www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, June 11, 2014

ဆင်းရဲမှုနှုန်း လျော့ချရေး


ဆင်းရဲမှုနှုန်း လျော့ချရေး

မြန်မာနိုင်ငံသည် ၂ဝ၁၅ ခုနှစ်တွင် ဆင်းရဲမှုနှုန်း ၂၆ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ရန် မျှော်မှန်း ဆောင်ရွက်လျက် ရှိသည်။ ပြည်သူလူထု ၏ ဆင်းရဲမှုနှုန်း လျှော့ချသွား နိုင်ရန် ၂၀၁၄ ခုနှစ်တွင် အားထည့် ဆောင်ရွက် သွားရမည် ဖြစ်သည်။ ဆင်းရဲမှုနှုန်း လျှော့ချရေးသည် အပြော လွယ်သလောက် အကောင် အထည်ဖော် ရာတွင် ခက်ခဲသည်။

စားဝတ်နေရေး ကျပ်တည်း နေသူများကို အဆင်ပြေအောင် တိုးတက်သည့် လူမှု အသိုက်အ၀န်း အဖြစ် ထူထောင်ရန် စိန်ခေါ်မှု များစွာကို ရင်ဆိုင် ကြရမည် ဖြစ်သည်။ ထို စိန်ခေါ်မှု အကျပ်အတည်း များကို နိုင်ငံတော်မှ ရုန်းကန် ကြိုးစား၍ ကျော်လွှား အောင်မြင်ရန် ဆောင်ရွက် နေသကဲ့သို့ ပြည်သူလူထု ကလည်း ဝိုင်းဝန်း အားဖြည့် ကြိုးပမ်း သွားရမည် ဖြစ်သည်။

ဆင်းရဲမှု လျှော့ချရာတွင် အဓိကအားဖြင့် အချက်ကြီး နှစ်ချက် ရှိသည်။ ရေ၊ မီး၊ ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ လမ်းများ အဆင့်မြှင့်တင် ပေးခြင်းနှင့် တစ်ပိုင်တစ်နိုင် မှသည် စီးပွားဖြစ် လုပ်ငန်းများ ထူထောင်နိုင်ရန် ငွေကြေး အရင်းအနှီးများ မတည် ဖန်တီးပေးခြင်း တို့ဖြစ်သည်။ ထို အချက် နှစ်ချက်ကို ဖော်ဆောင် နိုင်ပါက ဆင်းရဲမှုနှုန်း သိသိသာသာ ကျဆင်း သွားမည် ဖြစ်သည်။

ထို့ကြောင့် နိုင်ငံတော် အစိုးရသည် ထို အချက်နှစ်ချက်ကို အလျင်အမြန် အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။ ဖွံ့ဖြိုးမှု နောက်ကျ နေသော နယ်စပ်ဒေသများ အပါအ၀င် နိုင်ငံ နှင့် အဝန်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အစီအမံများ ချမှတ် ဖော်ဆောင်လျက် ရှိသည်။ အခြေခံ အဆောက်အအုံ များ ဖြစ်သည့် လမ်း ၊ ကျောင်း ၊ ဆေးရုံ ၊ ဆေးခန်းများ တိုးမြှင့်ခြင်း ၊ ပြင်ဆင်ခြင်း ၊ အသစ် တည်ဆောက်ခြင်း တို့ကိုလည်း အရှိန်အဟုန်ဖြင့် ဆောင်ရွက် နေသကဲ့သို့ သောက်သုံးရေ ရှိရေးနှင့် လျှပ်စစ်မီး လင်းရေး တို့ကိုလည်း အချိန်နှင့် တစ်ပြေးညီ ဖော်ဆောင်လျက်ရှိနေသည်။

ထို့ပြင် သမ၀ါယမ ၀န်ကြီးဌာန အနေဖြင့် ကျေးလက် ဒေသများနှင့် ၀င်ငွေနည်း မိသားစု များအား ငွေကြေး အရင်းအနှီးများ ထုတ်ချေးခြင်း၊ လုပ်ငန်းသုံး ပစ္စည်းများ ဖြစ်သည့် လယ်ထွန်စက်၊ စပါး ခြွေလှေ့စက် ၊ အပ်ချုပ်စက် ၊ မော်တော်ကား ၊ ဆိုင်ကယ် နှင့် ဆိုက်ကား စသည်တို့ကို အရစ်ကျ စနစ်ဖြင့် ရောင်းချ ပေးသည်။ ပြည်သူများ၏ အရင်းအနှီး အတွက် ငွေကျပ် သန်းပေါင်း ၁၄၅၈၁၅ သန်း ထုတ်ချေး ခဲ့သည့်အပြင် ငွေကျပ် သိန်းပေါင်း ၅၄၂၄၅ ဒသမ ၉၁၅ သိန်း တန်ဖိုးရှိ စက်ကိရိယာ များကို အရစ်ကျ ရောင်းချ ပေးခဲ့သည်ဟု သိရသည်။

ထိုသို့ နိုင်ငံတော် ၊ သမ၀ါယမ နှင့် ပုဂ္ဂလိက ကဏ္ဍစုံတို့မှ ဆင်းရဲမှု လျှော်ချရေး အတွက် အခြေခံ အဆောက်အအုံ များ တည်ဆောက်ခြင်း ၊ ငွေကြေး အရင်းအနှီး ၊ စက်ကိရိယာများ ချေးငှား ရောင်းချ ပေးခြင်းတို့ ဆောင်ရွက် နေချိန်တွင် ပြည်သူများ အနေဖြင့်လည်း မိမိတို့ လူမှု စီးပွားဘ၀ ဖွံ့ဖြိုး တိုးတက်ရေး အတွက် အားဖြည့် ဆောင်ရွက် ကြခြင်းဖြင့် အချိန်တို အတွင်း ဆင်းရဲမှု ကို လျှော့ချ နိုင်မည် ဖြစ်ပါကြောင်း အကြံပြု ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့အာဘော် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger