www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Saturday, July 5, 2014

ဂျွန်းဗလီအတွင်းမှ လက်နက်မျိုးစုံ သိမ်းဆည်းရမိ ၊ ဆူပူလှုံ့ဆော်သူများကို ဖမ်းဆီးထိန်းသိမ်း


မန္တလေး ၊ ၅-၇-၂၀၁၄

မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ်၊ ချမ်းအေးသာစံ အရှေ့ရပ်ကွက် ၂၇ လမ်းနှင့် ၂၈ လမ်းကြား၊ ၈၁ လမ်းနှင့် ၈၂ လမ်းကြားရှိ ဂျွန်းဗလီဝင်း အတွင်းတွင် ယမန်နေ့ နံနက် ဝ၅း၃ဝ အချိန်မှ ဝ၇း၁၅ အချိန်ထိ တရားခံပြေး နှစ်ဦး ပုန်းအောင်း ရောက်ရှိ နေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင် များနှင့် ခရိုင် သာသနာ ရေးမှူး ဦးဝေလင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးခွန်စိုးလွင် ဦးစီး၍ မြို့နယ် စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ မြို့နယ် အထောက်အကူပြု ကော်မတီဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့်အဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဂျွန်းဗလီ ဂေါပက ဥက္ကဋ္ဌ ဦးခင်မောင်ဌေး ပါ အဖွဲ့ဝင်များ နှင့်အတူ လိုက်လံ ဝင်ရောက် ရှာဖွေ ဆောင်ရွက်ခဲ့ ကြသည်။

ထိုသို့ ရှာဖွေ စစ်ဆေးရာတွင် တရားခံပြေး နှစ်ဦးအား တွေ့ရှိခြင်း မရှိသော်လည်း ဂျွန်းဗလီ အတွင်း မြေညီထပ် နားနေခန်းရှိ စတိုခန်းများမှ ဓားမျိုးစုံ (၁၄) ချောင်း၊ သံဆူးချွန် (၁) ချောင်း၊ သံတုတ်၊ သံပိုက်၊ သံချောင်း (၆) ချောင်း၊ ခက်ရင်းခွ (၂)ချောင်း၊ လှံ(၁)ချောင်း၊ မှိန်း(၁) ချောင်း၊ သံလွန်သွား (၁) ချောင်း၊ သစ်သားတုတ်၊ သစ်သားချောင်း၊ ဝါးတုတ် (၁၄) ချောင်း၊ ကျောက်ခဲ (၂)လုံး၊ လေးခွ (၁၅)ခု၊ ကုန်းသီး၊ ပေသီး၊ ဖန်သီး (၇ဝဝ) လုံး တို့ကို ဂျွန်းဗလီတွင် နေထိုင် သည့် ချစ်ဦး(၂၆)နှစ် ကျပန်း (ဘ) ဦးလှဝင်း၊ ကျော်မင်းလွင် (၃၈)နှစ် (ဘ)ဦးမြသိန်း၊ မြတ်ကို (၁၇)နှစ် (ဘ) ဦးအလီယက်၊ ဇော်ဝင်းထူး (၁၈)နှစ် (ဘ) ဦးလှထူး၊ ခင်မောင်ထူး(ခ) ဖိုးထူး (၃၅)နှစ် (ဘ)ဦးခင်မောင်လှိုင်၊ ဗလီ သန့်ရှင်းရေး ဝန်ထမ်းတို့ ထံမှ သိမ်းဆည်း ရမိခဲ့သည်။

အထက်ပါ ပစ္စည်းများ တွေ့ရှိ သိမ်းဆည်း ရမိမှုနှင့် ပတ်သက်၍ ပစ္စည်းများ နှင့်အတူ တွေ့ရှိသူ ချစ်ဦး၊ ကျော်မင်းလွင်၊ မြတ်ကို၊ ဇော်ဝင်းထူး၊ ခင်မောင်ထူး(ခ) ဖိုးထူးတို့အား ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဇူလိုင် ၂ ရက်နေ့ ဖြစ်စဉ် တွင် သေဆုံးခဲ့သူ ဦးထွန်းထွန်း ၏ နာရေးအား ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က ပို့ဆောင်ကြရာ လူအင်အား ၁၁ဝဝဝ ခန့်၊ မော်တော်ယာဉ် ၁၉၅ စီး၊ မော်တော်ဆိုင်ကယ် အစီး ၅ဝဝ ခန့်တို့ဖြင့် လိုက်ပါ ပို့ဆောင်ကြရာ မန္တလေး - မိုးကုတ် ကားလမ်း ရွှေကျင်လမ်းဆုံ အရောက်တွင် အောင်ရတနာ မော်တော်ယာဉ် ပေါ်တွင် လိုက်ပါလာသော ခရီးသည် နှစ်ဦးအား ပို့ဆောင်သူ တစ်ဦး (စိစစ်ဆဲ) က တုတ်ဖြင့် ရိုက်ရာ ခရီးသည် နှစ်ဦး (မစိုးရိမ်ရ) ဒဏ်ရာ အသီးသီး ရရှိပြီး မန္တလေး ဆေးရုံကြီး သို့ တင်ပို့ ကုသလျက် ရှိသည်။

ပုသိမ်ကြီး မြို့နယ် ကြာနီကန် ကျေးရွာ အေးရိပ်ငြိမ် သုသာန်တွင် သင်္ဂြိုဟ်ပြီးစီး ၍ ပြန်လည် ထွက်ခွာ လာစဉ် လူအချို့(စိစစ်ဆဲ) သုသာန်ဝင်း အတွင်းရှိ သွပ်မိုး၊ ထရံကာ ဇရပ် အဆောက်အအုံ ကို မီးရှို့ သဖြင့် မီးသတ်ယာဉ် ၁ဝ စီးဖြင့် ငြှိမ်းသတ် ခဲ့ရသည်။ နာရေး ပို့ဆောင်သူများ မန္တလေးမြို့သို့ ပြန်လာစဉ် ၁၂လမ်း x ၆၆လမ်းဆုံ သို့အရောက် လူအချို့သည် တုတ်များ ကိုင်ဆောင် လာကြောင်း တွေ့ရှိရ သဖြင့် တာဝန်ရှိ သူများမှ တားဆီးပိတ်ဆို့ ဆောင်ရွက်စဉ် ထွက်ပြေး သွား၍ လိုက်လံ ဖမ်းဆီးရာ လေးဦးအား ဖမ်းဆီး ထိန်းသိမ်း ခဲ့ကြောင်း သိရှိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger