ပညာရေး နှင့် စာရိတ္တ
ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်း၊ လူမျိုးတိုင်း တွင် ကိုယ်ပိုင် ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ နှင့် အမျိုးသားရေး အကျင့် စာရိတ္တ စံနှုန်းများ ရှိကြသည်။ စာရိတ္တကို ကိုယ်ကျင့် တရား၊ အကျင့်ဟူ၍ မြန်မာ အဘိဓာန် တွင် ဖွင့်ဆို ထားသည်။ ကိုယ်ကျင့် တရားကို ပါဠိလို သီလဟူ၍ ခေါ်သည်။ သီလနှစ်မျိုး ရှိသည်။ ဝါရိတ္တသီလ နှင့် စာရိတ္တသီလ ဖြစ်သည်။
မကောင်းမှုများ၊ မလုပ်သင့် သည်များကို မလုပ်ရန် ရှောင်ကြဉ်ခြင်း သည် ဝါရိတ္တ ဖြစ်ပြီး၊ ကောင်းမှုများ၊ လုပ်သင့်သည် များကို ဆောင်ခြင်းသည် စာရိတ္တ ဖြစ်သည်။ ရှောင်သီလ နှင့် ဆောင်သီလ ဟူ၍ ခေါ်သည်။ ယနေ့ လူငယ်များ၏ နှလုံးသား၌ စာရိတ္တ၊ ဝါရိတ္တ အကျင့်သီလများ ကိန်းအောင်းမှု ရှိစေရန် မကောင်းမှု ရှောင်၊ ကောင်းမှု ဆောင်၍ ဖြူအောင် စိတ်ကိုထား တတ်စေရန် လေ့ကျင့် ပေးသွားရမည် ဖြစ်သည်။
ကျောင်းသား လူငယ်များကို စာပေ လည်းသင်၊ လူလည်း ပြုပြင် ပေးရမည် ဖြစ်ပါသည်။ ဆရာ့ ကျင့်ဝတ်ငါးပါး နှင့်အညီ အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ ပေးကြရမည် ဖြစ်သည်။ လူတိုင်း ပြည့်စုံ သင့်သည့် ဗလငါးတန် တွင် စာရိတ္တဗလ ပါသကဲ့သို့ ယနေ့ မျက်မှောက်ခေတ် ဘက်စုံ ပညာရေး တွင်လည်း စာရိတ္တပညာ ကို သင်ကြား ပေးရန် လိုသည်။
လွတ်လပ်ရေး ကြိုးပမ်းစဉ် ကာလက နှလုံးရည်၊ လက်ရုံးရည်၊ ပညာရည် ဟူသော အသုံးအနှုန်း ဖြင့် လူထုကို မျက်စိဖွင့်၊ နားဖွင့်၍ လွတ်လပ်ရေးကို အရယူ ခဲ့ကြသည်။ နှလုံးရည် သည် စာရိတ္တဗလ ကိုဆိုလိုသည်။ ယနေ့ မျက်မှောက် ကာလ ပညာရေး ဆောင်ပုဒ် ဖြစ်သည့် စိတ်ဓာတ်၊ စည်းကမ်း ပညာ ဟူသည့် စကားရပ် တို့တွင် စိတ်ဓာတ်သည် စာရိတ္တ နယ်ပယ်ကို ဆိုလိုသည်။ သို့ဖြစ်ရာ ပညာရေး ကဏ္ဍတွင် စာရိတ္တ၏ အခန်းကဏ္ဍသည် အရေးပါ လှ၍ ငယ်စဉ် တောင်ကျေး ကလေးဘဝမှ စ၍ လောကနီတိ၊ ပြည်သူ့နီတိ တို့ကို ကျေညက်အောင် သင်ကြား ပေးသွားရမည် ဖြစ်သည်။
ငယ်စဉ် တောင်ကျေး ကလေးဘဝမှ စ၍ ကိုယ်ချင်းစာ ရေး၊ သူတစ်ပါး ပစ္စည်းမခိုး ရေး၊ မတရား မယူရေး၊ ကောက်ရပစ္စည်း ပိုင်ရှင် ပြန်ပေးရေး၊ လိမ်ညာ မပြောရေး၊ အပြစ်ကို ဝန်ခံတတ်၍ တာဝန်ယူ တတ်ရေး၊ ရိုးသား ဖြောင့်မတ်ရေး ၊ လိုအပ်သူကို ကူညီ ရိုင်းပင်းတတ်ရေး စသည့် စာရိတ္တ တန်ဖိုးများ ပြည့်ဝလာအောင် ဆရာ၊ ဆရာမများက ပျိုးထောင် ပေးကြရမည် ဖြစ်သည်။
''နိုင်ငံများကို တည်ဆောက်တာ ကျောက်တုံး၊ ကျောက်ခဲတွေ မဟုတ်ပါ။ တိုင်းသူ ပြည်သားတို့၏ ကိုယ့်ကျင့်သီလ စာရိတ္တကြောင့်သာ ဖြစ်တာပါ'' ဟူ၍ အဓိပ္ပာယ် ရသည့် " Nations were not built by rocks but the characters of the people " ဟူသော အင်္ဂလိပ်ဆိုရိုးကဲ့သို့ နိုင်ငံတော်သစ် တည်ဆောက်ရာတွင် လူငယ်များ၏ စာရိတ္တ၊ ဝါရိတ္တသီလ ခိုင်မာစေရေး ပြုစု ပျိုးထောင် ပေးကြရမည် ဖြစ်သည်။
သို့ဖြစ်ရာ ခေတ်မီဖွံ့ဖြိုး တိုးတက်၍ အေးချမ်း တည်ငြိမ်သည့် နိုင်ငံတော်သစ် ကို တည်ဆောက် အကောင် အထည်ဖော်လျက် ရှိရာတွင် အရေးပါလှသည့် ပညာရေး အဆင့် မြှင့်တင်ရေး နှင့်အတူ အကျင့် စာရိတ္တ မြှင့်တင်ရေး ကို ပညာရေး ကဏ္ဍမှ ဆရာ၊ ဆရာမ တို့က သင်ကြားပြသ ဆုံးမပေးကြ ရမည် ဖြစ်ပါကြောင်း ရေးသား လိုက်ရ ပေသည်။
( အယ်ဒီတာ့အာဘော် )
#Yadanarpondaily





No comments:
Post a Comment