www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 1, 2014

စာရိတ္တပြည့်စုံမှု


စာရိတ္တပြည့်စုံမှု

နှစ်ဆယ့်တစ် ရာစု မြန်မာနိုင်ငံတွင် လူငယ်လူရွယ် များသည် ဒီမိုကရေစီ ခေတ်၏ ပွင့်လန်းလာသော အုပ်ချုပ်မှု စနစ်သစ်နှင့် အတူ ဈေးကွက် စီးပွားရေး စနစ် တစ်စတစ်စ ပုံပေါ် လာသောကြောင့် နိုင်ငံတကာနှင့် ထိတွေ့ ဆက်ဆံရမှု ပိုမိုလာသည်။ ကမ္ဘာ့အလယ် တွင် မြန်မာဟူသည့် အမည်နာမ နာမည် ကျော်ကြား လူသိများ လာသကဲ့သို့ နိုင်ငံ၏ သဘာဝအလှ၊ နိုင်ငံသားများ၏ ဖြူစင်ရိုးသား ဖော်ရွေမှု ဂုဏ်သတင်း သည်လည်း မွှေးပျံ့၍ နေသည်။

အရှေ့တောင် အာရှ နိုင်ငံများတွင် မြန်မာနိုင်ငံကို ခရီးသွားလာ လည်ပတ်ရန် အကောင်းဆုံး နိုင်ငံအဖြစ် နိုင်ငံတကာမှ ခရီးသွားတို့က ရှုမြင်သုံးသပ် ကြသည်။ ထိုသို့သော အခြေအနေတွင် ငါးခုံးမ တစ်ကောင်ကြောင့် တစ်လှေလုံး ပုပ်သည့် အဖြစ်မျိုး မဖြစ်စေရန် လူငယ် လူရွယ်တိုင်း စာရိတ္တသတ္တိ ပြည့်စုံရန် လိုသည်။ စာရိတ္တ၊ ဝါရိတ္တ ဆိုသည်မှာ သီလပင် ဖြစ်သည်။ ကိုယ်ကျင့်တရား ပင်ဖြစ်သည်။ လောက နီတိ၊ ဓမ္မနီတိ များ၌ ဖော်ပြ ထားသော၊ ဘုရားရှင် ဟောကြား ထားသော သီလတရား တို့သည် စာရိတ္တ၏ အရင်းခံ ဖြစ်သည်။

မိဘဆရာ တို့က လေ့ကျင့် သင်ကြားပေး၍ ကိုယ်ကျင့်တရား ကောင်းမွန်သည့် အတွက် ကလေးငယ်၏ ဘဝ တိုးတက် ချမ်းသာမှုကို ရနိုင်သည်။ ကိုယ်ကျင့်တရား ပျက်ပြား၍ မရိုးမဖြောင့် လိမ်လည် လှည့်ဖျားမှုသည် လက်ငင်း အကျိုးအမြတ် ထွက်ကောင်း ထွက်မည် ဖြစ်သော်လည်း စိတ်လုံခြုံမှု လျော့နည်း၍ မိမိကိုယ်မိမိ အထင်သေး အားငယ်၍ ဘဝ တိုးတက်မှု မရှိဘဲ နိမ့်ကျသည့် အဆင့်သို့ လျော့ကျ သွားမည်မှာ အနှေးနှင့် အမြန် ဖြစ်သည်။

သူတစ်ပါးမှ မိမိကို လိမ်လည် လှည့်စား မခံရရေးမှာ မိမိ၏ လိမ္မာပါးနပ်မှု ဖြစ်သော်လည်း သူတစ်ပါး အပေါ်၌ လိမ်လည် လှည့်စားမှုမှာ မတရား အခွင့်အရေး ယူခြင်းဖြစ်၍ စိတ်တန်ခိုး လျော့ကျ စေပြီး ဘဝညစ်နွမ်း စိတ်ပင်ပန်း ရတတ်သည်။ ဖြူစင်ဖြောင့်မှန် ခြင်းသည် ရေရှည်တွင် လိပ်ပြာသန့်၊ စိတ်သန့်သည့် အတွက် ဘဝ တစ်လျှောက်လုံး စိတ်လုံခြုံမှု ရှိပြီး စိတ်အေး ချမ်းသာ ပျော်ရွှင် ကြည်နူးသည့် ဘဝကို ပိုင်ဆိုင် နိုင်ကြသည်။

ထို့ကြောင့် ရှေးအတီတေ က ပြုစု ပျိုးထောင်ခဲ့သည့် မြန်မာတို့၏ ရိုးသားဖြူစင်၍ အကျင့် စာရိတ္တသတ္တိ အပြည့်ရှိသော မျိုးရိုးကို မတိမ်ကော စေရန် လူငယ်လူရွယ် များအား လက်ဆင့်ကမ်း သင်ကြား ပေးကြရမည် ဖြစ်သည်။ ယခုအခါ ပွင့်လင်း မြင်သာလာမှု နှင့်အတူ နိုင်ငံတကာမှ အတု မယူထိုက်သည့် အပြုအမူ၊ လုပ်ထုံး လုပ်နည်းများ နည်းယူမှား၍ အကြောင်းမဲ့ သတ်ပုတ် ရိုက်နှက်မှု၊ မူးယစ်ဆေးဝါး သုံးစွဲမှု၊ အဓမ္မမှုများ လူငယ်တို့  ပြုလုပ် လာသည့် သတင်းများကို တွေ့လာ ရသည်ဖြစ်ရာ မြန်မာတို့၏ အကျင့်စာရိတ္တ မဏ္ဍိုင် ယိမ်းယိုင်လာမှု ကို သတိပြု မိသည်။

မြန်မာနိုင်ငံတွင် လေးစား အားကျစရာ စာရိတ္တ ခိုင်မာသည့် အတုယူဖွယ် ပုဂ္ဂိုလ်များ နှစ်ဆယ့်တစ် ရာစုတွင် ပေါ်ထွန်းခဲ့သည်။ ယနေ့တိုင်လည်း ပေါ်ထွန်းလျက် ရှိသည်။ ထို အစဉ်အလာ ဂုဏ်ယူဖွယ် များကို လူငယ်များ ရင်တွင်း ရင်းနှီးမြှုပ်နှံ ပေးကြရမည် ဖြစ်သည်။ ဘုရားရှင် ကိုယ်တော်မြတ် ကြီးသည် ''ဣဇ္ဈတိ ဘိက္ခဝေ သီလဝတော စေတောပဏီဓိ ဝိသုဒ္ဓတ္ထာ'' ဟူ၍ ဟောကြား လမ်းညွှန် ခဲ့သည်။ အဓိပ္ပာယ်မှာ အကျင့်သီလနှင့် ပြည့်စုံသူ၏ လိုအင်ဆန္ဒ တောင့်တချက်သည် သူ၏ သန့်ရှင်း စင်ကြယ်မှုကြောင့် များမကြာမီ ပြည့်စုံ လာရသည် ဟူ၍ ဖြစ်သည်။

သို့ဖြစ်ရာ နှစ်ဆယ့်တစ် ရာစုတွင် မြန်မာနိုင်ငံသား ပြည်သူများ အနေဖြင့် ကိုယ်ကျင့်တရား ဖြူစင် ဖြောင့်မတ်၍ စာရိတ္တသတ္တိ အပြည့်ရှိပြီး လူငယ်လူရွယ် များကိုလည်း စာရိတ္တသတ္တိ အပြည့်ရှိအောင် ပြုစု ပျိုးထောင်နိုင်ပါက ဒီမိုကရေစီစနစ် နှင့် ဈေးကွက် စီးပွားရေး စနစ်ကို အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် သေချာမုချ အောင်မြင်မှုကို ရမည် ဖြစ်ပါကြောင်း ရေးသားလိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger