www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, May 2, 2014

မိုးလေ၀သသတင်း ကြေညာချက်များ အလေးထား


မိုးလေ၀သသတင်း ကြေညာချက်များ အလေးထား

၂ဝ၁၄ ခုနှစ် ဧပြီလ နောက်ဆုံး ရက်သတ္တပတ် ကာလအတွင်း မြန်မာနိုင်ငံ ရာသီဥတု အခြေအနေ များမှ ဧပြီ ၂၆ ရက်တွင် ရှိသော ထူးခြားသည့် နေ့ အပူချိန် များမှာ ကလေးဝ၊ ကလေး၊ ချောက်၊ မင်းဘူး နှင့် မကွေးမြို့ များ၌ ၄၃ ဒီဂရီ စင်တီဂရိတ် အသီးသီး ရှိခဲ့သည်။ ဧပြီ ၂၇ ရက်တွင် မှတ်သား ဖွယ်ရာ မိုးရေချိန် များမှာ နေပြည်တော် (လယ်ဝေး) သုည ဒသမ ၆၉ လက်မ၊ မိုးကုတ် သုည ဒသမ ၄၆ လက်မ၊ နေပြည်တော် (လေဆိပ်) ၁ ဒသမ ၄၂ လက်မ နှင့် နေပြည်တော် (တပ်ကုန်း) သုည ဒသမ ၉၉ လက်မ အသီးသီး ရွာသွန်းခဲ့ပြီး ဧပြီ ၂၈ ရက်တွင် မိုးကုတ် ၃ ဒသမ ၄၂ လက်မ နှင့် သပိတ်ကျင်း ၁ ဒသမ ၁၈ လက်မ ရွာသွန်း ခဲ့သည်။

ဧပြီ ၂၄ ရက်တွင် နေ့အပူချိန် မြင့်မားမှုကြောင့် နေပြည်တော် လယ်ဝေး မြို့နယ် ဖောင်တော်ချက်မ စေတီတော် အနီးရှိ ဖောင်တော်ချက်မ ရေကန်အတွင်းမှ ငါးများ သေဆုံး ခဲ့သည်။ မန္တလေးမြို့၏ နေ့ အပူချိန်များ ၄၂ ဒီဂရီ စင်တီဂရိတ် အထိ မြင့်တက်ခဲ့ရာ ဧပြီ ၂၁ ရက်မှ ၂၅ ရက်အတွင်း အပူရှပ် ဝေဒနာ ခံစားရသူ ၄၂ ဦးသည် မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီးသို့ တက်ရောက် ကုသခဲ့ ရသည်။

မကွေးတိုင်း ဒေသကြီး ဆောမြို့နယ် ပုလဲကျေးရွာ ၌ ဧပြီ ၂၅ ရက်၊ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ဝမ်းပျက် ဝမ်းလျှော ဖြစ်ပွားသည့် လူနာ ၁၁၃ ဦး ရှိခဲ့သည်။ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ဝန်ထမ်းများ လာရောက် စစ်ဆေးခဲ့ရာ ပုလဲကျေးရွာ ပြည်သူများ သောက်သုံးသည့် ချောင်းရေသည် ရေစီးဆင်းမှု မရှိသည့် ရေသေ ရေအိုင် သဖွယ် ဖြစ်နေကြောင်း နှင့် ထိုရေကို သောက်သုံးသူများ ဝမ်းပျက် ဝမ်းလျှော ဖြစ်ပွားကြောင်း တွေ့ရှိ ရသည်။ ထို့ကြောင့် ကျေးရွာနေ ပြည်သူများကို ရေကို ကျိုချက် သောက်သုံး ကြရန် အသိပေး နှိုးဆော် ခဲ့သည်။

ဧရာဝတီတိုင်း ဒေသကြီး ဟင်္သာတ မြို့နယ်ရှိ ကျေးရွာ အချို့တွင် ဧပြီ ၂၈ ရက် ညနေပိုင်း က ရုတ်တရက် လေပြင်း တိုက်ခတ်၍ မိုးသီးများ ကြွေကျ ခဲ့ခြင်းကြောင့် လူနေအိမ် ၁၁ဝ ပျက်စီး သွားခဲ့သည်။ ပဲခူးတိုင်း ဒေသကြီး ရေတာရှည် မြို့နယ်၌ ဧပြီ ၂၆ ရက် ညနေပိုင်း တွင် မိုးကြိုး ထိမှန် သေဆုံးခဲ့ပြီး ဖြူးမြို့နယ် တွင်လည်း ထိုနေ့မှာ ပင် အမျိုးသမီး တစ်ဦး မိုးကြိုးထိမှန် သေဆုံး ခဲ့သည်။ နေပြည်တော် လယ်ဝေးမြို့နယ် အမှတ်(၁) ရပ်ကွက်
လမ်းမ ပေါ်တွင် ဧပြီ ၂၆ ရက် ညနေ ၄ နာရီခွဲက လူတစ်ဦး ဆိုင်ကယ်စီး လာစဉ် လေပြင်း တိုက်ခတ် မှုကြောင့် လမ်းဘေးရှိ သစ်ပင်လဲကျရာ ဆိုင်ကယ် စီးလာသူအား ပိမိသဖြင့် သေဆုံးသွား ခဲ့သည်။

၂ဝ၁၄ ခုနှစ် မိုးဦးကာလ အတွက် မိုးလေဝသ နှင့် ဇလဗေဒ ခန့်မှန်းချက် များမှာ အနောက်တောင် မုတ်သုံလေ သည် မေ ၁၂ ရက်မှ ၁၇ ရက်အတွင်း မြန်မာနိုင်ငံ တောင်ပိုင်း ဒေသများသို့ လည်းကောင်း၊ မေ ၂၁ ရက်မှ ၂၅ ရက် အတွင်း မြစ်ဝ ကျွန်းပေါ် ဒေသများသို့ လည်းကောင်း၊ မေ ၂၆ ရက်မှ ၃၁ ရက်အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသများ သို့ လည်းကောင်း၊ ဇွန် ၁ ရက်မှ ၅ ရက်အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသများသို့ လည်းကောင်း အသီးသီး ဝင်ရောက် လာမည်ဖြစ်ပြီး ၂ဝ၁၄ ခုနှစ် မိုးဦးကာလ သည် မြန်မာနိုင်ငံ အတွင်းသို့ အနောက်တောင် မုတ်သုံလေ စတင် ဝင်ရောက်သည့် နေ့မှ ဇွန်လကုန် အထိ ဖြစ်ကြောင်း သိရသည်။

သို့ဖြစ်၍ မိုးဦးကာလ မတိုင်မီ မိုးကြိုကာလ အတွင်း အပူချိန် မြင့်တက်ခြင်း၊ လေပြင်း တိုက်ခတ်ခြင်း နှင့် မိုးသီးများ ကြွေကျခြင်း၊ မိုးကြိုးပစ်ခြင်း တို့ကြောင့် တွေ့ကြုံ ရနိုင်သည့် ဘေးအန္တရာယ် များကို ရှောင်ရှားနိုင်ရန် မီဒီယာများမှ တစ်ဆင့် မိုးလေဝသ သတင်း ကြေညာချက် များကို အလေးထား လိုက်နာကြရန် တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။

( အယ်ဒီတာ့အာဘော် )

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger