www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 8, 2014

လူအုပ်စုတစ်စု က လူနှစ်ဦးအား ဖမ်းဆီး ခေါ်ဆောင်သွားပြီး ရိုက်နှက် ညှဉ်းပန်း နှိပ်စက် ၊ တားဆီး ကာကွယ်သော လုံခြုံရေး တပ်ဖွဲ့ဝင် များအား ရန်ပြုသဖြင့် ပြန်လည် ခုခံပစ်ခတ်ရာမှ တစ်ဦးသေဆုံး


နေပြည်တော် ၊ ၈-၈-၂၀၁၄

ရခိုင်ပြည်နယ် စစ်တွေမြို့ ၌ သြဂုတ် ၆ ရက်က လူအုပ်စု တစ်စုက လူနှစ်ဦးအား ဖမ်းဆီး ခေါ်ဆောင် သွားပြီး ရိုက်နှက် ညှဉ်းပန်း နှိပ်စက် ခဲ့သည့်အပြင် သွားရောက်တားဆီး ကယ်ဆယ်သော လုံခြုံရေး တပ်ဖွဲ့ဝင် များအား ရန်ပြုသဖြင့် ပြန်လည်ခုခံ ပစ်ခတ်ရာမှ လူတစ်ဦး သေဆုံး သွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

စစ်တွေမြို့နယ် ရှိ အမှတ်(၃၆) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ သို့ သြဂုတ် ၆ ရက် ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် လူနှစ်ဦး ရောက်ရှိလာပြီး ည ၇ နာရီခန့်က ဆွေတာဟာမက် (ခ) မောင်စိန် ၏ သားများ ဖြစ်သော အလူလာလုံ ၂၁ နှစ် နှင့် လာဘာဟူစွန်း ၁၃ နှစ် တို့အား မှန်စီ ကယ်ဆယ်ရေး စခန်းရှိ ကွမ်းယာဆိုင်သို့ ကွမ်းယာ သွားဝယ်စဉ် ကယ်ဆယ်ရေး စခန်းရှိ လူအုပ်စု တစ်စုက ပစ္စည်း ခိုးဝှက်တတ်သူ များဖြစ်ကြောင်း ပြောဆိုကာ ဖမ်းဆီး၍ ကြိုးနှင့် တုပ်ပြီး ရိုက်နှက် ညှဉ်းပန်း နေကြောင်း လာရောက် တိုင်တန်း ခဲ့သည်။


သို့ဖြစ်၍ ယင်း လူအုပ်စုသည် ရဲအရေးပိုင်သည့် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၄၂ မတရား ချုပ်နှောင်မှုကို ကျူးလွန် နေကြောင်း သိရှိရ သဖြင့် လုံခြုံရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက မတရား ချုပ်နှောင် ခံထားရသူ များအား ကယ်ဆယ်ရန် သွားရောက် ခဲ့ကြောင်း၊ ယင်းနေရာသို့ ရောက်ရှိစဉ် မှန်စီ ကယ်ဆယ်ရေး စခန်းရှိ လူ ၇ဝ ခန့်က တုတ်၊ ဓား၊ လေးခွများ ကိုင်ဆောင်လျက် ဆူပူအော်ဟစ် နေသည့်အတွက် လူစု ခွဲရန် သတိပေးပြီး လူစုခွဲ စေခဲ့ကြောင်း သိရသည်။

လူစုခွဲရန် သတိပေးသည့် အမိန့်ကို မနာခံဘဲ လူအုပ်စုက ကြိုးတုပ် ဖမ်းဆီး ထားသူနှစ်ဦး အား လယ်ကွင်း ပြင်ဘက်သို့ ဆွဲခေါ် သွားခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ယင်းလုပ်ရပ်မှာ လူသတ်မှု ကျူးလွန်ရန် အားထုတ် နေခြင်း ဖြစ်သည့်အတွက် ထိုသူနှစ်ဦး၏ အသက် အန္တရာယ်ကို ကာကွယ် နိုင်ရန် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁ဝဝ ကာကွယ် ခုခံပိုင်ခွင့် အရ သေနတ်ဖြင့် ငါးချက် သတိပေး ပစ်ခတ် ခဲ့ကြောင်း၊ သို့ရာတွင် လူအုပ်စုက ကြိုးတုပ် ဖမ်းဆီးထားသူ နှစ်ဦးအား လယ်ကွင်း ဘက်သို့ ဆက်လက် ဆွဲခေါ် သွားသဖြင့် လုံခြုံရေး တပ်ဖွဲ့က အဓိကရုဏ်း နှိမ်နင်းရေး ၁၂ ဗို့သေနတ်ဖြင့် တစ်ချက် ထပ်မံ ပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် လူအုပ်စုသည် နောက်ဆုတ် မသွားဘဲ ရှေ့တိုး လာကာ တပ်ဖွဲ့ဝင် များအား အော်ဟစ် ဆဲဆိုပြီး ခဲများဖြင့် ပစ်ပေါက် ရန်ပြု လာသောကြောင့် အဓိကရုဏ်း နှိမ်နင်းရေး သေနတ်ဖြင့် လေးချက် ထပ်မံ ပစ်ခတ် တားဆီး ခဲ့သည့်အတွက် လူအုပ်စုမှာ အနည်းငယ် ရှင်းလင်း သွားသောကြောင့် ဖမ်းဆီးခံ ထားရသူ နှစ်ဦးအား ဆွဲထုတ် ကယ်ဆယ် နိုင်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဓားကိုင် ထားသည့် ရှောင်ရှုအာလောင် ၃ဝ နှစ်၊ အဒူကဖူ ၅၂ နှစ် ၊ အဇူမာလစ် ၄၇ နှစ် တို့အား ဓားလွှတ်ချရန် ပြောဆိုပြီး ထိန်းသိမ်းရန် ကြိုးစားစဉ် ရှောင်ရှုအာလောင် က လုံခြုံရေး တပ်ဖွဲ့ဝင် များအား ဓားမ ဖြင့် အတင်း ဝင်ရောက် ခုတ်ခဲ့သဖြင့် တပ်ဖွဲ့ဝင် တစ်ဦးက ခုခံ ကာကွယ်သည့် အနေဖြင့် သေနတ်ဖြင့် တစ်ချက် ပစ်ခတ်ခုခံရာ ၄င်းမှာ သေနတ် ထိမှန်ပြီး နေရာတွင်ပင် သေဆုံးသွား ခဲ့ကြောင်း သိရသည်။

ကျန် ဓားကိုင် ထားသည့် အဒူကဖူ နှင့် အဇူမာလစ် တို့ အပါအဝင် ပြစ်မှု ကျူးလွန်သူများ အား ဥပဒေနှင့် အညီ အမှုဖွင့် အရေးယူရန် စစ်တွေ မြို့မရဲစခန်း က ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များ အနေဖြင့် ဆူပူ အကြမ်းဖက်မှု များနှင့် ပတ်သက်၍ တရားဥပဒေ လုပ်ထုံး လုပ်နည်းများ နှင့်အညီ ထိန်းသိမ်း နိုင်ရေး ဆက်လက် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန မှ သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger