောက်မင်း တုန်းမင်းကြီး၏ သမီးတော် မတ္တရာ နှင့် မြောင်လှမြို့ကို စားရသော စုဖုရားကြီး တရား ဘာဝနာ စီးဖြန်း ခဲ့သော နေရာတစ်ခု ဖြစ်ကြောင်း သိရသည်။

စုဖုရားကြီး သည် သီပေါမင်း ၏ မိဖုရားကြီး တစ်ပါး ဖြစ်ခဲ့ပြီး ပါတော်မူ စဉ်က အိန္ဒိယနိုင်ငံ သို့ပါသွား ခဲ့ခြင်း မရှိဘဲ ထားဝယ်မြို့ သို့ ပို့ဆောင်ခြင်း ခံခဲ့ရကြောင်း သိရသည်။

အသက်အရွယ် ရလာသော အချိန်တွင် ဇာတိဖြစ်သောမန္တလေး ရတနာပုံ နေပြည်တော် မှ အနောက်မြောက် ယွန်းယွန်း ရှိ မင်းကွန်းဒေသ သို့ ပြန်လာ ခဲ့သည်။

ထို့နောက် မင်းသမီးကြီး သည် ဦးပုကြီး တောရ ဆရာတော် မုနိန္ဒာဘိဂေါသ ၏ ဆုံးမသြဝါဒ ကိုခံယူကာ သီလရှင် မယ်နတ်ပေး၊ မယ်ကင်း တို့ ၏ သင်ကြား ပြသမှုဖြင့် သာသနာ့ နွယ်ဝင် သီလရှင် အဖြစ် ခံယူခဲ့ပြီး သီလရှင်ဘွဲ့ အမည်မှာ သုသီရိသင်္ခဝတီ ဖြစ်ကြောင်း၊ သီလရှင် ဘဝဖြင့် ထို မင်းသမီးချောင် တွင် ရာသက်ပန် သီတင်းသုံး ခဲ့ကြောင်း သိရသည်။

မင်းသမီးကြီး သည် စိတ်ထိန်း ကမ္မဋ္ဌာန်းကျမ်း နှင့် ဝိပဿနာ ဘာဝနာ ကမ္မဋ္ဌာန်းကျမ်း များ ပြုစု ခဲ့ကြောင်း၊ ထိုကျမ်းများကို အင်းဝ စာအုပ်တိုက် မှ ဖြန့်ချိ ထုတ်ဝေ ခဲ့ကြောင်း သိရသည်။ မြန်မာ သက္ကရာဇ် ၁၂၆၉ ခုနှစ် ဝန်းကျင်က မင်းသမီး ကြီး ဆောက်လုပ် လှူဒါန်း ထားသော သိမ်ကျောက်စာရုံ တစ်ခု စိမ့်စမ်းထွက် ရေတွင်း သုံးခု အနက် တစ်ခု (ယခုတိုင် အသုံးပြု နေဆဲ) မိုးရေခံ အုတ်ရေကန်ကြီး တစ်ကန် (ကုန်းဘောင်ခေတ် လက်ရာ) မင်းသမီးကြီး တရား ထိုင်သော လိုဏ်ဂူကြီး တစ်ခုနှင့် အရိုးအိုး အထိမ်းအမှတ် ဂူဗိမာန် စသည့် သူမ၏ ဘဝ ပုံရိပ်များစွာ ကျန်ရှိ နေသေးကြောင်း တွေ့မြင် ခဲ့ရသည်။ သာသနိက အဆောက်အအုံ အချို့မှာနှစ်ပေါင်း ၁ဝဝ ကျော်ပြီ ဖြစ်၍ ပျက်စီး ယိုယွင်းနေပြီ ဖြစ်သောကြောင့် သူတော်စင်များ သီတင်းသုံးရန် အတွက် ပြန်လည် ပြုပြင်ရန် လိုအပ်လျက် ရှိကြောင်း သိရှိရသည်။

ရွှေရည်ဦး (မြစ်သား)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger