www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 5, 2014

မေတ္တာစွမ်းအား အလေးထား


မေတ္တာစွမ်းအား အလေးထား

လူသည် ပေါင်းသင်း ဆက်ဆံရေး သတ္တဝါ ဖြစ်သည်။ လူဟူသည် တစ်ဦး တစ်ယောက်တည်း နေ၍ မဖြစ်နိုင် သည့်အတွက် ဆွေမျိုး အသိုက်အဝန်း၊ မိတ်ဆွေ အပေါင်းအသင်း များနှင့် အမြဲ ပေါင်းသင်း ဆက်ဆံ နေရသူ ဖြစ်သည်။ လူသည် အတ္တစိတ်ဖြင့် အသက်ရှင် နေသော အတ္တသမား ဖြစ်သည်။

မြန်မာ အဘိဓာန်တွင် မိတ်ဆွေဆိုသော ဝေါဟာရကို ခင်မင်ရသော သူဟု အဓိပ္ပာယ် ဖွင့်ဆို ထားသည်။ မေတ္တာတရား မကင်းမဲ့ သူတိုင်း ခင်မင်တတ်သည် ဖြစ်ရာ မိတ်ဆွေများ ပေါများ လှသော်ငြား လည်း မိမိအမှန် တကယ် အားကိုး ယုံကြည်ရသော မိတ်ဆွေကောင်း၊ မိတ်ဆွေစစ်မှာ လက်ချိုး ရေ၍ပင် ရနိုင်သည်။ အသက် တစ်ရာ မနေသော်လည်း အမှုတစ်ရာ တွေ့ရတတ်သော လူ့ဘဝတွင် အခက်အခဲ အကျပ်အတည်း နှင့် ကြုံတွေ့ ရချိန်တွင် မိတ်ဆွေတို့၏ သဘောကို သိနိုင်သည်။

မိတ်ဆွေကောင်း တို့သည် သာအတူ နာအတူ စိတ်ဓာတ် ရှိကြသည်။ ရောဂါနှိပ်စက် သောအခါ၊ ငတ်မွတ် ခေါင်းပါးသော အခါ၊ စည်းစိမ်ပျက်စီး သောအခါ၊ ရန်သူဖမ်းမိ သောအခါ၊ အမှုကြီးငယ် ရင်ဆိုင်ရသော အခါ၊ နာရေးကိစ္စ ကြုံလာသော အခါ ရပ်တည် ကူညီသူသည် မိတ်ဆွေကောင်း မည်၏ဟူ၍ လောကနီတိ က ပြဆို ထားသည်။ ထိုမျှမက မိမိဥစ္စာကို စောင့်ရှောက်သူ၊ ဘေးအန္တရာယ် နှင့် ကြုံတွေ့ ရချိန်တွင် အားထားရသူ၊ စကားကောင်း သယ်ဆောင် လာသူ၊ ဥစ္စာချမ်းသာ သည်ကို မနှစ်မြို့ မဖြစ်ဘဲ ဥစ္စာတိုးပွား သည်ကို ဝမ်းမြောက်သူ၊ ကျေးဇူးမဲ့ စကားကို တားမြစ်၍ ကျေးဇူးရှိ စကားကို ချီးမွမ်း ပြောဆိုတတ်သူ စသည့် မိတ်ဆွေကောင်း တို့၏ ဂုဏ်ရည် များလည်း ရှိသည်။ 

ဂေါတမ မြတ်စွာဘုရား သက်တော် ထင်ရှား ရှိစဉ်ကာလ ညီတော် အရှင်အာနန္ဒာ က မိတ်ဆွေကောင်း သည် လိုအပ်သော အကျိုးတရား ကို တစ်ဝက်ပြီးစေ နိုင်သည်ဟု ဥဒါန်းစကား ကျူးရင့်သည်ကို မြတ်စွာဘုရား ကြားသိ တော်မူသော် ''အာနန္ဒာ ဤသို့မဆိုလင့်၊ မိတ်ဆွေကောင်း သည် လိုအပ်သော အကျိုးတရား အလုံးစုံကို အပြည့်အဝ ပြီးစေ နိုင်သည်'' ဟု မိန့်ကြား တော်မူခဲ့သည်။

မိမိ ကိုယ်သာ ကိုးကွယ်ရာ (အတ္တာဟိအတ္တနော နာထော) ဟု ဂေါတမ မြတ်စွာဘုရား ဟောကြား တော်မူခဲ့သည်။ ကျွန်ုပ်တို့၏ အကောင်းဆုံး မိတ်ဆွေသည် ကျွန်ုပ်တို့ ကိုယ်တိုင်ပင် ဖြစ်သည်။ အခြားသူများက မိမိ အပေါ် မည်မျှ ကောင်းစေကာမူ ဒုတိယ အကောင်းဆုံး မိတ်ဆွေ အဆင့်မှာသာ ရှိလေသည်။ မိတ်ဆွေကောင်း များက မည်မျှပင် ကူညီဖေးမ ကြသော်လည်း မိမိကိုယ်တိုင် ဇွဲ သတ္တိ လုံ့လ စိုက်ထုတ်ခြင်း မရှိသည့် အပြင် ဉာဏ်နှင့်လည်း မယှဉ်ပါက အောင်မြင် နိုင်မည် မဟုတ်ပေ။

မိတ်ဆွေကောင်း စိတ်ဓာတ်သည် လူတစ်ဦး တစ်ယောက်၏ ကောင်းကျိုး မှသည် ကမ္ဘာလောကကြီး တစ်ခုလုံး အေးချမ်း သာယာသည် အထိ ဆောင်ကြဉ်း နိုင်ပေသည်။ သို့ဖြစ်၍ လူတို့သည် တစ်ဦးနှင့် တစ်ဦး မိတ်ဆွေ ကောင်းများ အဖြစ် သူ့အကျိုး၊ ကိုယ့်အကျိုးကို ဖြောင့်မတ်သော သဘောထားဖြင့် အပြန်အလှန် သယ်ပိုးကြ မည် ဆိုပါလျှင် လောကကြီး သည် မေတ္တာတရား များဖြင့် ထုံမွမ်းကာ ငြိမ်းချမ်း သာယာလှပ နေမည် ဖြစ်ရကား မေတ္တာစွမ်းအား အလေးထား ကြပါရန် တိုက်တွန်း ရေးသား လိုက်ရပါသည်။ ။

( အယ်ဒီတာအာဘော် )

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger