www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, January 20, 2014

အောင်နန်းရွာ က ထူးထူးခြားခြား ခြင်္သေ့များ



အောင်နန်းရွာ က ထူးထူးခြားခြား ခြင်္သေ့များ

မကွေးတိုင်း ဒေသကြီး ရေစကြို မြို့နယ် အောင်နန်း ကျေးရွာသည် လွန်ခဲ့သော နှစ်ပေါင်း ၁၄ဝ ကျော် ကတည်းက စီးပွားရေး ၊ လူမှုရေး ၊ ဘာသာ ၊ သာသနာ ထွန်းကား စည်ပင်ခဲ့သော ရွာဖြစ်ကြောင်း ခေါင်းလောင်းစာ အရ လေ့လာ သိရှိ ရသည်။ ထိုခေတ်က အောင်နန်းရွာသူ ရွာသား များသည် စည်းကမ်း လည်းရှိ ၊ အလုပ်အကိုင် လည်းကြိုးစား ၊ စနစ်လည်းကျ ၊ ချောင်းရေ ၊ ကန်ရေ တဖွေးဖွေးနှင့် စိုက်ရေး ပျိုးရေးကလည်း ကောင်းမွန် ၊ စည်းလုံး ညီညွတ်မှုလည်း ရှိသဖြင့် အိမ်ခြေ ၁ဝဝဝ ကျော် ၊ ဘုန်းတော်ကြီး ကျောင်း ၁၁ ကျောင်း ၊ သီလရှင်ကျောင်း နှစ်ကျောင်း ၊ လောကဓာတ် ကျောင်း တစ်ကျောင်း တို့ဖြင့် အထူး စည်ကား ခဲ့ပြီး ဘုန်းတော်ကြီးများ ၊ သူဌေး သူကြွယ်များ ၊ သူကြီးများ ၊ လက်လုပ် လက်စားများ စသည့် ဗုဒ္ဓဘာသာဝင် များက ဘုရား ၊ ပုထိုး ၊ စေတီ ၁၁၇ ဆူကို ရွာ၏ အရှေ့ဘက် ကုန်းမြင့်ထက် တွင် စုစုဝေးဝေး တည်ထား ကိုးကွယ် ခဲ့ကြသည့် အတွက် အမျိုးဘာသာ သာသနာ ထွန်းကားရာ ရွာကြီးတစ်ရွာ ဖြစ်ခဲ့ကြောင်း လေ့လာ သိရှိ ရသည်။

ထိုခေတ်က တည်ထား ကိုးကွယ်ခဲ့ ကြသော ဘုရား ၊ ပုထိုး ၊ စေတီများမှာ နှစ်ကာလ ကြာရှည်လာပြီး ရာသီဥတု ဒဏ်နှင့်အတူ ခေတ် အဆက်ဆက် ထိန်းသိမ်း ပြုပြင်မှု အားနည်း ခဲ့ကြသဖြင့် ယခုအခါ ဘုရား ၊ ပုထိုး ၊ စေတီ လေးငါးဆယ် သာ ဖူးတွေ့ ရသည်။ အဆိုပါ စေတီ ၊ ပုထိုးများ ရှေ့မုခ်ဦး အဝင်တွင် ခြင်္သေ့ရုပ်များ ထုလုပ်ထား သည်များ အနက် နှစ်ဆူသော စေတီ ၊ ပုထိုးရှေ့တွင် ထူးထူးခြားခြား ခြင်္သေ့ရုပ်တု များကို မြင်တွေ့ ရသည်။ များသော အားဖြင့် ခြင်္သေ့ ရုပ်တု များသည် ဆောင့်ကြောင့် ထိုင်လျက် တွေ့မြင်ရပြီး နှစ်ဆူသော ပုထိုး ၊ စေတီရှေ့မှ ခြင်္သေ့များသည် ထိုင်နေသည့် ပုံသဏ္ဌာန် မှန်ပါ သော်လည်း ၄င်းတို့၏ ရှေ့လက် နှစ်ဖက်မှာ မြေကို ထောက်ထားခြင်း မျိုးမဟုတ်ဘဲ တစ်ကောင်က ဘီလူးကို ထောက်၍ တစ်ကောင်က နဂါးကို ထောက်ကာ ထုလုပ် ထားသည်ကို ထူးထူးခြားခြား တွေ့မြင် ခဲ့ရသည်။

အဆိုပါ ခြင်္သေ့ရုပ်တု များနှင့် ပတ်သက်၍ ဒေသခံ သက်ကြီး ပုဂ္ဂိုလ် အချို့က ပြောပြသည်မှာ ရှေးက ဘုရားတည် ၊ ကျောင်းဆောက် ပြုလုပ်ရာမှာ နက္ခတ်တာရာ များကို ကြည့်၍ ချောချော မောမော အောင်အောင် မြင်မြင် အနှောင့်အယှက် အခက်အခဲ မရှိ တည်ထား နိုင်ရန် ယတြာများ စီရင် ပြုလုပ်လေ့ ရှိကြောင်း ၊ ယခု ရုပ်တု များမှာလည်း ယတြာသဘော ထုလုပ်ထားသည်ဟု ယူဆကြောင်း ဗဟုသုတ ရဖွယ် ကြားသိ ခဲ့ရသည်။

ယခုကဲ့သို့ ခြင်္သေ့များက ဘီလူးနှင့် နဂါးကို ထောက်၍ ထုလုပ်ခဲ့ ကြသော ရှေးက လက်ရာများမှာ အကြောင်းအရာ တစ်ခုခုကို အခြေခံ၍ ထုလုပ်ခဲ့ကြ သည်ဟု ယူဆရသည်။ မည်သို့ပင် ဆိုစေကာမူ မြန်မာ့သမိုင်း တစ်နေရာမှာ အဖြေရှိမည် ဖြစ်ရာ အဆိုပါ ရုပ်တုများနှင့် ပတ်သက်၍ သမိုင်း သုတေသီ ဆရာများက လေ့လာ ဖော်ထုတ် ရေးသား ပေးကြမည် ဆိုလျှင် နောင်လာ နောက်သား များမှာ မိမိလူမျိုး၏ ရိုးရာ ယဉ်ကျေးမှုကို ဂဃနဏ သိရှိ မှတ်သား နိုင်မည့်အကျိုး ရရှိစေမည် ဖြစ်ကြောင်း လွန်ခဲ့သော နှစ် ၁၄ဝ ကျော်က အောင်နန်းရွာ ဘုရား ၊ ပုထိုး ၊ စေတီ အစုအဝေး အတွင်းမှ ထူးထူးခြားခြား ဘီလူးနှင့် နဂါးကို ထောက်၍ ထားသော ခြင်္သေ့ရုပ်တု များကို ရှာဖွေ မှတ်တမ်းပြု ရေးသား အပ်ပါသည်။ 



ဖေထွဏ်းဇော် (ရေစကြို)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger