www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 11, 2014

ရွှေမိုးကိုမျှော်


ရွှေမိုးကိုမျှော်

မဒါလေး

သင်တန်းသား တစ်ဦး ကျွန်မ၏ ကွန်ပျူတာ သင်တန်း ရှိရာသို့ ရောက်လာ သည်။ သင်တန်းသား ဆိုသည်ထက် သင်တန်းသား ဟောင်းဟု ပြောပါက ပိုမှန်မည်။ အညာသား ဖြစ်သည့် အလျောက် အသား အနည်းငယ် ညိုသည့် ကောင်လေး သည် ယခု တွေ့လိုက် ရသည်မှာ အရင်ကထက် ပိုပိန် နေသဖြင့် မည်းပိန်ပိန် လေးဟု ပြောရမလို ဖြစ်နေသည်။

တက်ကြွမှု အနည်းငယ် ကင်းနေသော ထို ကောင်လေး အတွက် စိတ် အနည်းငယ် ပူမိ သွားသည်။ ကျွန်မဆီ လာသည် ဆိုကတည်းက အကြောင်း တစ်ခုခုတော့ ရှိရမည်။ နံနက် အစော ရောက်လာသည့် အတွက် ထူးဆန်း သွားသည်။ မနေ့ညကမှ သူ မန္တလေးသို့ လာမည့် အကြောင်းကို အင်တာနက် နှင့် ချိတ်ဆက် အသုံးပြု ရသည့် ဖုန်းဆော့ဝဲ တစ်ခုမှ ပြောနေခြင်း ဖြစ်ရာ ရွာမှာ ဖုန်းလိုင်းတွေ ကောင်းနေပြီ ဆို၍ ဝမ်းသာ မိသည်မှာ အမှန်ပင် ဖြစ်သည်။ ယနေ့ နံနက် အစော ရောက်လာတော့ ပိုလို့ အံ့သြ မိသည်။

နောက်မှ မနေ့ ကတည်းက မန္တလေး ရောက်နေသည့် အကြောင်း နံနက်မှ ဆရာမဆီ လာဖြစ်ကြောင်း ပြောပြသည်။ ရွာဖုန်းလိုင်းမှာ ရွာထိပ်မှ တောင်ကုန်း မို့မို့လေး ဆီမှ ဆက်လျှင် တစ်ခါတစ်ရံ လိုင်းကောင်း တတ်ကြောင်း ၊ များသော အားဖြင့် ဆက်မရ သည်က များကြောင်း ယခုမှ သိရသည်။ မန္တလေးကို အလုပ် လာလုပ်တာ လားဆိုတော့ စိတ်ညစ်လို့ ထွက်လာတာ ဖြစ်ကြောင်း ပြောပြသည်။ စိတ်ညစ် ရသည့် အကြောင်းရင်းကို မေးကြည့် တော့လည်း ကျွန်မ ဘယ်လိုမှ ဖြေရှင်းပေးလို့ မရသည့် အကြောင်း ဖြစ်နေသည်။

အကြောင်းက ရွာမှာ မိုးမရွာ သဖြင့် စိုက်ထားသော နှမ်းခင်းများ သေတော့မည် ဖြစ်ကြောင်း သိရသည်။ ထို နှမ်းခင်းများ ဆက်လက် ရှင်သန်ဖို့ အတွက် မိုးနှစ်ပြိုက် သုံးပြိုက် လောက် ကောင်းကောင်း ကျမှ အဆင်ပြေမည် ဖြစ်သည်။ ယခုတော့ ထွန်လည်း မရ၊ စိုက်ပြီး သားလည်း မရှင်နိုင်၊ ရေမြောင်း များမှ ရေမလာ သဖြင့် တောင်သူများ အခက်တွေ့ နေရ ကြသည်။ ထွန်တော့လည်း မြေတွေ မာလွန်းသဖြင့် ထွန်သွား ကျိုးမှာပင် စိုးရိမ် နေရသည်။ ရေမြောင်းမှ ရေမလာ တော့လည်း ကိုယ့်ဘာသာ ရေတွင်း တူးပြီး ရေပေးလို့ မရဘူးလား စဉ်းစားမိသည်။ ရေတွင်းမှ ရေကို ပိုက်များဖြင့် သွယ်ကာ စိုက်ခင်း များကို ရေလွှတ်သော စနစ်တစ်ခုကို မြင်ဖူးသည်။ လူလည်း သက်သာ သကဲ့သို့ ရေဒလက်များ တပ်ထားသဖြင့် အခင်း တစ်ခုလုံး ရေဖျန်း ပြီးသား ဖြစ်သွားသည်။

ထိုစနစ်ကို သုံးလို့ မရဘူးလား လို့ မေးတော့ ''ရရင် သုံးချင် တာပေါ့ ဆရာမရယ်။ ကျွန်တော်တို့ ဆီမှာက ရေတွင်းတူး ရတာလဲ ခက်တယ်။ ရတယ် ဆိုရင်တောင် နှမ်းခင်း အောက်က ပေါင်းတွေက ရှိသေးတော့ ရေကို အကုန် ဖျန်းလို့ မရဘူး။ ခရမ်းချဉ်ခင်း အတွက် ဆိုရင်တော့ ပိုက်နဲ့ ရေလွှတ်တာ အဆင်ပြေ တယ် ... '' ဆိုပြီး ရှင်းပြသည်။

ကျွန်မမှာတော့ နှမ်းဆီ မွှေးကြောင်း၊ စားကောင်း ကြောင်း၊ ကျန်းမာရေး အတွက် အထောက်အကူ ပြုကြောင်းသာ သိသည်။ နှမ်းတစ်လုံး ဖြစ်ဖို့ သည်လောက် ခက်ခဲမှန်း မသိခဲ့ပါ။ ခရမ်းချဉ်သီး စားကောင်း တာသာ သိသည်။ ဘယ်လို စိုက်ပြီး ဘယ်လို ပင်ပန်း ရသည်ကို မသိခဲ့။ ဒါတောင် ဈေးကြီးသည်၊ အလုံး သေးသည်၊ မချဉ်ဘူး စသည်ဖြင့် ကြေးများ တတ်သေး သည်။

ယခုတော့ နှမ်းခင်း အတွက် မိုးမရွာလို့ စိတ်ညစ်သည့် တပည့်လေးကို ဘယ်လို နှစ်သိမ့် ရမည်နည်း။ ''မိုးရွာရန် လွန်မဆွဲ ကြဘူးလား၊ ငါးရံ့မင်း ပရိတ် မရွတ်ကြ ဘူးလား ... '' ဟု မေးမိသည်။ ''ရွာဓလေ့ အရတော့ လုပ်ကြ တာပဲ ဆရာမရယ်။ မိုးက မရွာတော့ ကျွန်တော်တို့လဲ မျှော်ရင်းပဲ မောနေရ ပါတော့တယ်။ ဘယ်နေ့ ရွာမလဲ၊ လေကြမ်း တိုက်ရင်လဲ မိုးရွာမယ့် တိမ်တွေ ဘယ်ဘက် လွင့်သွားမလဲ ရင်မော ရပါတယ်။ ဘ ယ်တတ်နိုင် ပါ့မလဲ ... '' ဟု ဆိုပြီး ရင်ဖွင့် သွားသည်။

သူပြောပြမှ တောင်သူ များ၏ တကယ့် လက်တွေ့ ဘဝက မလွယ်မှန်း သိရတော့ ရင်မော မိသည်။ မိုးရွာပါစေ လို့သာ ဆုတောင်း ပေးမိသည်။ ''မိုးရွာမှ ရွာပြန် တော့မယ် ဆရာမ၊ ကျွန်တော် မန္တလေးမှာ ရှိတုန်း ဆရာမဆီ လာပါဦးမယ် ... '' ဟုပြောကာ နှုတ်ဆက်လျက် ပြန်သွားသည်။ အဲသည့် နောက်မှာတော့ ကျွန်မလည်း မိုးရွာမည့် ရက်ကို စောင့်ရင်း မေ့မေ့ ပျောက်ပျောက် နေခဲ့သည်။ တစ်ည မိုးသည်း လာသည်။ ခြံတံခါးများ လိုက်ကြည့်ရင်း မနက်ဖြန် တော့ တောင်သူ အကြိုက် ရာသီဥတု ဖြစ်မှာ သေချာသည် ဟု စဉ်းစား မိသည်။ နံနက် လင်းတော့ ထို ကျောင်းသားလေး ထံ ဖုန်းဆက် မေးကြည့် မိသည်။ အသံက ကြည်လင်လျက် အရင် တစ်ခေါက် ဆရာမဆီက ပြန်လာပြီး နောက်ရက်ပဲ ရွာဘက်မှာ မိုးကျလို့ ပြန်သွားသည်ဟု သိရသည်။ ယခု မိုးဆက်တိုက် ကျသဖြင့် နှမ်းပင်တွေ အဆင်ပြေ သည်ဟု ပျော်ရွှင်စွာ ပြန်ဖြေ သည်။ သည်တော့မှ ကျွန်မ ရင်ထဲမှာ တင်နေသည့် အလုံးကြီး ကျသွား တော့သည်။

သူတို့လည်း လုပ်ယူ၍ မရသော အရာ တစ်ခုကို မျှော်လင့် နေရသည့် ပင်ပန်းခြင်း ဒုက္ခမှ ကင်းသွားပြီ။ ယခုတော့ ကိုရွှေမိုး၏ စွမ်းဆောင်မှု အားကောင်း ခြင်းကြောင့် နေရာဒေသ အတော်များများ တွင် ရေကြီး နေကြောင်း၊ တောင်ပြို နေကြောင်း၊ ရေဘေး ဒုက္ခသည်များ အကြောင်း၊ ဒုက္ခသည် ကူညီရေး စခန်းများ အကြောင်း ကြားသိ နေရ ပြန်သည်။ မရွာဘဲ မျှော်လေသမျှ အကဲပိုကာ ရွာချ လိုက်လေ သလားဟုပင် ထင်မိသည်။ ဘာပဲဖြစ်ဖြစ် ကျွန်မတို့သည် ကိုယ်တိုင် လုပ်ယူ၍ မရသော သဘာဝ တရားကြီး ထဲတွင် သဘာဝ တရားက ပေးသလောက် ကျေနပ်ရမည့် လူသားများပင် မဟုတ်ပါလား။ ထို သဘာဝ တရား၏ ရိုက်ခတ်မှု များ အောက်တွင် ကြံ့ကြံ့ခံကာ အောင်ပွဲ ဝင်ရန် ကံ၊ ဉာဏ်၊ ဝီရိယ နှင့် သတိတရား တို့ ပေါင်းစပ်ကာ ဖြေရှင်း သွားကြရန်သာ လိုအပ်သည် မဟုတ် ပါလား။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger