www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 1, 2014

နွေအပူဒဏ် ကျန်းမာရေးအသိဖြင့် ကာကွယ်


နွေအပူဒဏ် ကျန်းမာရေးအသိဖြင့် ကာကွယ်

ယနေ့ မျက်မှောက် ကာလ ကမ္ဘာ့နိုင်ငံ အသီးသီး တို့၌ ရာသီဥတု ပြောင်းလဲ ခြင်းကြောင့် လည်းကောင်း၊ လူသားတို့၏ ပယောဂ ကြောင့် လည်းကောင်း၊ ဖြစ်ပေါ် လာရသည့် ထူးခြား မိုးလေဝသ ဖြစ်စဉ်များ၊ အစွန်းရောက် မိုးလေဝသ ဖြစ်စဉ်များ နှင့် ဆက်နွှယ် နေသည့် အပူလှိုင်း ကျရောက်ခြင်း စသည် တို့သည် ၂၁ ရာစုနှစ် များအတွက် စိန်ခေါ်မှုများ ဖြစ်လာသည်။

ယခုအခါ နွေရာသီသို့ ရောက်လာပြီ ဖြစ်၍ ရာသီဥတု ပူပြင်းမှု ဒဏ်ကို ခံစား နေကြရပြီ ဖြစ်သည်။ ရာသီဥတု ပူပြင်းမှုကြောင့် လူတိုင်း၏ ခန္ဓာကိုယ် အသီးသီးတွင် ချွေးထွက် လွန်ကဲကာ မိတ် နှင့် ယားဖုများ ထွက်ခြင်း၊ ခန္ဓာကိုယ် အနေဖြင့် အလိုလို ပင်ပန်း နွမ်းနယ်မှု ခံစားရခြင်း၊ မူးမော်ခြင်း၊ ကြွက်တက်ခြင်း စသည့် ဝေဒနာများ ခံစား နေရသည့် အပြင် ချွေးစေးများ ထွက်ခြင်း၊ ချွေးများ ခန်းခြောက်ပြီး ခန္ဓာကိုယ် အပူချိန် မြင့်တက်လာခြင်း၊ သတိလစ်ခြင်း စသည့် ဆိုးရွားသည့် အဆင့်များ သို့ ရောက်လျက် အသက် အန္တရာယ် စိုးရိမ်ရသည့် အခြေအနေ သို့ ရောက်ရှိ နိုင်သည်။

ထို့ကြောင့် မလိုလား အပ်သည့် အကျိုးဆက်များ မဖြစ်ပေါ် စေရန် ပူပြင်းမှု ဒဏ်ကြောင့် တွေ့ကြုံ ရနိုင်သည့် ကျန်းမာရေး ဆိုင်ရာ အလေး ဂရုပြုသင့်သည့် အချက်များကို လိုက်နာကျင့်သုံး နေထိုင်ကြ ရမည် ဖြစ်သည်။ အပူလွန် ကဲသည့် နွေရာသီတွင် ချဉ်၊ ငန်၊ စပ် အပူစာ များကို များစွာ စားသုံးခြင်းမှ ရှောင်ကြဉ်ရန် လိုသည်။ ထိုသို့ စားသုံးပါက အပူလွန်ကဲပြီး ဝမ်းလျှောခြင်း၊ ချွေးထွက် လွန်၍ အားအင် ကုန်ခန်းခြင်း များ ဖြစ်တတ်သည်။ ထို့ပြင် အအေးလွန် ကဲသော အစားအစာ များကို လွန်ကဲစွာ စားသောက်ခြင်း မှလည်း ရှောင်ကြဉ်ရန် လိုသည်။

ပူပြင်းသည့် နွေရာသီတွင် မသင့်လျော် ဆုံးသော အာဟာရမှာ ရေခဲ ဖြစ်ခြင်းကို သတိပြုရန် လိုပါသည်။ ရေအေးအေး သောက်သုံး လိုပါက သောက်ရေကို သဲအိုး၊ ရေတကောင်း တို့တွင် ထည့်၍ သောက်သုံး သင့်သည်။ ရိုးရိုး ရေအေးသည် ဝမ်းမီးကို မထိခိုက် စေသော်လည်း ရေခဲသည် ဝမ်းမီး ကို ထိခိုက် စေပါသည်။ ''မကြေကျက်သော ဝမ်းမီးသည် ရောဂါတို့၏ မူလ အရင်းအမြစ် ပင်တည်း'' ဟူသော တိုင်းရင်းဆေး သမားတော်ကြီး များ၏ ဆုံးမ စကားသည် ကျန်းမာရေး အတွက် အဖိုးတန် လှသည်။ ကျန်းမာခြင်း အတွက် ဝမ်းမီး မျှတရန် အရေးကြီး သကဲ့သို့ ရေသောက် ရာတွင်လည်း ဝမ်းမီး မျှတမှုကို မထိခိုက် စေရန် သတိပြုရန် လိုသည်။

ရေသောက် ရာတွင် သန့်ရှင်းသော ရေကောင်း ရေသန့် ဖြစ်ရန် လိုသည့် သာမန် လူကောင်း တစ်ယောက် အနေဖြင့် နေ့စဉ် ရေသန့်ဘူး သုံးဘူးခန့် သောက်သုံးသင့် ပါသည်။ နံနက် အိပ်ရာထ မျက်နှာ သစ်ပြီးသည်နှင့် ညဥ့်သိပ်ရေ နှစ်ဖန်ခွက် သောက်သုံး သင့်သည်။ သတိပြုရန်မှာ ရေနွေးနှင့် ရေအေး အပြောင်းအလဲ ပြု၍ သောက်ခြင်း၊ ထမင်းစား နေစဉ် ရေအလွန်အကျွံ သောက်ခြင်းကို မပြုလုပ် မိရန် ဖြစ်သည်။

ရေအေး၏ အကျိုးဂုဏ် သတ္တိများမှာ မူးဝေခြင်း၊ တွေဝေ မိန်းမောခြင်း အော့အန်ခြင်း၊ အပူဖျားခြင်း၊ ပင်ပန်း နွမ်းနယ်ခြင်း စသည့် ဝေဒနာများ ကိုသက်သာ စေပြီး ပြင်းထန်စွာ လှုပ်ရှား၍ ရေငတ်သူ၊ ဒေါသ ပြင်းထန်စွာ ဖြစ်ပွားသူတို့ အနေဖြင့် ရေအေးကို သောက်သုံး သင့်သည်။ ရေနွေး မှာ ဆီးရွှင်ခြင်း၊ ဝမ်းမီး တောက်၍ အစာကြေညက် စေခြင်း၊ လည်ချောင်း သန့်ရှင်း စေခြင်း၊ ခန္ဓာကိုယ် ပေါ့ပါး သွက်စေခြင်း၊ ရင်ကျပ်၊ နှာစေး ဝေဒနာများ ပျောက်ကင်း စေခြင်း အကျိုးရှိသည်။

သို့ဖြစ်ရာ ပူပြင်းသည့် နွေရာသီတွင် အအေး ကြိုက်၍ စိတ်အလို လိုက်ကာ ရေခဲ စသည့် မသင့်သည့် အစားအစာ၊ သောက်ရေ စသည်တို့ကို အပူထဲမှ ပြန်လာချိန်၊ အပူထဲ သွားမည့် အချိန်များတွင် စားသောက်ခြင်းမှ ရှောင်ကြဉ်၍ ရာသီဥတုနှင့် သင့်တော်မည့် အစားအစာများ စားသောက်ခြင်း၊ သင့်တင့်သည့် နေထိုင်မှု ပုံစံဖြင့် နေထိုင် ခြင်းဖြင့် လူတိုင်း တွေ့ကြုံ ရမည့် နွေရာသီ အပူဒဏ်ကို တွန်းလှန်ကာ ကျန်းမာခြင်း သုခကို အပြည့်အဝ ရယူကြပါ ဟူ၍ တိုက်တွန်း ရေးသား လိုက်ရ ပေသည်။ 

( အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger