www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 18, 2014

သင့်နိုင်ငံကူး လက်မှတ်ကို လုံခြုံစိတ်ချစွာ သိမ်းဆည်းထား ပါရဲ့လား ...



သင့်နိုင်ငံကူး လက်မှတ်ကို လုံခြုံစိတ်ချစွာ သိမ်းဆည်းထား ပါရဲ့လား ...

မလေးရှား လေကြောင်း ခရီးစဉ် အမှတ် MH 370 သည် ကွာလာလမ်ပူ မှ ပေကျင်းသို့ အသွား ပါးလွှာသော လေထုထဲမှာ ပျောက်ခြင်းမလှ ပျောက်ကွယ် သွားပြီး လေယာဉ်ပေါ်ပါ ခရီးသည် နှစ်ဦးသာ ဘေးကင်းစွာ ကျန်ရှိ နေခဲ့သည်။

၎င်းတို့မှာ နိုင်ငံကူးလက်မှတ် အခိုးခံ လိုက်ရသော သြစတြေးလျ နိုင်ငံသား နှင့် အီတလီ နိုင်ငံသားတို့ ဖြစ်ပြီး ပျောက်ဆုံး နေသော ခရီးသည်များ အမည်စာရင်း တွင် ဖော်ပြခံ ရသော်လည်း ၄င်းတို့ ကိုယ်၌မှာမူ မလေးရှား နိုင်ငံ တစ်နေရာတွင် ဘေးမသီ ရန်မခ ရှိနေကြသည်။

နိုင်ငံကူး လက်မှတ် အခိုးခံရကြောင်း သိလျှင် သိချင်း ကာယကံရှင် များက သက်ဆိုင်ရာ ထံ အကြောင်းကြား ခဲ့ပြီး ယင်းနိုင်ငံကူး လက်မှတ် များကို အီရန်နိုင်ငံသား နှစ်ဦး ဖြစ်သော Seyed Mohammed Reza Delavar (၂၉)နှစ် နှင့် Pouria Nourmohammadi (၁၈)နှစ် တို့က ကိုင်ဆောင် သွားခြင်း ဖြစ်ကြောင်း အင်တာပို က အတည်ပြု ဖော်ပြသည်။

ပျောက်ဆုံး နေသော လေယာဉ်ကို လွယ်လွယ်နှင့် ရှာမတွေ့ မှသာ နိုင်ငံကူးလက်မှတ် ခိုးယူ ကိုင်ဆောင်ကာ လေယာဉ် စီးနင်းသူ နှစ်ဦးကို အာရုံစိုက် မိလာကြသည်။ မိမိ၏ နိုင်ငံကူး လက်မှတ် ရှိနေလျက် အဘယ်ကြောင့် အခြားသူ၏ နိုင်ငံကူး လက်မှတ်ကို ခိုးယူ ကိုင်ဆောင် ခဲ့ကြသနည်း။ မိမိတို့ ရုပ်ရည်နှင့် နိုင်ငံကူး လက်မှတ်တွင် ဖော်ပြသော ဓာတ်ပုံမှာ ကွဲပြားမှု မြောက်မြားစွာ ရှိသော်လည်း လုံခြုံရေး စစ်ဆေးမှု များကို မည်ကဲ့သို့ ကျော်ဖြတ် သွားနိုင် ခဲ့သဖြင့်။

၎င်းတို့ နှစ်ဦးသည် အကြမ်းဖက် သမားများ ဖြစ်နိုင်သည်ဟု ထင်ကြေး ပေးလာခြင်းကို အင်တာပို က ပယ်ချသည်။ ကွာလာလမ်ပူ လေဆိပ်မှ မထွက်ခွာမီ တစ်ရက် အလိုတွင် Nourmohammadi နှင့် Delevar တို့သည် မိတ်ဆွေ တစ်ဦးနှင့် အတူ ရှိနေခဲ့သည်။ သက်ဆိုင်ရာက စစ်ဆေး မေးမြန်းခဲ့ရာ ၄င်းတို့ နှစ်ဦးသည် ဥရောပ တိုက်သို့ သွားရောက်ကာ ဘဝ တိုးတက်ရေး လမ်းကြောင်း ရှာဖွေရန် စီစဉ် နေသူများ ဖြစ်ကြောင်း မိတ်ဆွေ ဖြစ်သူက ပြောပြသည်။

လုံခြုံရေး တာဝန်ရှိ သူများက နိုင်ငံကူး လက်မှတ် ခိုးယူ ကိုင်ဆောင် လိုက်ပါ သွားသူနှစ်ဦး အကြောင်းကို သဲသဲမဲမဲ စုံစမ်း စစ်ဆေး နေချိန်တွင် ခရီးသွား လုပ်ငန်း ဝန်ဆောင်မှု အဖွဲ့ အစည်းများ ဘက်ကလည်း အလေး အနက် တွေးတော ဆင်ခြင် သတိထား ပြုပြင်ရမည့် အပိုင်းမှာ ဖုံးမရ ဖိမရ ဖြစ်လာသည်။

နိုင်ငံကူး လက်မှတ် ခိုးယူ ကိုင်ဆောင်၍ စီးနင်း လိုက်ပါ သွားသည့် ခရီးသည် နှစ်ဦးကို အင်တာပို ၏ ခိုးခံ/ ပျောက်ဆုံး ခရီးသွား စာရွက် စာတမ်းများ ဒေတာဘေ့စ် ကို အသုံးပြုကာ ဖော်ထုတ် နိုင်ခဲ့သည်။ သို့သော် လေယာဉ် ပျောက်ဆုံးပြီးမှ ဖော်ထုတ်ခြင်း ဖြစ်နေသည်။ ၂ဝဝ၂ ခုနှစ်မှ စတင်ကာ ယင်း ဒေတာဘေ့စ်ကို နိုင်ငံတကာမှ လုံခြုံရေး အဖွဲ့အစည်း များက အသုံးပြုခွင့် ရခဲ့ပြီး ခရီးသည် တစ်ဦးချင်း စီက တင်ပြ လာသော နိုင်ငံကူး လက်မှတ်သည် ကမ္ဘာ့နိုင်ငံ တစ်ခုခုတွင် ခိုးခံ/ ပျောက်ဆုံးကြောင်း တိုင်ချက် ဖွင့်လှစ် ထားခြင်း ရှိ၊ မရှိကို ကွန်ပျူတာ ဖန်သားပြင် တွင် စက္ကန့်ပိုင်း အတွင်း စစ်ဆေး နိုင်သည်။

အင်တာပို သည် ဤနည်းဖြင့် အကြမ်းဖက် သမားများ၊ လူသတ်ကောင်များ၊ စစ်ရာဇဝတ်မှု ကျူးလွန် ထားသူများ ကို ဖော်ထုတ် ဖမ်းဆီး နိုင်ခဲ့သည်။ သို့သော် နိုင်ငံတကာမှ လုံခြုံရေး တာဝန်ရှိ သူများက အင်တာပို ဒေတာဘေ့စ်ကို လိုအပ် သလောက် အသုံးပြုလေ့ မရှိကြောင်း၊ ဒေတာဘေ့စ် ဖြန့်ချိ ပေးထားသော နိုင်ငံပေါင်း ၁၉ဝ ရှိသော်လည်း အမှန်တကယ် အသုံးပြုသည့် နိုင်ငံပေါင်း ၂ဝ ခန့်သာရှိပြီး ယင်းနိုင်ငံ များကလည်း ခရီးသည် ၁ဝ ဦးလျှင်  လေးဦး ခန့်၏ နိုင်ငံကူး လက်မှတ်ကို ခိုးခံ/ ပျောက်ဆုံး စာရင်းဖြင့် တိုက်ဆိုင် စစ်ဆေးလေ့ မရှိကြောင်း အင်တာပို က ပြောကြားသည်။

ဖော်ပြပါ နိုင်ငံ ၂ဝ အနက် အမေရိကန်၊ ယူကေ နှင့် ယူအေအီး နိုင်ငံ တို့သည် အင်တာပို ၏ ဒေတာဘေ့စ် ကို ထိရောက်စွာ အသုံးပြုသည့် နိုင်ငံများ ဖြစ်ပြီး ၂ဝ၁၃ ခုနှစ်အတွင်း ဒေတာဘေ့စ် အသုံးပြုမှု စာရင်းတွင် အမေရိကန် ၂၃၈ သန်း၊ ယူကေ သန်း ၁၄ဝ၊ ယူအေအီး ၁ဝ၄ သန်း ရှိသည်။

'' နိုင်ငံတကာ လေဆိပ်တွေမှာ နိုင်ငံကူး လက်မှတ် တစ်အုပ်ချင်း စီကို အင်တာပို ရဲ့ ဒေတာဘေ့စ် နဲ့ တိုက်ဆိုင် စစ်ဆေးမှု မပြုလုပ်နိုင်ဘူး ဆိုရင် လုံခြုံရေး ဟာကွက်ကြီး ဖြစ်နေမယ့် အရေးကြောင့် လိုအပ်ရင် ပုဂ္ဂလိက လုံခြုံရေး အဖွဲ့အစည်း တွေကို ငှားရမ်း သင့်ပါတယ် .. .. '' ဟု အင်တာပို အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ် ရောနယ်နိုဘယ် က ပြောကြားသည်။

လုံခြုံရေးကို ပုဂ္ဂလိက ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများ ကလည်း တွဲဖက် ဆောင်ရွက် နိုင်မည့် အစီအစဉ် ဖြစ်သော i-Checkit ကို အင်တာပို က စတင် ထားပြီး ဖြစ်ကြောင်း၊ ခရီးသည် တစ်ဦးက လေယာဉ် လက်မှတ်မှာယူ လိုက်သည်နှင့် ၄င်းခရီးသည် ၏ နောက်ကြောင်း ရာဇဝင်များ အားလုံးကို လေယာဉ် လက်မှတ် ရောင်းချသူက ချက်ချင်း စစ်ဆေး နိုင်မည့် စနစ်ဖြစ်ကြောင်း မတ် ၁၁ ရက်က ပြင်သစ်နိုင်ငံ လီယွန်မြို့ တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ဗိုလ်ချုပ် ရောနယ် က ပြောကြား သည်။

၂ဝ၁၃ ခုနှစ်တွင် နိုင်ငံတကာသို့ သွားရောက် ခဲ့ကြသော ကမ္ဘာလှည့် ခရီးသည် ဦးရေ တစ်ကုဋေ ရှိကြောင်း ကမ္ဘာ့ ခရီးသွား လုပ်ငန်း အဖွဲ့အစည်း က ထုတ်ပြန် ကြေညာသည်။ အဆိုပါ ခရီးသည်များ အနက် သုံးသန်းခန့်မှာ နိုင်ငံကူး လက်မှတ် ခိုးခံ/ ပျောက်ဆုံး လေ့ရှိရာ ၂ဝဝ၂ ခုနှစ် မှစတင် မှတ်တမ်းတင် ခဲ့သည့် ခိုးခံ/ပျောက်ဆုံး နိုင်ငံကူး လက်မှတ် များမှာ သန်း ၄ဝ ခန့် ရှိကြောင်း အင်တာပို က ပြောကြားသည်။

နိုင်ငံကူး လက်မှတ် ခိုးခံ/ပျောက်ဆုံး သွားပြီး မသမာသူ တစ်ဦးက ရရှိ သွားကာ ဒုစရိုက်မှု များ ကျူးလွန်လျှင် လုံခြုံရေး အဖွဲ့က ယင်း နိုင်ငံကူး လက်မှတ်ကို ခြေရာခံလျှင် မူလပိုင်ရှင်မှာ များစွာ ဖြေရှင်း ရမည် ဖြစ်သည့် အတွက် နိုင်ငံကူး လက်မှတ် ပျောက်လျှင် ပျောက်ချင်း သက်ဆိုင်ရာ သို့ ချက်ချင်း အကြောင်းကြား ရန် လိုအပ်သည်။ တစ်ဖန် ယင်းနိုင်ငံကူး လက်မှတ်ကို ရရှိထားသူ ကလည်း ပုံမှားရိုက် အသုံးပြုခြင်း မပြုလုပ်နိုင် ရန် ဘိုင်အို မက်ထရစ် နိုင်ငံကူး လက်မှတ်များ၊ e-Passport များကို နိုင်ငံပေါင်း တစ်ရာကျော် က ၂ဝ၁၂ ခုနှစ်မှ စတင်၍ အသုံးပြု နေကြပြီ ဖြစ်သည်။

ဘိုင်အို မက်ထရစ် နိုင်ငံကူး လက်မှတ် များသည် ကိုင်ဆောင်သူ၏ သက်ရှိ အင်္ဂါဖြစ်သော မျက်စိ၊ အသံ၊ လက်ဗွေ တို့ မှန်ကန်ခြင်း ရှိ၊ မရှိကို စစ်ဆေးနိုင်ပြီး e-Passport များတွင်လည်း ကိုင်ဆောင်သူ၏ ကိုယ်ရေး အချက်အလက်၊ ရုပ်ပုံနှင့် လက်ဗွေ တို့ကို ကွန်ပျူတာဖြင့် စစ်ဆေး နိုင်မည့် ချစ်ပ်ပြား ပါဝင် သောကြောင့် ယခု နောက်ပိုင်းတွင် နိုင်ငံကူး လက်မှတ် အတု ပြုလုပ်ခြင်း၊ ခိုးယူ ကိုင်ဆောင်ခြင်း တို့ကို ပြုလုပ်ရန် ပို၍ ခက်ခဲလာပြီ ဖြစ်သည်။

ထို့ပြင် ဘိုင်အို မက်ထရစ် နိုင်ငံကူး လက်မှတ်တွင် ပါဝင်သော အချက်အလက် များဖြင့် တစ်ဦးချင်း စီကို စစ်ဆေး နိုင်သကဲ့သို့ ယင်းလက်ဗွေ သည် အခြား လက်ဗွေ တစ်ခုခု နှင့် တူညီ တိုက်ဆိုင်မှု ရှိ၊ မရှိကိုလည်း စစ်ဆေး နိုင်သဖြင့် နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်သူ များကို ရှာဖွေရန် ပို၍ လွယ်ကူ ထိရောက် သွားမည် ဖြစ်သည်။

ဤမျှ ကောင်းမွန်သော နိုင်ငံကူး လက်မှတ် လုံခြုံရေး စနစ်များ ရှိနေသော်လည်း အီရန် နိုင်ငံသား နှစ်ဦးက ဥရောပ နိုင်ငံများတွင် အလုပ်အကိုင် ရှာဖွေနိုင်ရန် သြစတြေးလျ နှင့် အီတလီ နိုင်ငံသား တို့၏ နိုင်ငံကူး လက်မှတ် များကို ခိုးယူ ကိုင်ဆောင်ကာ ကွာလာလမ်ပူ နိုင်ငံတကာ လေဆိပ် လုံခြုံရေး စစ်ဆေးမှု များကို အလွယ်တကူ ကျော်ဖြတ်နိုင် ခဲ့သည်မှာ ပြောစမှတ် ပြုဖွယ် ဖြစ်သွားလေပြီ။

သင့်နိုင်ငံကူး လက်မှတ် ကိုရော လုံခြုံစွာ သိမ်းဆည်းထား ပါရဲ့လား။

TMK

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger