www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 24, 2014

အာရှလုံခြုံရေးနှင့် ပတ်သက်၍ ဂျပန်နိုင်ငံက တရုတ်နိုင်ငံကို အင်အားဘယ်လောက်ထိ တန်ပြန်ထိန်းညှိနိုင်မလဲ



ကိုကိုဟန်

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး သည် စင်ကာပူတွင် သုံးရက်ကြာ ကျင်းပမည့် ရှန်ဂရီလာ ဆွေးနွေးပွဲတွင် ဂျပန် အနေဖြင့် တရုတ်ကို အင်အား တန်ပြန် ထိန်းညှိရန် မျှော်လင့် ထားကြောင်း သိရသည်။ ထိပ်သီး အစည်းအဝေး ကျင်းပမည့် အချိန်သည် တောင်တရုတ် ပင်လယ်တွင် တရုတ်၊ ဗီယက်နမ် နှင့် ဖိလစ်ပိုင် သုံးနိုင်ငံအကြား သူပိုင်ကိုယ်ပိုင် ပိုင်နက် အငြင်းပွားမှု တင်းမာနေသည့် အချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ ဂျပန်နှင့် တရုတ်ကလည်း အရှေ့ တရုတ်ပင်လယ် တွင် ကျွန်းစုကိစ္စ ပိုင်နက် အငြင်းပွားမှု ကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး ပျက်ပြား နေခိုက်လည်း ကြုံနေသည်။

ရှန်ဂရီလာ အစည်းအဝေး သို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးချုပ် ဟေးဂဲလ် တက်ရောက်မည် ဖြစ်သည်။ အာရှလုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု တွင် ဂျပန်နှင့် ၄င်း၏ မဟာမိတ် ဖြစ်သော အမေရိကန် ပြည်ထောင်စု တို့၏ ကြီးမားသော အခန်းကဏ္ဍကို ရှင်းလင်း ပြောကြား သွားမည် ဖြစ်သည်။

အစည်းအဝေး မတိုင်မီ မစ္စတာ ဟေးဂဲလ် က '' ကျွန်တော်တို့ ထင်ထားတာက တရုတ်တို့ အနေနဲ့ ယခင်ကထက် ပိုပြီး အင်အားပြ လာတယ်။ စိန်ခေါ်မှု အသစ်တွေ လုပ်လာတယ်။ ပြီးတော့ အာရှဒေသကို တင်းမာမှု အသစ်တွေ လုပ်လာတယ်။ ဒါလုံခြုံရေး ခြိမ်းခြောက် တာပဲ ... '' ဟု ဆိုသည်။

ဂျပန်အစိုးရ ထိပ်တန်း ပြောရေးဆိုခွင့် ရသူ ယိုရှီဟိုက်ဒီဆူးဂ က ပြောကြား ရာတွင် '' မစ္စတာ အာဘေး ဟာ အာရှ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အတွက် အပြုသဘော ဆွေးနွေးမှု တွေကို တောင်းဆို သွားလိမ့်မယ်။ တောင် တရုတ်ပင်လယ် နဲ့ အရှေ့ တရုတ်ပင်လယ် မှာ တင်းမာမှု အခြေအနေ မြင့်လာနေခြင်း ဟာ ဒေသလုံခြုံရေး အတွက် အလွန်တရာ မှ အရေးကြီး ပါတယ် . . . ''ဟု ပြောသည်။

တရုတ် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ဖူယင်း က '' လုံခြုံရေးကို ခြိမ်းခြောက် နေတာက ပေကျင်း မဟုတ်ဘူး၊ တိုကျိုပဲ ဖြစ်တယ် ... '' ဟု ပြန်လည် တုံ့ပြန် ပြောကြား သွားသည်။

ဂျပန်နိုင်ငံ၏ ယခင်က ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ နိုင်ငံတကာ အငြင်းပွားမှုများ ဖြေရှင်းရာတွင် စစ်တိုက်ခြင်းဖြင့် ဖြေရှင်း နည်းကို နှစ်အတော်ကြာ ပိတ်ပင် တားမြစ် ထားသည်။ ထို့ကြောင့် ၄င်း အခြေခံဥပဒေ ကို ပြင်ဆင်ရန် မစ္စတာ အာဘေး က တောင်းဆိုခြင်းကို တရုတ်တို့က ဝေဖန် ပြောဆို နေကြောင်း ပြောသည်။

တရုတ်နှင့် ဗီယက်နမ် သင်္ဘော များသည် တောင်တရုတ် ပင်လယ် အငြင်းပွားရာ ဒေသတွင် ထိပ်တိုက် ရင်ဆိုင်မှုများ ကလည်း တဖြည်းဖြည်း ပြင်းထန် လာခဲ့ကြသည်။ အာဆီယံတွင် အချို့ နိုင်ငံများသည် တရုတ် နှင့် စီးပွာရေး၊ နိုင်ငံရေးရာ ဆက်ဆံမှုများ ထူထောင်ထား သဖြင့် တရုတ်နှင့် ရန်ဘက် အသွင် မလိုလား ကြပေ။ သို့သော် အခြားနိုင်ငံ များနှင့် ဆက်ဆံရေးမှာ ပျက်ပြား လာခဲ့ပြီး ပိုင်နက် အငြင်းပွားမှု ကိစ္စနှင့် ပတ်သက်၍ ပဋိပက္ခများ တိုး၍ လာခဲ့သည်။ 

ပေကျင်းသည် အခြား အာဆီယံနိုင်ငံ များက သူတို့ ပိုင်နက်ဟု ဆိုသော နယ်မြေများ ပါဝင်သည့် တောင်တရုတ် ပင်လယ်တွင် ''ယူ'' ပုံသဏ္ဌာန် တောင်းဆိုလျက် ရှိသည်။ တောင်တရုတ် ပင်လယ်တွင် ပြဿနာတက် နေသော ရေနံတွင်း တူးစင်အနီး ဗီယက်နမ် ငါးဖမ်းသင်္ဘော ကို တရုတ် သင်္ဘောက ဝင်တိုက်ပြီး ပင်လယ်တွင်း နှစ်မြှုပ်ပစ် လိုက်သည်။ ယင်းကိစ္စကို နှစ်နိုင်ငံ လုံးက တစ်ဦးကို တစ်ဦး အပြစ်ပုံချ ကြသည်။ ဗီယက်နမ် နိုင်ငံ က သူပိုင်သည်ဟု အငြင်းပွား နေသော ပါရာဆဲလ်ကျွန်းစု အနီး တရုတ် ရေနံတူးစင် ရွှေ့ပြောင်း လာခြင်းကြောင့် ဗီယက်နမ်များက ဆန္ဒပြ နေကြသည်။ ဤ အတောအတွင်း ဖိလစ်ပိုင် ကလည်း တောင်တရုတ် ပင်လယ်တွင် ပိုင်နက် ဆိုင်ရာ တောင်းဆိုမှု ကိစ္စ ကုလသမဂ္ဂ တရားရုံးသို့ တရုတ်နိုင်ငံ ကို တရားစွဲ ဆိုရန် တင်ထားသည်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးချုပ် ဟေးဂဲလ် ကလည်း နိုင်ငံတကာ ဥပဒေကို လစ်လျူရှု နေသော နိုင်ငံများအား အမေရိကန်က မျက်နှာလွှဲ နေမည် မဟုတ်ဟု ပြောကြား ထားသည်။

ဤ ထိပ်သီး အစည်းအဝေးမှာ ဒေသ အကြီးတန်း ကိုယ်စားလှယ် များက တင်းမာမှု ဖြေရှင်းရန် မျက်နှာချင်းဆိုင် တွေ့ဆုံရန် အခွင့်အရေး ပေးခြင်း ဖြစ်သည်။ မစ္စတာ ဟေးဂဲလ် ပြောကြားရာ၌ '' မကြာသေးမီ လများက တရုတ် တို့သည် တောင်တရုတ် ပင်လယ်တွင် တစ်ဖက်သတ် တောင်းဆိုသော လုပ်ရပ် များဖြင့် မငြိမ်မသက် ဖြစ်အောင် လုပ်ခဲ့သည်။ ကျွန်တော်တို့ အနေဖြင့် မည်သည့် နိုင်ငံကို မဆို အကြောက် တရားဖြင့် လွှမ်းမိုးခြင်း၊ အနိုင်ကျင့်ခြင်း တောင်းဆို ချက်များ၊ အင်အားသုံး ခြိမ်းခြောက် ခြင်းများကို အခိုင်အမာ ဆန့်ကျင်ကြောင်း ထည့်သွင်း ပြောကြား ခဲ့သည်။

ဒေသလုံခြုံရေး နှင့် ပတ်သက်ပြီး ဂျပန် ဝန်ကြီးချုပ် အာဘေးက ပြောကြားထား သည်မှာ ဂျပန်နိုင်ငံက အာရှဒေသ အတွင်း ၌ ပို၍ ကြီးမားသော ကဏ္ဍမှ တက်ကြွစွာ ပါဝင် ဆောင်ရွက်ရန် အာရှနိုင်ငံ များ၏ကမ်း လှမ်းခြင်းကို လက်ခံပါကြောင်း ပြောကြား ခဲ့သည်။ ဝန်ကြီးချုပ် အာဘေး က တရုတ်၏ နည်းဗျူဟာကို ပြောင်းသွား စေရန် အိမ်နီးချင်း နိုင်ငံများအား ကမ်းခြေစောင့် ယာဉ်များ ထောက်ပံ့ရန် ကမ်းလှမ်း ထားကြောင်း ပြောခဲ့သည်။ အချို့ အာဆီယံ အဖွဲ့ဝင်တွေက ၄င်းတို့၏ တရုတ်နှင့် စီးပွားရေး၊ နိုင်ငံရေး ဆက်ဆံမှု များကြောင့် ရန်ငြိုးရန်စ မရှိလိုကြ သော်လည်း အချို့ နိုင်ငံများက ဂျပန်၏ တိုးမြှင့် တာဝန်ယူ မည်ကို ကြိုဆို ကြသည်။

ပြီးခဲ့သည့် တစ်ပတ်က အရှေ့ တရုတ်ပင်လယ် တွင် တရုတ်တို့၏ SU-27 ဂျက်တိုက်လေယာဉ် သည် ဂျပန် ကင်းထောက် လေယာဉ် OP-3 C ကို ၁ဝ မီတာ အကွာတွင် လည်းကောင်း၊ ဂျပန် YS- 11EB လေယာဉ်နှင့် မီတာ ၃ဝ အတွင်း လည်းကောင်း အနီးကပ် ပျံသွားခြင်းကြောင့် ဝေဟင်တွင် လေယာဉ်ချင်း တိုက်လုနီးပါး ဖြစ်သွားခဲ့သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ ဂျပန် ကာကွယ်ရေး ဝန်ကြီး Itsunori Onodera က '' တရုတ်နိုင်ငံ အနေဖြင့် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်သည် ... '' ဟု ပြောကြား လိုက်သည်။

တရုတ်တို့ ကလည်း ရုရှားနှင့် တရုတ် ပူးတွဲ စစ်ရေး လေ့ကျင့်စဉ် အတွင်း မပျံသန်းရဇုန် အဖြစ် အရှေ့ တရုတ်ပင်လယ် ကို သတ်မှတ် ထားကြောင်း နှင့် ဂျပန် စစ်လေယာဉ် ကသာ စစ်ရေး လေ့ကျင့် နယ်မြေအတွင်း ကျူးကျော် ဝင်ရောက်ခြင်း ဖြင့် နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ကြောင်း ပြန်လည် တုံ့ပြန် ကြေညာ ခဲ့သည်။

သို့ဖြစ်ရာ တောင်တရုတ် ပင်လယ် သာမက အရှေ့တရုတ် ပင်လယ်ဘက် တွင်လည်း တရုတ်တို့သည် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဂျပန်တို့နှင့် တင်းမာမှု ပြဿနာများက ဆက်တိုက် ဖြစ်ပေါ် နေကြသည်။ မတော်တဆ ထိုနေရာ များတွင် အပြန်အလှန် ပစ်ခတ်မှုများ စတင် ဖြစ်ပွားပါက စစ်မက် အကြီးအကျယ် ဖြစ်ပွားနိုင်သည်။ ထို့ကြောင့် ဂျပန်နိုင်ငံ အနေဖြင့် အာရှ လုံခြုံရေး အတွက် တဖြည်းဖြည်း ကြီးထွားလာသော တရုတ်နိုင်ငံ၏ အင်အားကို ဘယ်လောက် အထိ တန်ပြန် ထိန်းညှိနိုင်မလဲ ဆိုသည်မှာ စိတ်ဝင်စားစရာ ကောင်းနေ ပါကြောင်း ရေးသား လိုက်ရ ပါသည်။ ။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger