www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 19, 2014

အကျိုးရှိ မှန်ကန်သော အားထုတ်မှုဖြင့် အနာဂတ်ဆီသို့


အကျိုးရှိ မှန်ကန်သော အားထုတ်မှုဖြင့် အနာဂတ်ဆီသို့

လူ့အဖွဲ့ အစည်းအတွင်း နေထိုင် ကြရသော ပုဂ္ဂိုလ်များသည် လူအချင်းချင်း အပေါ် ထားရှိရမည့် စိတ် သဘောထား အမှန်တရားကို စဉ်းစား ဆုံးဖြတ်နိုင်စွမ်း ရှိကြမှသာ လူ့အဖွဲ့အစည်း ၏ ကောင်းကျိုး အဖြာဖြာ တို့ကို ဆောင်ကြဉ်း နိုင်ပေမည်။ လူ့အဖွဲ့အစည်း ၏ ကောင်းကျိုး တို့ကို ဆောင်ကြဉ်း နိုင်ရန် လူတစ်ဦးချင်း စီ၏ ကိုယ်၊ နှုတ်၊ နှလုံး(စိတ်ထား) တို့ဖြင့် အကျိုးရှိ မှန်ကန်သော အားထုတ်မှု ရှိရမည်။ အကျိုးရှိ မှန်ကန်သော အားထုတ်မှု ဆိုသည်မှာ လုပ်သင့် သည်ကို အချိန်အခါ အလျောက် လုံ့လ ဝီရိယ စိုက်ထုတ်၍ မဖင့်မနှေး လုပ်ကိုင်ခြင်း နှင့် မလုပ်သင့် သည်ကို မလုပ်မိအောင် ရှောင်ကြဉ် အားထုတ်ခြင်း တို့ပင် ဖြစ်သည်။ လူအချင်းချင်း ချစ်ကြည် ရင်းနှီးမှု၊ ရိုင်းပင်း ကူညီမှု တို့ဖြင့် ငြိမ်းချမ်း သာယာသော လူ့ဘောင် အဖွဲ့အစည်း တည်ဆောက် ကြရ သကဲ့သို့ နိုင်ငံ အချင်းချင်းတို့ သည်လည်း တည်ငြိမ် အေးချမ်းသော ကမ္ဘာကြီး တည်ဆောက် ကြရသည်။

ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်နှင့် လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတ နိုင်ငံ တို့သည် မိုင်ပေါင်း ၁၄ဝ ခန့် နယ်နိမိတ်ချင်း ထိစပ်လျက် ရှိသော အိမ်နီးချင်း နိုင်ငံများ ဖြစ်ကြပြီး ၁၉၅၆ ခုနှစ်မှ စ၍ နှစ်နိုင်ငံ သံတမန် ဆက်သွယ်လျက် ရင်းနှီး ချစ်ကြည်စွာ နေထိုင် ခဲ့ကြပြီး ဒေသတွင်း တည်ငြိမ်ရေး နှင့် ဖွံ့ဖြိုးရေး တို့ကို ပူးပေါင်း ဆောင်ရွက်လျက် ရှိသည်။

လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတ နိုင်ငံသို့ ချစ်ကြည်ရေး ခရီး ရောက်ရှိ နေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခေါင်းဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် ဖေဖော်ဝါရီ ၁၄ ရက်တွင် လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ သမ္မတ H.E. Mr. Choummaly SAYASONE အား ဂါရဝပြု တွေ့ဆုံ ခဲ့ကြသည်။ လာအို ပြည်သူ့ ဒီမိုကရက်တစ် သမ္မတ နိုင်ငံ သမ္မတ က နှုတ်ခွန်းဆက် စကား ပြောကြားရာ၌ '' မြန်မာနိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှု နှင့် စည်းလုံး ညီညွတ်မှုကို လက်တွေ့ မြင်တွေ့ ခဲ့ရ ပါကြောင်း၊ မြန်မာ နိုင်ငံ သမ္မတကြီး နှင့် တပ်မတော် ခေါင်းဆောင်များ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်း အကောင် အထည်ဖော် မှုများသည် အောင်မြင် လိမ့်မည်ဟု မိမိ ယုံကြည်မိ ပါကြောင်း'' ပြောကြားသည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မြန်မာ နှင့် လာအိုတို့ နှစ်နိုင်ငံ ရှည်လျားသော ဆက်ဆံရေး သမိုင်းကြောင်း ရှိခဲ့ကြောင်း ပြောကြားပြီး ဖွံ့ဖြိုးရေး အတွက် ငြိမ်းချမ်းရေး လိုအပ်ကြောင်း ပြောကြားရာ၌ '' နိုင်ငံ တစ်ခုသည် မည်သည့် စနစ်ပဲ ကျင့်သုံးသည် ဖြစ်စေ ပြည်တွင်း လက်နက်ကိုင် ဆန့်ကျင်မှုများ ချုပ်ငြိမ်းပါမှ ၄င်းနိုင်ငံ တိုးတက်မှု ရှိမည် ဖြစ်ကြောင်း၊ မိမိတို့ နိုင်ငံတွင်လည်း လက်ရှိ အစိုးရနှင့် တပ်မတော် သည် ယခုထက် ပိုမို ငြိမ်းချမ်းရေး ရရှိအောင် အစွမ်းကုန် ကြိုးပမ်း တည်ဆောက် နေပြီး မည်သည့် နိုင်ငံတွင် မဆို တပ်မတော် သည် နိုင်ငံတော်၏ အချုပ်အခြာ အာဏာနှင့် ပြည်သူလူထု ၏ အသက် အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့ တာဝန် ရှိကြောင်း၊ မကြာခင် ကာလတွင် မိမိတို့ နိုင်ငံသည် တိုင်းပြည်၏ အခြေအနေ နှင့် ကိုက်ညီသော ဒီမိုကရေစီ စနစ်ကို သွားနေပြီ ဖြစ်ကြောင်း၊ မိမိတို့ အခိုင်အမာ ပြောကြား လိုသည်မှာ လက်ရှိ နိုင်ငံရေး အခြေအနေ ထက် ပိုမို ကောင်းမွန်အောင် ရှေ့သို့သာ ချီတက် လျှောက်လှမ်း မည်ဖြစ်ပြီး လက်ရှိ အခြေအနေ မှ နောက်ကြောင်း ပြန်လှည့်မှာ မဟုတ်ကြောင်း '' ပြောကြား ခဲ့သည်။

သို့ဖြစ်၍ နိုင်ငံတော် အစိုးရ၊ ပြည်သူနှင့် တပ်မတော် တို့သည် အကျိုးရှိ မှန်ကန်သော အားထုတ်မှု ဖြင့် ရှေ့သို့သာ ချီတက် လျှောက်လှမ်း ကြမည်ဖြစ်ရာ လက်ရှိ နိုင်ငံရေး အခြေအနေ ထက် ပိုမို ကောင်းမွန်သော အခြေအနေ ဖော်ဆောင်ရေး အတွက် သက်ဆိုင်သူ အားလုံး ကိုယ်၊ နှုတ်၊ နှလုံး သုံးပါး စလုံး ညီညွတ်စွာ ပါဝင် ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။ ။



( ၁၉-၂-၂၀၁၄ ရက် မြ၀တီနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger