www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 5, 2014

နိုင်ငံတော်သစ် လျင်မြန်စွာ ဖြစ်ပေါ်လာရေး


နိုင်ငံတော်သစ် လျင်မြန်စွာ ဖြစ်ပေါ်လာရေး

( အယ်ဒီတာ့အာဘော် )

နိုင်ငံ တစ်နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်ရေး တွင် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး သည် အဓိက အရေးပါသော အခန်းကဏ္ဍ ဖြစ်သည်။ လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှုမှာ လျှပ်စစ် ဓာတ်အား ပြည့်ဝစွာ သုံးစွဲ နိုင်ခြင်းသည် အဓိက အချက်တစ်ချက် ဖြစ်သည်။

မြန်မာနိုင်ငံ၏ လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှုသည် ၁၉၈၈ ခုနှစ်တွင် ၃၆၃ ဒသမ ၆၇၈ မဂ္ဂါဝပ်၊ ၂ဝဝ၅ ခုနှစ်တွင် ၉၉၆ ဒသမ ၇၆၁ မဂ္ဂါဝပ် နှင့် ၂ဝ၁၃ ခုနှစ်တွင် ၁၈၅ဝ မဂ္ဂါဝပ် အထိ တိုးတက် ထုတ်လုပ် လာသော်လည်း သုံးစွဲသူ တိုးတက် လာခြင်း၊ စက်မှု လုပ်ငန်းများ တိုးတက် လာခြင်း တို့ကြောင့် လုံလောက်မှု မရှိသည့် အပြင် နွေရာသီတွင် ထုတ်လုပ်မှု လျော့နည်း သဖြင့် အလှည့်ကျ ဓာတ်အား ဖြတ်တောက် မှုများ ဆောင်ရွက်လျက် ရှိနေသည်။

World Bank, ADB နှင့် JICA တို့မှ ကျွမ်းကျင်သူ များ၏ အပြည်ပြည် ဆိုင်ရာ လျှပ်စစ် အတွေ့အကြုံ အရ နိုင်ငံတော် က စိုက်ထုတ် ကုန်ကျသော ဓာတ်အား ဖြန့်ဖြူး ရောင်းချသော စနစ်နှင့် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်၍ မရကြောင်း၊ ဖိလစ်ပိုင် နိုင်ငံသည် လွန်ခဲ့သော ခြောက်နှစ် ကျော်က မြန်မာနိုင်ငံ ကဲ့သို့ အစိုးရက စိုက်ထုတ် ဓာတ်အား ဖြန့်ဖြူးခဲ့ရာ မြန်မာနိုင်ငံ ထက် ဓာတ်အား ပြတ်တောက်မှု များပြားကြောင်း၊ ယခုအခါ ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးမှုကို ပုဂ္ဂလိက ဆန်ဆန် ဆောင်ရွက်ရာ ဓာတ်အား အရည်အသွေး ပြည့်ဝစွာ ပေးနိုင်ပြီး ဓာတ်အား ပြတ်တောက်မှု နည်းပါး သွားကြောင်း၊ ဖိလစ်ပိုင် နိုင်ငံတွင် ထုတ်လုပ်မှု ကုန်ကျစရိတ် နှင့် မတည် ရင်းနှီးငွေများ အတွက် ဓာတ်အားခ တစ်ယူနစ် လျှင် မြန်မာငွေ ၂၅၇ ကျပ်ခန့် ကောက်ခံကြောင်း သိရသည်။

မြန်မာနိုင်ငံ ကဲ့သို့ တစ်ယူနစ် ကုန်ကျစရိတ် ထုတ်လုပ်မှု အောက် လျော့နည်းသည့် နှုန်းထားဖြင့် ကောက်ခံပြီး နိုင်ငံတော်က စိုက်ထုတ် ဓာတ်အား ဖြန့်ဖြူးသော နိုင်ငံများသည် လျှပ်စစ် ဓာတ်အား ဖွံ့ဖြိုးမှု နည်းပါး၍ ပြည်သူများဓာတ်အား ရရှိမှု နည်းပါးကြောင်း၊ လက်ရှိ ဓာတ်အား ပေးနေသူ များကို အရှုံးခံ ရောင်းချ ပေးခြင်းသည် ကျန် ပြည်သူများ အတွက် ဓာတ်အား တိုးချဲ့ ပေးနိုင်ရေး ကို နှောင့်နှေး စေလျက် ရှိကြောင်း၊ ပညာရှင် များ၏ သုံးသပ်ချက် အရ သိရသည်။ လက်ရှိ အခြေအနေ တွင် မြန်မာနိုင်ငံ ၌ ၃ဝ ရာခိုင်နှုန်းသာ ဓာတ်အား ရရှိပြီး ၇ဝ ရာခိုင်နှုန်း ဓာတ်အား ရရှိရန် ငွေကြေး အရင်းအနှီး များစွာဖြင့် ဆောင်ရွက်ရန် လိုအပ်လျက် ရှိသည်။

သို့ဖြစ်ရာ နိုင်ငံတော် ဖွံ့ဖြိုး တိုးတက်ရေး အတွက် အခြား နိုင်ငံများ နည်းတူ ဓာတ်အား ရရှိရေး၊ ဓာတ်အား ပြတ်တောက်မှု လျော့နည်း စေရေး၊ ဓာတ်အား မရရှိ သေးသော ပြည်သူများ ဓာတ်အား ရရှိရေးကို နိုင်ငံတော် က နိုင်ငံတကာ နည်းတူ ဖြစ်စေရန် ကြိုးပမ်း ဖော်ဆောင် နေချိန်တွင် ပြည်သူများ ကလည်း လျှပ်စစ် ဓာတ်အား သုံးစွဲရာတွင် စနစ်တကျ သုံးစွဲရန်၊ အလေအလွင့် မရှိစေရန် နှင့် မိမိတို့ တတ်စွမ်း နိုင်သမျှ ထည့်ဝင် အားဖြည့် ကူညီ ပေးခြင်းဖြင့် ပြည်သူများ မျှော်မှန်းသည့် အေးချမ်း တည်ငြိမ်၍ ခေတ်မီ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်သစ် လျင်မြန်စွာ ဖြစ်ပေါ် လာမည် ဖြစ်ပါကြောင်း အကြံပြု ရေးသား လိုက်ရပေသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger