www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 10, 2014

တူမျှသောအရာ


တူမျှသောအရာ

မဒါလေး

နေပူပူ၊ လေပူပူထဲ ပြေးလွှား နေရသည်မှာ လူတစ်ယောက် အဖို့ မလွယ်ကူမှန်း နေပူထဲ ပြေးလွှား ရုန်းကန်ဖူးသူ တစ်ယောက်သာ သိမည်။ ထိုသို့ ပူလောင်မှုထဲ မောပန်းစွာ ပြေးလွှား နေရသူအဖို့ လူတစ်ဦး တစ်ယောက်၏ အပြုံးသည်ပင် အေးမြလှ ပေသည်။

ဓာတ်ငွေ့များ၏ ပူလောင်မှု ၊ လူများ၏ ပူလောင်မှု တစ်စတစ်စ အားပြင်းစပြု လာသော ကမ္ဘာ့ လေထုထဲတွင် ကျွန်ုပ်တို့မှာ ၀မ်းတစ်လုံး ၀ရေး နှင့် လူတစ်လုံး သူတစ်လုံး ဖြစ်ရေးအတွက် ဇောစိတ်တို့၏ စေစားရာကို နေ့စဉ် ပြေးလွှား နေရသည်။ ပတ်ဝန်းကျင်တွင် အများဆုံး သတိထားမိ ထိတွေ့မိ သည်က လူတွေ ဖြစ်သည်။ လူနှင့်လူချင်း ဆက်သွယ်ရင်းဖြင့် လူမှုစီးပွား တိုးပွားအောင် ဆောင်ရွက် ကြရသည်။ ပူလောင်မှုကို အပြုံးပန်း တို့ဖြင့် အံတုရင်း နိစ္စဓူဝ ဖြတ်သန်းကြ ရသည်။ ထိုသို့သော အချိန်တွင် သဘာဝ ပတ်ဝန်းကျင်၏ အလှတရား အေးမြမှုကို ခံစားရန် အချိန် မပေးနိုင်ပါ။

ဘဝအတွက် လိုအပ်သည့် အထဲတွင် မဖြစ်မနေ လိုအပ်သည်က အစားစာ။ ထို အစားအစာ စားသောက်ဖွယ်ရာ များကို ဈေးတွင်ဝယ်ယူ နိုင်သလို ယနေ့ခေတ်တွင် စိတ် အပန်းလည်းဖြေ၊ အမောပြေ စေသည့် စူပါမားကက် ကြီးများ၏ ဆွဲဆောင်မှုမှာ ၀န်ထမ်းများ၏ နွေးထွေး ပျူငှာခြင်း နှင့် ဂရုတစိုက် စိတ်ရှည်စွာ ကူညီ ပေးခြင်းဟု ကြားသိ ထားသည်။ ဒီလို နွေပူပူ အချိန်မှာ စူပါမားကက် ဆိုသော နေရာများက ဈေးဝယ်ရန် အသင့်တော်ဆုံးပင်။

ထို့အတွက် နာမည်ကြီး စူပါမားကက် တစ်ခုသို့ ခြေချမိသည်။ ( In ) ဟု ပြထားသော နေရာမှ ၀င်သွားရသည်။ ကြိုဆိုသူမရှိ ၀န်ထမ်း အသီးသီး အလုပ်ရှုပ် နေကြသည်။

" ဒီမှာ ကော်ဖီမစ်က ဘယ်နားမှာလဲ မသိ ... " ထို ၀န်ထမ်းမှ တစ်ချက်ငဲ့ကြည့်သည်။ " ဟိုဘက်မှာ " တိုတို ပြတ်ပြတ်ပင်။ အလုပ်ရှုပ်နေ သောကြောင့် ထင်သည်။ ဟိုဘက်ဆိုသော နေရာကို သွားသည်။ မတွေ့ ၊ မေးရန် လူမရှိ။ အစောက နေရာမှ သူကိုပင် ထပ်ပြီး သွားရှာသည်။ ပစ္စည်းတွေ စီရင်း စိတ်မရှည်သည့် ပုံစံဖြင့် ''ဟိုဘက်မှာ'' ဟု ထပ်ဖြေသည်။ ''မတွေ့လို့ ပါ'' တစ်ချက် စောင်းငဲ့ ကြည့်ပြန်သည်။ ဒီတစ်ခါတော့ သာမန်စောင်း ငဲ့ကြည်ဟန် မဟုတ်။ စိတ်မရှည်သည့် အမူအရာ ပါလာသည်။ နောက်တော့ ဘာမှမပြောဘဲ ကိုယ့်အရှေ့မှ ဘောက်ဆက်ဆက် ဖြင့် ထွက်သွားသည်။ ကိုယ်လည်း သူ့မျက်နှာရိပ်ကဲ ကြည့်ကာ နောက်မှ ပြေးလိုက် သွားရသည်။ တချို့ နေရာတွင် ၀န်ထမ်း နှစ်ဦး သုံးဦး စကားရပ်ပြော နေကြသည်။ ဧည့်သည် ဖြတ်သွားသည် ကိုပင် ဂရုပြုပုံမပေါ် ကော်ဖီတွေ မျိုးစုံ ထားတဲ့နေရာ ရောက်သွားတော့ ရပ်သွားသည်။ ကိုယ်လည်း ကော်ဖီတွေ တွေ့ပြီဆိုတော့ ပျော်သွားတာပေါ့။ ဘာမှမပြောဘဲ ထွက်သွားပြန်သည်။ ''ဈေး...ဈေး'' သြော် ဈေးက ကပ်ထား တာပဲလေ။ ကိုယ်ကလဲ အတော်ညံ့ ပါတယ်။ ဒီလို နေရာကို အရင် ကတည်းက လေ့လာခဲ့ရမှာ ကပ်ထားတဲ့ ဈေး ကြည့်ဝယ်ပြီးလျှင် ငွေရှင်းသည့် နေရာတွင်ချကာ ငွေရှင်း ပြီးလျှင်ပြန်။ အတော်ဟန်တဲ့ အရောင်းအ၀ယ်ပဲ။ ဈေးဆစ်စရာ မလို ၊ စကားအပို ပြောစရာ မလို ၊ လေကုန် သက်သာသည်။ ငွေရှင်း ကောင်တာ နှင့် မျက်နှာချင်းဆိုင် တွင် လအလိုက်နှင့် နှစ်အလိုက် အကောင်းဆုံး ၀န်ဆောင်မှု ပေးသော ထူးချွန်ဝန်ထမ်း များ၏ ပုံကို ချိတ်ဆွဲ ထားသည်။ ထိုသူများ၏ မျက်နှာများကို သေချာ ကြည့်မိသည်။ သြော် ကိုယ်က ကို ကံဆိုးသည်ထင်။ သူတို့တွေထဲက တစ်ယောက်နှင့် မတွေ့ရ သည်မှာ။ ပစ္စည်းအားလုံး သန့်ပါသည်။ ကောင်းပါသည်။ စနစ်တကျ ရှိပါသည်။ ကိုယ်ကြားဖူးသော ဖော်ရွေသော အပြုံးနှင့် ကူညီ ပေးတတ်မှုကို မတွေ့ ၊  မမြင် လိုက်ရသည်ကို က ဒီမှာ ဈေးဝယ်ရတာ မတန်ဟု ထင်မိသည်။

ဆိုင်ရှင်တို့ . . .  ဆိုင်ရှင်တို့ " ဘာလုပ်မလဲ " တိုတို ပြတ်ပြတ် နှင့် မေးလိုက်တာက ဘယ်နားက ထွက်လာမှန်း မသိ အသက် ၂ဝကျော် မိန်းကလေး နှစ်ယောက် သုံးယောက် ထွက်လာသည်။ " အင်္ကျီ ကြည့်ချင် လို့ပါ။ ဘယ်ဒီဇိုင်းတွေ ရှိလဲ မသိဘူး " မိန်းကလေး တစ်ယောက်မှ " ရှိတယ် ၊ ဘယ်ဟာ ကြည့်ချင် တာလဲ " " ရှင် " ဘာပြော ရမှန်းမသိ။ " ကျွန်မ လုံချည်နဲ့ ကိုက်တဲ့ အရောင် ရွေးချင်တာပါ။ ပုံစံ အသစ်လေးတွေ ရှိရင်လဲ ပြ ပေးပါ '' '' ဒါ မနေ့ကမှ ရောက်တဲ့ ဒီဇိုင်းတွေ အကုန်လုံး နှစ်သောင်း ကျော်တယ်။ ဘယ်လောက်တန် လိုချင်တာလဲ ဈေးပေါတာဆို မရှိဘူး'' ဘုရား ဘုရား ။ ရွှေဆိုင်များ မှားရောက် မိလား ထင်မိသည်။ ကိုယ့်ဆိုင်ကို လာတဲ့ ဧည့်သည်ကို ဈေးပေါတာ မရှိဘူးတဲ့။ ဒီဆိုင်ပိုင်ရှင်က ဘယ်မှာများလဲ ဝတ်စုံဆင်တူနှင့် ဒီကောင်မလေး တွေကတော့ ပိုင်ရှင် မဖြစ်နိုင်ပါ။ သူတို့တွေ သူတို့ ထမင်းအိုးကို သူတို့ ရိုက်ခွဲနေတာ မသိလေရော့ သလား။ ဒီလို ဆက်ဆံပုံ မျိုးနှင့် ကျွန်မလို လူမျိုးဆို နောက်တစ်ခါ မလာမှာ သေချာတယ်။ ဈေးကြီးလို့ မဝယ်နိုင် ရင်တောင် စိတ် ချမ်းချမ်းသာသာ ထွက်ခွါချင် မိတယ်။ ဆိုင်တစ်ဆိုင် ကြုံဖူးသည်။ နာမည် ကြားဖူးလို့ သွားဝယ်ခြင်း မဟုတ် ၊ လမ်းကြုံလို့ ၀င်ကြည့်ခြင်း ဖြစ်သည်။ ဝင်ဝင်ချင်းပင် ဆိုင်ထဲရှိ မိန်းကလေးများ အကုန်လုံး ထလာ ကြသည်။ ''မင်္ဂလာပါရှင်'' တစ်ညီတစ်ညာ နှုတ်ဆက်သံ အောက်တွင် နေပူထဲမှ လာသော မောပန်းမှုများ လွှင့်စင် သွားသည်။ " ဘာအလိုရှိ ပါသလဲရှင် " မိန်းကလေး တစ်ဦး နောက်မှ ကပ်ပါလာသည်။ မိမိ လိုချင်သော ပစ္စည်းကို ပြောလိုက်ရုံ နှင့်ပင် ထို မိန်းကလေးက လိုက်လံ ရှင်းပြသည်။ မိမိဝယ်လိုသော ပစ္စည်း၏ အမျိုးအစား၊ အရောင်၊ အရွယ်အစား၊ ထူးခြားချက် များကို ရှင်းပြသည်။ အ၀တ်အစား ကို ၀တ်ကြည့်၍ ရသည်။ အသေအချာ လိုက်လံ ရှင်းပြသည်။ မ၀ယ်သည့် တိုင်အောင် အထွက်ပေါက် ထိလိုက်ပို့ပြီး ဝင်လာစဉ်က လိုပင် တစ်ဆိုင်လုံးမှ မိန်းကလေး များက ''ကျေးဇူးတင် ပါတယ်ရှင်၊ နောက်လဲ လာအားပေး ပါဦးရှင်'' ဟု နှုတ်ဆက်ကြသည်။ ထို့နောက် ထိုဆိုင်သို့ မကြာခဏ သွားဖြစ်သည်။ ပစ္စည်းတစ်ခု လိုတိုင်း လမ်းမကြုံ သည့်တိုင် တကူးတက သွားဝယ် ဖြစ်သည်။ ထိုဆိုင်က ကိုယ်လိုချင်သော အရာထက် တူမျှရုံမက ယဉ်ကျေး ဖော်ရွေမှုနှင့် ကောင်းမွန်သော ၀န်ဆောင်မှု ကို အဆစ်ပေး သောကြောင့် ဖြစ်သည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger