www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 21, 2014

ဒုဋ္ဌ၀တီမြစ်ကမ်းဘေးက သီပေါစော်ဘွားတို့၏ ကောင်းမှုတော်



ဒုဋ္ဌ၀တီမြစ်ကမ်းဘေးက သီပေါစော်ဘွားတို့၏ ကောင်းမှုတော်

မြန်မာနိုင်ငံ မန္တလေးမြို့ ဟုဆိုလျှင် မဟာမုနိ ဘုရားကြီး နှင့် နန်းတော် ၊ ကျုံးတို့ကို ယှဉ်တွဲ၍ မြင်မိကြသည်။ ထို့အတူ ရှမ်းပြည်နယ် သီပေါမြို့ ဟုဆိုလျှင် ဘော်ကြိုဘုရား ၊ မဟာမြတ်မုနိ ဘုရားနှင့် ဒုဋ္ဌဝတီမြစ် တို့ကို ယှဉ်တွဲ မြင်မိလျက်သား ဖြစ်ကြပေမည်။ သမိုင်းဝင် ဘော်ကြိုဘုရား သည် သီပေါမြို့အဝင် ငါးမိုင် အကွာတွင် တည်ရှိနေပြီး မဟာမြတ်မုနိဘုရားကြီးသည် မန္တလေး - မူဆယ် ပြည်ထောင်စု လမ်းမကြီး၏ လက်ယာဘက် အတွင်းပိုင်းတွင် တည်ရှိ နေပေသည်။ သီပေါမြို့ကို ပိုမို လှပတင့်တယ် စေသော မြို့နှင့် ခွဲခွာမရ နိုင်သည့် နမ္မတူမြစ် ၊ ဒုဋ္ဌဝတီမြစ် ၊ မြစ်ငယ်မြစ် ဟူပြီး နာမည် သုံးမျိုးဖြင့် ကျော်ကြား ထင်ရှား လှသည်။ ဒုဋ္ဌဝတီမြစ် သည် မြို့အထွက်တွင် သာယာ လှပစွာ စီးဆင်းလျက် ရှိနေသည်။

သီပေါမြို့သည် ရှမ်းပြည်နယ်တွင် ပါဝင် တည်ရှိသည့် အားလျော်စွာ ရှေးယခင်က စော်ဘွားများ အုပ်ချုပ် ခဲ့ကြသည်။ ရှမ်းစော်ဘွား များသည် ပြည်နယ် အတွင်းရှိ ပြည်သူပြည်သား များကို ရင်နှစ်သား ကဲ့သို့ ချင်ခင်မြတ်နိုး အုပ်ချုပ် မင်းလုပ်ခဲ့သည် သာမက ဘာသာတရား ကိုလည်း ရိုသေကိုင်းရှိုင်း ခဲ့ကြကြောင်း သီပေါမြို့ရှိ ရွှေရောင် တဝင်းဝင်း ရှေးဟောင်း စေတီပုထိုး များက သက်သေခံလျက် ရှိနေပေသည်။

ထိုအထဲတွင် မြို့၏ ကျက်သရေဆောင် သီပေါ မဟာမြတ်မုနိ ဘုရားကြီးမှာ တန်ခိုးကြီး လှပြီး ထင်ရှား လှပေသည်။ သီပေါမြို့ အတွင်းရှိ ၂၄ ဒသမ ၄၂၉ ဧက ကျယ်သော မြေပေါ်တွင် မူလ ဘုရားဒါယကာ သီပေါ စော်ဘွားကြီး ခွန်ကြာထွန်း ၏ သားတော် ကမ္ဘောဇ မဟာဝံသ သီရိပဝရ သုဓမ္မရာဇာဘွဲ့ရ (၈၅) ဆက်မြောက် စော်ဘွားကြီး စောကြာခိုင် နှင့် အမတော်ဖုရား ခင်သူဇာ (ခ) အရီး ထိပ်တင်ခေါင် တို့က တည်ထား ကိုးကွယ် ခဲ့ကြခြင်း ဖြစ်ပေသည်။

အလှူရှင် ကုသိုလ်ရှင် သီပေါ စော်ဘွားကြီး သည် မဟာမြတ်မုနိ ဘုရားကြီး တည်ထား ကိုးကွယ်ရာတွင် မန္တလေးမြို့မှ မဟာမြတ်မုနိ ဘုရားကြီးနှင့် ညီတော် ၊ နောင်တော် ဘုရားဖြစ် စေရန် အနီးစပ်ဆုံး ပုံစံတူ ယူ၍ မြေတိုင်းအမတ် ဦးကြိုင်ကို ပန်းတဉ်းဝန် ခန့်ကာ ပြုလုပ်စေခိုင်း ခဲ့ပြီး မန္တလေး မဟာမုနိ ဘုရားကြီးနှင့် ပုံစံတူ အလေးချိန်တူ သွန်းလုပ် ပူဇော် ခဲ့သော်လည်း အထမမြောက် ခဲ့ပေ။ အကြိမ်ကြိမ် ထပ်မံ ကြိုးစား ပူဇော် ခဲ့သော်လည်း မအောင်မြင် သောကြောင့် အလေးချိန် အနည်းငယ် လျှော့ပြီး သွန်းလုပ် ပူဇော်မှသာလျှင် ၁၂၅၇ ခုနှစ် ဝါဆို လပြည့်ကျော် ၅ ရက်တွင် အောင်မြင်စွာ ပြီးစီး ခဲ့လေသည်။ ယခုဆိုလျှင် မဟာမြတ် မုနိဘုရားကြီး၏ သက်တမ်းမှာ နှစ် ၁၂ဝ နီးပါးပင် ရှိခဲ့လေပြီ။

သီပေါမြို့ မဟာမြတ်မုနိ ကြေးသွန်; ရုပ်ပွားတော်ကြီး သွန်းလုပ်ရာ တွင် ကြေးပိဿာချိန် ၄၇၇၉ ပိဿာ ၁၅ ကျပ်သား ၊ ငွေ ၂၆ ပိဿာ ၊ ရွှေ ၂ ပိဿာ ၂၅ ကျပ်သား ၂ပဲ ၊ ငွေဒင်္ဂါး ၉၅၅၈ ကျပ် ၆ ပဲတို့ဖြင့် ပြုလုပ်ခဲ့ပြီး ၁၂၆၄ ခုနှစ်တွင် မကိုဋ်တော်ကို တင်လှူပူဇော် နိုင်ခဲ့သည်။ ၁၂၈၆ခုနှစ် ကဆုန်လဆန်း ၆ ရက်တွင် တန်ဆောင်းတော် မီးလောင်ခဲ့ သော်လည်း ရုပ်ပွားတော်မှာ အနည်းငယ်သာ မီးခ ခဲ့လေသည်။

ထူးခြားချက် တစ်ခုမှာ စေတီတော် အနီး ဝင်ပေါက်၏ လက်ဝဲဘက်တွင် ကြေးစေတီတော် တစ်ဆူ တည်ရှိ လေသည်။ ထို ကြေးစေတီတော် ကို သီပေါစော်ဘွားကြီး ဆာစောချယ် သည် ၁၂၈၆ ခုနှစ် တန်ခူးလတွင် စခန်းသာမြို့ စေတီဂီရိ တောင်ထိပ် ယခင် တည်ထားသော ပါဠုက ရှေးဟောင်း စေတီကို ငုံ၍ ရှစ်ထောင့် ကြေးစေတီ လှူဒါန်းလို သဖြင့် သီပေါ ၊ သုံးဆယ် ၊ မိုင်းလုံ ၊ မိုင်းတုံ လေးမြို့နယ်ရှိ မြို့နယ်သူ ၊ မြို့နယ်သား များကိုပါဝင် လှူဒါန်းစေရာ ကြေးပိဿာချိန် ၂၄၃၅ ပိဿာ ရရှိခဲ့ လေသည်။ ကြေးစေတီ သွန်းလုပ်ရန် မန္တလေးတောင်ရှိ ရသေ့ကြီး ဦးခန္တီထံ အပ်နှံပြီး မန္တလေး တောင်ပြင် (တမ္ပဝတီ) မှ ပန်းတဉ်း ဆရာများ သွန်းလုပ်နေ သောအချိန် စော်ဘွားကြီး ကွယ်လွန် သွားသဖြင့် သားတော် စောအုံကြာ (MA) က ဆက်လက် တာဝန်ယူ ဆောင်ရွက်ခဲ့ လေသည်။ စေတီတော်ကြီး မှာ စုစုပေါင်း ကြေးပိဿာချိန် ၆၁ဝ၃ ပိဿာရှိပြီး အလွန်ကြီးမား လေးလံလွန်း သောကြောင့် သယ်ဆောင်ရ လွယ်ကူအောင် အဆင့်ဆင့် ပြုလုပ်ခဲ့ရ လေသည်။

ယခုအချိန်တွင် သီပေါမြို့၌ မဟာမြတ်မုနိ ကြေးသွန်း ရုပ်ပွားတော်ကြီး နှင့် ကြေးသွန်း စေတီတော်ကြီး တို့မှာ မြို့၏ ကျက်သရေဆောင် ကြည်ညိုဖွယ်ရာ အဖြစ် တည်ရှိနေရာ မြို့သူ ၊ မြို့သားများမှာ ဂုဏ်ယူ ဝံ့ကြွား နေလျက် ရှိပေသည်။ 

သက်နိုင်(ပြင်ဦးလွင်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger