www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 25, 2014

မိုးရာသီ တော်သလင်းလ


မိုးရာသီ တော်သလင်းလ

မြန်မာနိုင်ငံရှိ ရာသီဥတု သုံးမျိုးအနက် မိုးရာသီသည် တစ်မျိုး အပါအဝင် ဖြစ်သည်။ မိုးရာသီသည် ဝါဆို၊ ဝါခေါင်၊ တော်သလင်း နှင့် သီတင်းကျွတ် စသည်ဖြင့် လေးလတာ ကာလ ကြာမြင့်သည်။ မြန်မာနိုင်ငံ၏ မိုးရာသီသည် အလွန် စိတ်ဝင်စားဖွယ် ကောင်းသည်။ မိုးရာသီ၌ မြင်မြင်သမျှ ပတ်ဝန်းကျင်ရှိ သစ်ပင်၊ ပန်းပင်တို့ စိမ်းလန်း စိုပြည် လာသည်။

မိုးရာသီအစ ဝါဆိုလကို ဝါဆိုလပြောင်း မိကျောင်း ဖွေးဖွေး မိုးအေးအေး ဟု ရှေးက စာဖွဲ့ ခဲ့ကြသည်။ ဝါဆိုလတွင် မိကျောင်းပန်း များပွင့်၍ မိုးရွာ သောကြောင့် အေးမြ နေသည်ကို ဆိုလိုသည်။ ဝါခေါင်လကို ဝါခေါင် တစ်ကြောင်း၊ ထနောင်း ကြောင်ခြစ်၊ ဆူးရစ်ပွင့်ကာ မိုးမရွာ၊ ရွာပါသော် လည်း မိုးမသည်း ဟု ဆူးပါသော ထနောင်းပင် များပွင့်ကာ မိုးမရွာဘဲ ရှိသည်။ ရွာပါကလည်း မသည်းဟု စာဖွဲ့ခဲ့ ကြသည်။

တော်သလင်းလကို တော်သလင်း တိမ်ညို၊ စဖိုသည် ဆင်းရဲ၊ မိုးမစဲ ဟု တော်သလင်းလ၌ တိမ်များ ညို့မှိုင်း၍ မိုး အဆက်မပြတ် ရွာသောကြောင့် ဆားလုပ်သားများ အလုပ်ပျက် ရသည်ဟု စာဖွဲ့ ခဲ့ကြသည်။ မိုးဦး ကျချိန်၌ လယ်သမားတို့ စိုက်ရေး၊ ပျိုးရေး လုပ်ကိုင်ကြ ရသည်။ ကျောင်းများ ဖွင့်၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ကြ ရသည်။

မိုးရာသီ၌ တော်သလင်းလ သည် မိုးများသောလ ဖြစ်၍ တော်သလင်းမိုး ကန်သင်းကျိုး ဟု စာဖွဲ့ ခဲ့ကြသည်။ မိုးများ သောကြောင့် ရေဘေးဒုက္ခ များကို ရင်ဆိုင်ကြ ရသည်။ မိုးရာသီတွင် ဝမ်းပျက်၊ ဝမ်းလျှော ရောဂါများ ဖြစ်ပွား တတ်သည်။ စိုက်ရေး၊ ပျိုးရေး အတွက် မိုးရေသည် အသက်ဖြစ်၍ မိုးကိုမျှော်ကာ တောင်သူတို့ လုပ်ငန်းခွင် ဝင်ကြရသည်။ မိုးရွာမှ ပျိုးသာ၍ စပါး စိုက်ပျိုးနိုင် ကြသည်။

ထို မိုးရာသီ ကာလ၌ ပညာ သင်ကြားသူများ ပညာရေးအတွက် လုံ့လစိုက်၍ ကြိုးစားနေချိန်၊ နိုင်ငံ့ဝမ်းစာ အတွက်၊ လူနေမှုဘဝ မြင့်မားရေး အတွက် စပါး စိုက်ပျိုးမည့် တောင်သူများ ကြိုးစား နေချိန်တွင် မိုးရာသီကြောင့် ဖြစ်တတ်သည့် နှာချေ၊ ချောင်းဆိုး၊ အအေးမိ ရောဂါများ၊ သောက်သုံးရေ မသန့်ရှင်း၍ ဖြစ်ပွားသော ဝမ်းပျက် ဝမ်းလျှော ရောဂါများကို ဂရုပြု ကာကွယ် ကြရန်လည်း လိုသည်။

မိုးရာသီသည် ပတ်ဝန်းကျင်ကို စိမ်းလန်း စိုပြည်စေပြီး စိုက်ရေး၊ ပျိုးရေး အတွက် အရေးပါသည့် ရာသီဖြစ်သည်။ ထို့အတူ ကျန်းမာရေး အတွက် အထူး ဂရုစိုက် ရမည့် ရာသီလည်း ဖြစ်သည်။ မိုးနှင့်အတူ လေပါ ပါလာ တတ်၍ သဘာဝ ဘေးအန္တရာယ် အတွက်လည်း ဂရုပြုရမည့် ရာသီ ဖြစ်သည်။

သို့ဖြစ်ရာ တော်သလင်းလ သည် မိုးရာသီ၏ မိုးများသောလ၊ မိုးကြီးသော လဖြစ်၍ သဘာဝ ဘေးအန္တရာယ် နှင့် ကျန်းမာရေး အတွက် ဖြစ်ပွား တတ်သော ရောဂါများ မဖြစ်ပွားစေရန် အနိမ့်ပိုင်းရှိ သူများသည် ရေဝင် ရေဝပ်သော နေရာများမှ ကင်းလွတ်သည့် နေရာများ၌ ပြောင်းရွှေ့ နေထိုင်ခြင်း၊ ရေကို ကြိုချက်၍ သောက်ခြင်း၊ အအေး မခံဘဲ နွေးထွေးစွာ နေထိုင်ခြင်း တို့ကို အချိန်နှင့် တစ်ပြေးညီ ပြုမူ နေထိုင်ကြရန် လိုကြောင်း အသိပေး ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger