www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, April 2, 2014

မြန်မာ့တိုင်းရင်းဆေး ကမ္ဘာ့မျက်နှာစာသို့တိုင်


မြန်မာ့တိုင်းရင်းဆေး ကမ္ဘာ့မျက်နှာစာသို့တိုင်

''အာရောဂျံ ပရမံ လာဘံ'' ဆိုသည့်အတိုင်း ကျန်းမာခြင်း သည် လာဘ်ကြီး တစ်ပါး ဖြစ်သည်။ ကျန်းမာခြင်း နှင့် ပြည့်စုံမှ သာလျှင် ကာယ၊ ဉာဏစွမ်းအား နှင့် နိုင်ငံတော်၏ ဘက်စုံ ဖွံ့ဖြိုး တိုးတက်မှု များတွင် ပါဝင် ဆောင်ရွက် နိုင်မည် ဖြစ်ပေသည်။

ထို့ပြင် နိုင်ငံတော်ကြီး ဘက်စုံ ဖွံ့ဖြိုး တိုးတက်ရေးကို ဖော်ဆောင် ရာတွင် ပြည်သူလူထု တစ်ရပ်လုံး ၏ ကျန်းမာ ကြံ့ခိုင်ရေးသည် အဓိက ကျသည့် အရင်းအနှီး တစ်ရပ် ဖြစ်သည်။ ကျန်းမာ ကြံ့ခိုင်သော ပြည်သူများ ဖြစ်ရန် ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသော တိုင်းရင်းဆေး သမားတော်ကြီး များသည်လည်း နိုင်ငံတော်၏ အရေးပါသည့် ပညာရှင် အရင်းအမြစ် များ ဖြစ်ပေသည်။

ထို့ကြောင့် မြန်မာပြည်သူ တို့သည် မိမိတို့၏ ကျန်းမာရေး စောင့်ရှောက်မှု တွင် ခေတ်မီ အနောက်တိုင်း ဆေးပညာ တစ်ခုတည်း ကိုသာ အားကိုးပြု ကြသည် မဟုတ်ဘဲ မိမိတို့၏ လူမျိုး အစဉ်အဆက် လက်ခံ ကျင့်သုံး လာခဲ့သော မြန်မာ့ တိုင်းရင်းဆေး ကိုလည်း ယုံကြည် အားကိုးလျက် ရှိကြ ပေသည်။

မြန်မာ့ တိုင်းရင်းဆေး ပညာသည် မြန်မာ့ ရေမြေ သဘာဝနှင့် လိုက်လျော ကိုက်ညီမှု ရှိပြီး ပြည်တွင်းတွင် ထွက်ရှိသည့် နွယ်မြက် သစ်ပင်၊ တိရစ္ဆာန်ထွက်၊ ရေထွက်၊ မြေထွက် သဘာဝ ပစ္စည်းများ နှင့် ဖော်စပ် ထားသော တိုင်းရင်း ဆေးဝါးများဖြင့် မြန်မာလူမျိုး တို့၏ ကျန်းမာရေးကို ခေတ် အဆက်ဆက် စောင့်ရှောက် ပေးခဲ့သည့် အတွက် ကျန်းမာ အသက်ရှည် ခဲ့ကြခြင်း ဖြစ်သည်။

ထို့ကြောင့် မြန်မာ့ တိုင်းရင်းဆေး ပညာကို အနောက်တိုင်း ဆေးပညာ များနှင့် ရင်ပေါင် တန်းပြီး ကမ္ဘာ့က လက်ခံ သုံးစွဲသည် အထိ ပြည့်စုံသော ဆေးပညာရပ် တစ်ခု ဖြစ်ထွန်း လာစေရန် နိုင်ငံတော် က ပံ့ပိုးပေးလျက် ရှိသည်။ နိုင်ငံတော်၏ အမျိုးသား ကျန်းမာရေး စီမံကိန်းတွင် မြန်မာ့ တိုင်းရင်းဆေး ပညာ တိုးတက် ထွန်းကား ပြန့်ပွားရန် မူဝါဒများ၊ နည်းလမ်းများ အစဉ်တစိုက် ချမှတ် ဖော်ဆောင် ပေးလျက် ရှိသည်။

ပြည်သူများ အားကိုး သုံးစွဲသော မြန်မာ့ တိုင်းရင်း ဆေးဝါးများ ထုတ်လုပ် ဖြန့်ဖြူးမှုကို လေ့လာ ကြည့်လျှင် တိုင်းရင်းဆေးဝါး ဖော်စပ် ထုတ်လုပ်သူများ အနေဖြင့် ဆေးဝါး အဖြစ် ဖော်စပ်မည့် ပရဆေး ကုန်ကြမ်းများ သာမက ဖော်စပ်ပြီး တိုင်းရင်း ဆေးဝါးများကို စံချိန် စံညွှန်းမီ စေရန် ခေတ်မီ စက်ကိရိယာများ၊ ခေတ်မီ နည်းပညာများ နှင့် စနစ်တကျ ဆောင်ရွက်လျက် ရှိသည်။

သို့ဖြစ်ရာ မြန်မာ့ တိုင်းရင်းဆေး ပညာကို ကမ္ဘာတည် သရွေ့အဓွန့်ရှည် ခိုင်မြဲ ထွန်းကား စေရန်နှင့် မြန်မာ့ တိုင်းရင်းဆေး ပညာရပ် များသည် စံချိန် စံညွှန်း ပြည့်မီသော တိုင်းရင်းဆေး ပညာရပ် ဖြစ်လာ စေရန်၊ အမျိုးသား အမွေအနှစ် ဖြစ်သော မြန်မာ့ တိုင်းရင်းဆေး ကမ္ဘာ့ မျက်နှာစာ သို့တိုင် တိုးတက် ပြန့်ပွားစေရန် ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်း တိုက်တွန်း ရေးသား လိုက်ရ ပေသည်။

( အယ်ဒီတာ့ အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger