www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 17, 2014

ဒီမိုကရေစီ လျှောက်လှမ်းမှုတွင် လက်တွေ့ပါဝင်


ဒီမိုကရေစီ လျှောက်လှမ်းမှုတွင် လက်တွေ့ပါဝင်

''ကာလနှယ် ဆိုးပါဘိ၊ သူခိုးက လူလူ၊ တောလေ့ပေါက် နန်းမူ၊ အိမ်သူကို ဧည့်စောင်း၊ သူကောင်းကို အပြစ်တင်၊ တောင်ယာရှင်ကို မျောက်လိုက် လို့မောင်း၊ စိတ်အနေ ရုပ်ပြောင်းလို့၊ ချောင်းကိုပ မြစ်ထင်၊ ဝါးလုံးခေါင်း လသာချင်တယ်၊ အိမ်ထဲတွင် ကင်းဝပ်လို့၊ မုန်းဇာတ် ကြံကြပြီ၊ ဘုန်းရိုးဝသီ'' ဟူသော စာဆိုအကျော် စလေဆရာ ဦးပုည ရေးစပ်ခဲ့သည့် ကလိယုဂ်ဖွဲ့ တေးထပ် တစ်ပိုင်းတစ်စ ကို တိုင်းရင်းသား ပြည်သူအပေါင်း သတိရကြ ပေဦးမည်။

ယခု ရက်ပိုင်း အတွင်း ကြားသိရသည့် သတင်းအရ ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်ခရိုင် ကျေးသီး မြို့နယ် ဝမ်ဝပ် ကျေးရွာအုပ်စု တာဖာဆောင် တံတား ပတ်ဝန်းကျင်ရှိ ဝမ်ဝပ် ကျေးရွာ၊ ဖာဆောင် ကျေးရွာ၊ ငူးလိန် ကျေးရွာ နှင့် လွယ်ဂွန် ကျေးရွာရှိ ဒေသခံ ပြည်သူ များသည် ရဟန်းသံဃာ ၅၂ ပါး အပါအဝင် စစ်ဘေးရှောင် ဒုက္ခသည် ၂ဝဝ ကျော်တို့သည် ဝမ်ဝပ် ဘုန်းတော်ကြီး ကျောင်းသို့ သွားရောက် ခိုလှုံနေကြ ရသည်။ တောင်ယာ ရှင်ကို မျောက်လိုက်လို့ မောင်းထုတ်သည့် နယ်စပ် စစ်ဘေး ဒုက္ခသည်ဘဝ ရောက်နေကြ ရခြင်းကြောင့် မိမိတို့ ဝမ်းစာအတွက် စိုက်ပျိုးရေး လုပ်ငန်း မလုပ်ကိုင် နိုင်တော့သည့် အပြင် သားသမီးငယ် တို့အတွက် ပညာရေး မဆက်နိုင်၊ ကျန်းမာရေး ကလည်း အပျက်ဘက်သို့ ယိုင်နေ ကြရသည်။

တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး တို့၏ တူညီသော ဆန္ဒနှစ်ရပ် ဖြစ်သည့် တည်ငြိမ် အေးချမ်းစွာ နေလိုမှု နှင့် ဖွံ့ဖြိုးမှုတို့ အတွက် နိုင်ငံတော် အစိုးရက ကြိုးပမ်း ဖော်ဆောင်လျက် ရှိရာတွင် နိုင်ငံရေး တည်ငြိမ်မှု ရှိစေရန် ၂ဝ၁၁ ခုနှစ် သြဂုတ် ၁၈ ရက်တွင် ကြေညာချက် အမှတ် (၁/၂ဝ၁၁) ဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များအား ငြိမ်းချမ်းရေး ဖိတ်ခေါ် ခဲ့သည်။ ပြည်ထောင်စု တိုင်းရင်းသား များ၏ ရင်သွေး များဖြင့် ဖွဲ့စည်း ထားသော ပြည်ထောင်စု တပ်မတော်သည် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီ တွင် လည်းကောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်း ကော်မတီတွင် လည်းကောင်း ပါဝင်ပြီး တက်တက် ကြွကြွ ပါဝင်ဆွေးနွေး ခဲ့သည်။

၂ဝ၁၂ ခုနှစ် ဇန်နဝါရီ ၂၈ ရက်တွင် တောင်ကြီးမြို့၌ ကျင်းပခဲ့သော ပြည်နယ်အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် အက်စ်အက်စ်အေ (ဝမ်ဟိုင်း) အဖွဲ့အနေဖြင့် သဘော တူညီခဲ့သည့် အချက်(၅)ချက် မှ ဒုတိယ အချက်မှာ ရှမ်းပြည်နယ် တိုးတက်ရေး ပါတီ၊ ရှမ်းပြည် တပ်မတော် တပ်ဖွဲ့များကို ဝမ်ဟိုင်းတွင် အခြေပြု၍ လက်ရှိ ဖြန့်ခွဲ ထားသော နေရာများ၌ ယာယီ အခြေပြု နေထိုင်ရန် သဘောတူသည်။ စတုတ္ထ အချက်မှာ နှစ်ဖက် သဘောတူညီ ထားသော နယ်မြေများမှ အပ နယ်မြေ ကျော်လွန် လက်နက် ကိုင်ဆောင် သွားမှုများကို နှစ်ဖက် ကြိုတင် ညှိနှိုင်းပြီး ဆောင်ရွက်မည် ဆိုသော သဘော တူညီချက်များ ဖြစ်သည်။ အက်စ်အက်စ်အေ (ဝမ်ဟိုင်း) အဖွဲ့သည် နှစ်ဦး နှစ်ဖက် သဘောတူညီ ထားသော ကျေးသီးမြို့နယ် ဝမ်ဟိုင်းကျေးရွာ တွင်သာ အခြေပြု နေထိုင်ရန် ဖြစ်သော်လည်း တစ်နေ့ရွှေ၊ တစ်နေ့ငွေ နောင်အခါလာ နောင်ခါဈေး ပေါ်လစီကို လက်ကိုင် ထားသူတို့ ၀သီအတိုင်း သတ်မှတ် နယ်မြေထက် ကျော်လွန်၍ ဝမ်ဝပ်ကျေးရွာ အုပ်စုအတွင်း ဝင်ရောက် လာကာ မိမိနယ်မြေ စိုးမိုးရေး ဆောင်ရွက်လျက် ရှိသော နယ်မြေခံ တပ်မတော် စစ်ကြောင်း များအား အလစ်အငိုက် တိုက်ခိုက်မှုများ ပြုလုပ်လျက် ရှိသည်။

တပ်မတော် စစ်ကြောင်းများ အနေဖြင့် ဒေသခံ တိုင်းရင်းသားများ အေးချမ်းစွာ နေထိုင် လုပ်ကိုင် စားသောက် နိုင်ရေးနှင့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက် နိုင်ရေးအတွက် လောလောဆယ် စစ်ရေး နည်းလမ်းဖြင့် တုံ့ပြန် ဖြေရှင်းခြင်း မရှိသေးဘဲ သတ်မှတ် ထားသည့် နေရာများသို့ ပြန်လည်ဆုတ်ခွာ ပေးရန် အကြောင်းကြား ထားပြီး ဖြစ်သည့်အပြင် လုံလောက်သည့် အချိန် သတ်မှတ်ပေး ထားပြီး ဖြစ်သည်။ သို့သော်  အက်စ်အက်စ်အေ (ဝမ်ဟိုင်း) အဖွဲ့က အေးချမ်းစွာ ဖြေရှင်းလိုမှု မရှိဘဲ တိုင်းရင်းသားများ အရေးကို ခုတုံး လုပ်လာ ခဲ့သည်။ နောင် ကြာလာသည်နှင့် အမျှ ဂျီနီဗာ ကွန်ဗင်းရှင်း ဆိုသော အသံများ ထွက်လာ ပေဦးမည်။

အက်စ်အက်စ်အေ (ဝမ်ဟိုင်း) အဖွဲ့ အနေဖြင့် ငြိမ်းချမ်းရေး သဘော တူညီချက် များကို လိုက်နာကာ သတ်မှတ် နေရာတွင် ပြန်လည် နေထိုင်မည် ဆိုပါက စစ်ရေး လှုပ်ရှားမှု များကြောင့် အခက်အခဲ တွေ့နေ ကြရသော ဒေသခံ ပြည်သူများ အဖို့ မိမိတို့ သက်ဆိုင်ရာ ကျေးရွာများသို့ ပြန်လည် နေထိုင် လုပ်ကိုင် စားသောက် နိုင်ကြမည် ဖြစ်သည်ကို တပ်မတော် အနေဖြင့်လည်း ဒေသခံ ပြည်သူများ၏ လိုအပ်ချက် များအား ကူညီ ဖြည့်ဆည်း ပေးရန် အသင့်ရှိသည်။

သို့ဖြစ်၍ ဒေသခံ ပြည်သူတို့၏ အကျိုးစီးပွား လိုလား သူတိုင်းသည် ထာဝရ ငြိမ်းချမ်းရေး ရယူရန် အတွက် အမှန်တကယ် ဆန္ဒရှိပြီး ငြိမ်းချမ်းရေး သဘောတူ စာချုပ်များ အတိုင်း ကတိတည်၍ ငြိမ်းချမ်းရေး သဘော တူညီချက်များ အပေါ် အမြတ်မထုတ်ဘဲ ဒေသခံ ပြည်သူများအား ဝန်ထုပ်ဝန်ပိုး မဖြစ်စေ သင့်ပါ။ ထို့အပြင် နိုင်ငံတော်က ထုတ်ပြန် ထားသည့် တည်ဆဲဥပဒေ များကို တိကျစွာ လိုက်နာ၍ ဒို့တာဝန် အရေးသုံးပါး နှင့် ဒီမိုကရေစီ အနှစ်သာရ ကို လက်ခံပြီး (၂ဝဝ၈ ခုနှစ်) ဖွဲ့စည်းပုံ အခြေခံ ဥပဒေဖြင့် ဒီမိုကရေစီ လျှောက်လှမ်းမှု တွင် လက်တွေ့ ပါဝင်ကြပါရန် မြဝတီ က တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger