www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, August 6, 2014

ခေတ်နှင့်အညီ ပြောင်းလဲရမည့် ပညာရေး


ခေတ်နှင့်အညီ ပြောင်းလဲရမည့် ပညာရေး

ကမ္ဘာကြီးသည် မိမိဝင်ရိုး ပေါ်တွင် ၂၄ နာရီလျှင် တစ်ပတ် လည်၍ နာရီ၊ မိနစ်၊ စက္ကန့် နှင့်အမျှ ပြောင်းလဲ နေသကဲ့သို့ နေကိုလည်း တစ်ရက်လျှင် တစ်ပတ်ကျ လည်နေ သဖြင့် နွေ၊ မိုး၊ ဆောင်း ပြောင်းလဲရာမှ တစ်နှစ်ပြီး တစ်နှစ် အချိန်ကာလ များကို ဖြတ်ကျော် ခဲ့သည်။ ဖြတ်ကျော် ခဲ့ပြီးသော အချိန်ကာလ များကို ဘယ်တော့မှ ပြန်မရောက် သကဲ့သို့ မြစ်ရေစီး အလျဉ် ကလည်း တရစပ် မရပ်သဖြင့် မြစ်ရေကို နှစ်ခါပြန်ချိုး မရဟု ဆိုထားသည်။

လောကတွင် မပြောင်းလဲသော အရာတစ်ခုမှာ ပြောင်းလဲခြင်း ဖြစ်သည်။ အင်္ဂလိပ်လို '' Everything is chainging except changing '' ဟူသော ဒဿန ဆိုရိုးစကား ရှိသည်။ အဟောင်း အဟောင်းတို့ ချုပ်ငြိမ်းသည့် နေရာတွင် အသစ်အသစ်တို့ အစားထိုးမှုမှာ လောက သဘာဝ နိယာမ ဖြစ်သည်။

ခေတ်ဆိုသည်မှာ လူတို့ သတ်မှတ်သည့် နှစ်ကာလ အပိုင်းအခြား တစ်ရပ်ဖြစ်ပြီး ဖော်ပြပါ လောက သဘာဝ နိယာမနှင့် အညီ ပြောင်းလဲနေသည့် ခေတ်ကို မည်သူမျှ မလွန်ဆန် နိုင်ပေ။ ပြောင်းလဲနေသည့် ခေတ်နှင့် လိုက်လျော ညီထွေ လူနေမှုစနစ်၊ မူဝါဒ၊ သင်ရိုး စသည်တို့ကို လူသားတို့က လိုက်၍ ပြောင်းရုံသာ ဖြစ်သည်။

ခေတ်ပြောင်းလျှင် လူနေမှုစနစ် ပြောင်းရသည်။ ပညာရေး တွင်လည်း သင်ရိုးများ ပြောင်းရသည်။ သင်ရိုးညွှန်းတမ်း ဆိုသည်မှာ စာသင်နှစ် တစ်နှစ်အတွင်း သင်ကြားရမည့် ဘာသာရပ်နှင့် ဆိုင်သော ပြဋ္ဌာန်းစာ များကို ဖော်ပြချက် ဖြစ်၏။ မြန်မာ အဘိဓာန် သင်ရိုးမာတိကာ ဆိုသည်မှာ စာသင်နှစ် တစ်နှစ်အတွင်း သင်ကြားရမည့် ဘာသာရပ်နှင့် ဆိုင်သော ပြဋ္ဌာန်း စာများကို အသေးစိတ် ဖော်ပြချက် ဖြစ်၏။

ယနေ့ဆိုလျှင် နိမ့်ကျ ယိုယွင်းနေသော အခြေခံ ပညာရေးနှင့် အဆင့်မြင့် ပညာရေး တို့ကို ပြုပြင် ပြောင်းလဲ နေပြီ ဖြစ်သည်။ ကျောင်းစနေ ရမည့် အသက် အပိုင်းအခြား၊ ပညာသင် ကာလ အတိုင်းအတာ ဒီမိုကရေစီ ကျင့်စဉ်နှင့် ညီသည့် သင်ရိုးညွှန်းတမ်း သင်ရိုး မာတိကာ ဆရာကိုင်၊ တပည့်ကိုင် ပြဋ္ဌာန်းစာအုပ်၊ တပည့်တို့၏ စဉ်းစား တွေးခေါ်ဉာဏ် ထက်သန်စေသည့် သင်ကြားနည်း စနစ်၊ ပညာရေး သဘောတရား အရ ကာယ၊ ဉာဏ၊ စာရိတ္တ (သို့မဟုတ်) စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ တစ်နည်း နှလုံးရည်၊ လက်ရုံးရည်၊ ပညာရည် ဟူသော ပညာရေး နယ်ပယ်ကြီး သုံးရပ် ဟန်ချက်ညီရေး တို့ အကျုံးဝင်သည့် ဘက်စုံ ပညာရေး ဖြစ်သည်။

သင်ရိုး ရည်မှန်းချက် ပေါက်မြောက်အောင် ရုပ်လုံးဖော် ရာ၌ ဆရာသည် ပဓာနကျ၏။ ဆရာသာ အခရာဖြစ်၍ ဆရာကောင်း တပည့် ပန်းကောင်းပန် စေရမည် ဖြစ်သည်။ မိဘဆရာ တို့ထက် လက်ဝါးစောင်း ထက်သော တပည့်များကို ဆရာ၊ ဆရာမတို့က ပြုစု ပျိုးထောင် ပေးကြရမည် ဖြစ်သည်။

သို့ဖြစ်ရာ ဆရာ၊ ဆရာမများ အနေဖြင့် တပည့် ကျောင်းသား၊ ကျောင်းသူများ ကို ခေတ်နှင့်အညီ ပြုပြင် ပြောင်းလဲ လာသော ယနေ့ခေတ် ပညာရေးတွင် နိုင်ငံတကာ နှင့် ရင်ပေါင်တန်း လိုက်နိုင်ရမည် ဖြစ်သကဲ့သို့ နိုင်ငံချစ်စိတ်၊ လူ့ဂုဏ်သိက္ခာ နှင့် ကိုယ့်ကျင့် သီလ ပြည့်စုံသော၊ နိုင်ငံ့တာဝန်ကို ပခုံး ပြောင်းယူ နိုင်သော လူ့စွမ်းအား အရင်းအမြစ်များ ဖြစ်လာအောင် လေ့ကျင့် ပျိုးထောင် ပေးရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger