www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 6, 2014

စိတ်ဓာတ်ကလေး စည်ပင် စေချင်


စိတ်ဓာတ်ကလေး စည်ပင် စေချင်

ဒီကနေ့ ကျွန်မတို့ ချမ်းသာကြီး ဘုရား ၊ အတုလဇေယျုံ ကျောင်းတော်ကြီး အတွင်းသို့ ဒုတိယအကြိမ် ရောက်ခဲ့ပါပြီ။ အကြောင်း ကတော့ ဝေးလံ ခေါင်းပါးသည့် နာဂဒေသ တို့မှ တိုင်းရင်းသား ညီအစ်ကို မောင်နှမ များအတွက် အဝတ်အထည် ၊ စာရေး ကိရိယာ ၊ ဆေးနှင့် အခြား အသုံးအဆောင် ပစ္စည်းများကို အမေ့ မေတ္တာရှင် ဆရာတော်က ဦးဆောင်ပြီး သွားရောက် လှူဒါန်းမည်ဖြစ်သည်။ ထိုသို့ သွားရောက် လှူဒါန်း ရာတွင် အနယ်နယ် အရပ်ရပ်မှ ပေးပို့ လှူဒါန်း ထားသော အဝတ်အထည် များနှင့် စာရေးကိရိယာ လူသုံးကုန် များကို သူ့ အမျိုးအစား နှင့်သူ တူရာတူရာ ပြန်လည် သန့်စင် နေရာချထားပြီး ထုပ်ပိုး ပေးရမည် ဖြစ်သည်။ သို့အတွက် ကြောင့် ကျွန်မ အပါအဝင် ကွန်ပျူတာ သင်တန်းမှ သင်တန်းသား ၊ သင်တန်းသူများ သွားရောက် လုပ်အားပေးရန် ရောက်ရှိ လာခြင်း ဖြစ်သည်။

ပထမ တစ်ခေါက်တုန်း ကတော့ ကျွန်မတို့ အားလုံး ငွေအားဖြင့်သာ မက လုပ်အားဖြင့်ပါ ပါဝင် ကူညီရသည့် အတွက် ဝမ်းသာမဆုံး တပြုံးပြုံး ဖြစ်ခဲ့ ကြသည်။ အဝတ်အထည် အသစ်များ သာမက အဟောင်းများ ကိုပါ သပ်သပ်ရပ်ရပ် ထုပ်ပိုးပြီး လှူဒါန်း လိုက်သော သူများကိုလည်း မတွေ့ မမြင်ဖူး ပေမယ့် ကျေးဇူးတင် စကား တဖွဖွ ပြောမိသည်။ တချို့ ဆိုလျှင် လိုအပ်တာ များကို စိတ်စေတနာ အရင်းခံဖြင့် စဉ်းစားပြီး ထည့်ဝင် လှူဒါန်း သည်လည်း တွေ့ရသည်။ ဥပမာ အပ်ချည်နှင့် အပ် ၊ ကြယ်သီးပါ မကျန် လိုအပ်လေ မလားလို့ ပူပန် စဉ်းစားပြီး လှူခဲ့ဟန် တူသည်။ ကလေး ကစားစရာ အရုပ်နှင့် ကလေးငယ် များအတွက် ခြေအိတ် ၊ လက်အိတ် ပါမကျန် ထည့်ဝင် လှူဒါန်း ထားကြသည်။ ဒီလို စိတ်စေတနာ ထား လှူဒါန်းမှုမျိုး အတွက်လည်း မုဒိတာ ပွားရသည်။ တချို့က လုံချည် အသစ် ချုပ်ပြီးသား များကို သေသပ်စွာ ထုပ်ပိုးပြီး လှူဒါန်း ကြသည်။ တချို့က လုံချည် အဟောင်းပင် ဆိုစေကာမူ သေချာ လျှော်ဖွပ် သန့်စင်ပြီး ထုပ်ပိုး လှူဒါန်း ကြသည်။ စေတနာ အမျိုးမျိုးဖြင့် နေရာဒေသ အမျိုးမျိုးမှ စေတနာရှင် များက လှူဒါန်း ကြခြင်း ဖြစ်ရာ မည်သို့ပင် ဆိုစေ အားလုံး၏ ဆန္ဒများက တစ်မြေတည်းနေ တစ်ရေ တည်းသောက် တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေ အတွက် တူညီသော ဆန္ဒတစ်ခု ရှိသည် ဆိုသည်မှာ ပြောစရာပင် မလိုဟု ပျော်ရွှင်စွာ လုပ်အားပေး မိသည်။ 

ဒီကနေ့လည်း အရင်နေ့က လုပ်ခဲ့သော လုပ်အား ဒါနကို ပြန်တွေးရင်း ပျော်ရွှင်စွာဖြင့် ရောက်ရှိ လာခဲ့သည်။ အိတ်များကို တစ်အိတ်ပြီး တစ်အိတ် ဖွင့်နေ့စဉ်တွင် အနံ့အသက် နှင့် အမှုန်အမွှား တို့၏ တိုက်ခိုက်မှုကို စတင် ခံစားရသည်။ အဝတ်အထည် များကို အကောင်း အသန့် ရွေးနေစဉ်တွင် မလျှော်မဖွပ် ရသေးသော တချို့ အညစ်အကြေး များပင် ကပ်နေသော အဝတ်အထည် များကို တွေ့ရသည်။ သတိမမူ ၊ ဂူမမြင် သကဲ့သို့ တစ်ခါတလေ သေချာ ဂရုမစိုက် မိသည့် အခါမျိုးတွင် ဒါမျိုးဟာ ဖြစ်တတ် ပါသည်။ ပယ်မည့် အဝတ်အထည် တွေထဲ ထည့်ရင်း တခြားသူများ ကိုလည်း သေချာ စိစစ်ပြီး ပယ်ရန်သာ ပြောမိပါသည်။

နောက် အဝတ်အိတ် တစ်အိတ် အဖောက်အပြီး မှာတော့ မြင်လိုက်ရသည့် မြင်ကွင်းက စိတ်မကောင်း ဖြစ်မိ သွားပါသည်။ အဝတ်တွေက ဟောင်းရုံတင် မကပါဘူး ၊ စုတ်ပြဲ နေတာတွေ အတော်များ ပါသည်။ တချို့ အပြဲများမှာ အဝတ် တစ်ထည်လုံး ရစရာ မရှိအောင်ကို အနှံ့ပါနေတာ တွေ့ရ ပါသည်။ တချို့ အစွန်းအထင်း များမှာ မြင်မကောင်း အောင်ဖြစ်နေ ပါသည်။ ကျွန်မ စဉ်းစားမိသည်။ ဒီအဝတ်ကို ဘယ်သူတွေ ဝတ်မှာလဲ။ ဒီအဝတ်ဟာ ဘယ်သူတွေ အတွက်လဲ။ ကျွန်မတို့ တစ်မိတည်း မဆင်းသက် ခဲ့ကြ ရပေမယ့် တစ်မြေတည်း အပေါ်တွင် အတူနေ နေကြတဲ့ ညီအစ်ကို မောင်နှမတွေ အတွက်ပဲ မဟုတ်ပါလား။ ကျွန်မတို့ လှချင်ကြ သလို သူတို့လည်း လှချင်ကြ ပေလိမ့်မည်။ ကျွန်မတို့ ခေတ်မီ နေသလို သူတို့လည်း တိုးတက် ဖွံ့ဖြိုးမှု တစ်ခုကို မျှော်လင့် နေကြမည်။ ဘဝပေး အခြေအနေ ကံအကြောင်း တရား တွေကြောင့် မတူညီသော အခြေအနေ တစ်ခုအပေါ် အမှီပြု နေထိုင် နေကြ ရသည်။ ကျွန်မတို့ ကမ်းလိုက်သော လက်တစ်ဖက်ကို သူတို့ အပြုံးနှင့် ဆုပ်ကိုင် သင့်သည် မဟုတ်ပါလား။

ဆရာ တစ်ယောက် ပြောတာကို မှတ်သား ဖူးသည်။ '' ပျော်ရွှင်မှုကို ဘာနဲ့ တိုင်းတာ မလဲတဲ့။ များများ ပြုံးရင် များများ ပျော်တယ်လို့ သတ်မှတ် လို့ရတယ် ဆိုတဲ့ အခြေခံ သဘောတရား နဲ့ နှိုင်းယှဉ်ရင် ဒီအဝတ် အထည် များကို ရတဲ့သူတို့ ဆီမှ ပျော်ရွှင်မှုကို ကျွန်မတို့ တွေ့နိုင်မည် မထင်ပေ။ နေရာ ဒေသအရ ဝေးလံ ခေါင်းပါး လှပေမယ့် လူလူချင်း မြင်တဲ့ အမြင်မျိုးတော့ အားလုံးတွင် ရှိသင့်သည် မဟုတ်ပါလား။ ကိုယ်ကိုယ် တိုင်ပင် ဝတ်ရန် မသင့်တော်သော အဝတ်မျိုးကို ကိုယ့် မောင်နှမ များကို ပေးဝတ် မည်လော။ ကိုယ်ကိုယ်တိုင် ပင် မသုံးချင်သော အရာများကို အခြားသူများ ကို ပေးသုံးမည်ေ လာ . . . '' ဟု ကျွန်မ ကိုယ်တိုင်ပင် တွေးကြည့် ရုံနှင့် စိတ်မကောင်း ဖြစ်မိသည်။ လှူလိုက်သည် ဆိုကတည်းက ကျွန်မတို့ လူမျိုးများ၏ ထုံးစံအတိုင်း သဒ္ဓါတရား ကတော့ တိုင်းတာရန် မလိုအောင်ပင် များပြားေ နတတ်သည်။ ကိုယ်လှူ လိုက်သော အလှူ အတွက် လူအများ ဝမ်းမြောက် ဝမ်းသာ ဖြစ်စေရန် အတွက်ကား ဖြူစင်သော စိတ်စေတနာ ကလည်း အထူး လိုအပ်သည်။ 

ကိုယ့်ဒေသ ပတ်ဝန်းကျင် ကို ဖွံ့ဖြိုး တိုးတက် စေချင်လျှင် မိမိကိုယ်တိုင် အရင်ဆုံး ကောင်းအောင် ကြိုးစား ရမည်။ တစ်ဦး တစ်ယောက်ချင်း စီကကိုယ်စီ ကောင်းအောင် ကြိုးစားမှ အများအတွက် လည်း ကောင်းနိုင်မည် ဟု  ပြောစကား ရှိသည် မဟုတ်ပါလား။ ကိုယ်ကိုယ်တိုင် ၏ စိတ်ဓာတ်ကို အရင် ဖွံ့ဖြိုးအောင် အဘက်ဘက်မှ စဉ်းစား တွေးပေးသည့် အလေ့အကျင့် ကောင်းများ ရရှိအောင် လေ့ကျင့် သင့်သည်။ သို့မှသာ အများ အတွက် စဉ်းစား လုပ်ဆောင် သည့်အခါ ဖြစ်ချင် တာထက် ဖြစ်သင့်တာ ကို ဦးစားပေး လုပ်ဆောင် နိုင်မည်။ ထိုသို့ လုပ်ဆောင်မှု တိုင်းအတွက် လည်း အများသူငှာ စိတ်နှလုံး ဝမ်းမြောက် ဖွယ်ရာ အဖြစ် ကြည်နူးမှု အပေါင်း သရဖူဆောင်း နိုင်ပေ လိမ့်မည်။ လှူဒါန်းမှု အစုစု အတွက် သာဓု အကြိမ်ကြိမ် လည်း ခေါ်မိ ပါသည်။ သို့သော် ကိုယ်ချင်း စာသော စာနာ သော စိတ်ထား များဖြင့် လှူဒါန်းမှုကို ကမ္ပည်းထိုး နိုင်ရန် ကြိုးစား ကြစေ လိုပါသည်။

မဒါလေး

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger