www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 13, 2014

မသန်စွမ်းသူ ဆိုသော်ငြား စွမ်းဆောင် နိုင်သူများ


မသန်စွမ်းသူ ဆိုသော်ငြား စွမ်းဆောင် နိုင်သူများ

အယ်ဒီတာ့အာဘော်
( ၁၃-၁-၂၀၁၄ )

ယနေ့ ကမ္ဘာ့ လူဦးရေ သန်းပေါင်း ၇ဝဝဝ အနက် ဆယ်ပုံတစ်ပုံ ခန့်သည် မသန်စွမ်း သူများ ဖြစ်ကြပြီး ၈ဝ ရာခိုင်နှုန်း ခန့်မှာ ဖွံ့ဖြိုးဆဲ နိုင်ငံများ၌ နေထိုင်ကြ သူများ ဖြစ်သည်။ မသန်စွမ်းသူ အဖြစ် သတ်မှတ်ရာ၌ လူတစ်ဦး သည် လှုပ်ရှား ဆောင်ရွက်နိုင်စွမ်း လွန်စွာ လျော့နည်း နေခြင်း ၊ လူမှု အသိုက်အဝန်း အတွင်း ပါဝင်လှုပ်ရှား နိုင်ရန် အမြင်အာရုံ ၊ အကြားအာရုံ ၊ Óဏ်ရည် နှင့် သင်ယူနိုင်မှု စွမ်းရည် ချို့ယွင်း အားနည်းမှု များကြောင့် လှုပ်ရှား ဆောင်ရွက်နိုင်မှု စွမ်းရည် လွန်စွာ လျော့နည်း နေခြင်းတို့မှ တစ်မျိုး လျော့နည်း နေသူ သို့မဟုတ် နှစ်မျိုးစလုံး လျော့နည်းနေ သူကို မသန်စွမ်းသူ ဟု သတ်မှတ် ကြသည်။ မသန်စွမ်းမှု ကို လူ့ အခွင့်အရေး စာချုပ်စာတမ်း များ၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ခိုင်ခိုင်မာမာ သက်သေထူ နိုင်ရန် ကုလသမဂ္ဂ ၏ (၆၁) ကြိမ်မြောက် အထွေထွေ ညီလာခံက မသန်စွမ်းသူ အခွင့်အရေး များ ဆိုင်ရာ သဘော တူညီချက် ကို ၂ဝဝ၆ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် ပြဋ္ဌာန်း ခဲ့သည်။

မြန်မာနိုင်ငံ၌ အခြေခံ မသန်စွမ်းမှု စစ်တမ်း ကောက်ယူ ခဲ့ရာ နိုင်ငံ လူဦးရေ၏ ၂ ဒသမ ၃၂ ရာခိုင်နှုန်း သည် မသန်စွမ်း သူများ ဖြစ်ကြောင်း တွေ့ရသည်။ ထို့ကြောင့် အမျိုးသား အဆင့် မသန်စွမ်း သူများ၏ လုပ်ငန်း စီမံချက် (၂ဝ၁ဝ - ၂ဝ၂ဝ) ရေးဆွဲ၍ မသန်စွမ်း သူများ၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုး တိုးတက်စေရန် နှင့် လူ့ အသိုက်အဝန်း အတွင်း တန်းတူ ရည်တူ ပါဝင်ခွင့် ရရှိနိုင် စေရန် အကောင် အထည်ဖော် ဆောင်ရွက် နေပြီ ဖြစ်သည်။  မြန်မာနိုင်ငံ သည် အာရှ နှင့် ပစိဖိတ် ဒေသတွင်း နိုင်ငံဖြစ်ပြီး အာဆီယံ အဖွဲ့ဝင် နိုင်ငံလည်း ဖြစ်သည့် အတွက် ဘီဝါကို ထောင်စုနှစ် ရှေ့လုပ်ငန်းစဉ် နှင့် အာဆီယံ အသိုက်အဝန်း အတွင်း မသန်စွမ်း သူများ ပါဝင်မှုနှင့် မသန်စွမ်း သူများ၏ အခန်းကဏ္ဍ မြင့်မားရေး ဆိုင်ရာ ဘာလီ ကြေညာချက် ၊ အာဆီယံ မသန်စွမ်း သူများဆိုင်ရာ ဆယ်စုနှစ် လုပ်ငန်းစဉ် (၂ဝ၁၁ - ၂ဝ၂ဝ) တို့ကိုလည်း ဒေသတွင်း နိုင်ငံများနှင့် အတူ ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်လျက် ရှိသည်။

အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲများကို ၂ဝ၁၁ ခုနှစ်တွင် မလေးရှား နိုင်ငံ၌ ပထမအကြိမ် ကျင်းပ ခဲ့ရာမှ နှစ်နှစ် တစ်ကြိမ် ဆက်လက် ကျင်းပလျက် ရှိသည်။ (၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစား ပြိုင်ပွဲကို ဇန်နဝါရီ ၁၄ ရက်မှ ၂ဝ ရက်အထိ နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း ၌ ကျင်းပမည် ဖြစ်သည်။ ပြိုင်ပွဲတွင် မြားပစ် ၊ ပြေးခုန်ပစ် ၊ ဘိုစီယာ ၊ စစ်တုရင် ၊ ခုနစ်ယောက် တစ်ဖက် ဘောလုံး ၊ ငါးယောက် တစ်ဖက် ဘောလုံး ၊ ဂိုးလ်ဘော ၊ အလေးမ ၊ ရေကူး ၊ စားပွဲတင် တင်းနစ် ၊ ထိုင်လျက် ဘော်လီဘော နှင့် ဘီးတပ် ဘတ်စကက်ဘော ဟူသော အားကစား ၁၂ မျိုး ထည့်သွင်း ကျင်းပမည် ဖြစ်သည်။

အိမ်ရှင် မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင် အာရှနိုင်ငံ ၁၁ နိုင်ငံမှ မသန်စွမ်း အားကစား သမား ၁၁ဝဝ ကျော် ဝင်ရောက် ယှဉ်ပြိုင်ကြမည် ဖြစ်ရာ မြန်မာနိုင်ငံမှ မသန်စွမ်း အားကစား သမား ၂၁၃ ဦး ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ မြန်မာနိုင်ငံမှ မသန်စွမ်း အားကစား သမားများ ၂၁၃ ဦးတွင် နိုင်ငံတော်၏ ပိုင်နက် နယ်မြေ ဖြစ်သော မြေပြင် ၊ ရေပြင် နှင့် ဝေဟင် တို့တွင် လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန် ထမ်းဆောင်စဉ် ကိုယ်အင်္ဂါ အစိတ်အပိုင်း များ စွန့်လွှတ်ခဲ့ ရသော တပ်မတော်သား မသန်စွမ်း အားကစား သမား ၉၆ ဦး ပါဝင်ကြောင်း သိရသည်။ ပြိုင်ပွဲဝင် အားကစား သမားများသည် ပြိုင်ပွဲတိုင်း တွင် ရွှေတံဆိပ် ဆုများ ရယူပြီး အမိ နိုင်ငံတော် နှင့် နိုင်ငံသားတို့ ဂုဏ်ကို ဆောင်နိုင်ရန် ကြိုးစား အားထုတ်မှု ဖြင့် သန့်သန့် ရှင်းရှင်း ယှဉ်ပြိုင် အနိုင်ယူ ကြရမည် ဖြစ်သည်။ ယခင်ပြိုင်ပွဲ များတွင် စွမ်းဆောင် နိုင်ခဲ့သည်ထက် အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံ ကျင်းပချိန် တွင် နိုင်ငံအလိုက် အဆင့်မြှင့်တင် နိုင်ရန် ပိုမို စွမ်းဆောင် နိုင်ကြရမည် ဖြစ်သည်။

သို့ဖြစ်၍ မသန်စွမ်းသူ ဆိုသော်ငြား စွမ်းဆောင် နိုင်သူများ ယှဉ်ပြိုင် ကြမည့် (၇) ကြိမ်မြောက် အာဆီယံ မသန်စွမ်း အားကစားပွဲ များအား မိဘ ပြည်သူများ တစ်ခဲနက် ကြည့်ရှု အားပေး ချီးမြှင့် ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရပါသည်။   ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger