www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 17, 2014

အသက်အန္တရာယ် ကင်းဝေးရေး ပြည်တွင်းဖြစ် မြွေဆိပ်ဖြေဆေး အသုံးပြု


အသက်အန္တရာယ် ကင်းဝေးရေး ပြည်တွင်းဖြစ် မြွေဆိပ်ဖြေဆေး အသုံးပြု

အယ်ဒီတာ့အာဘော်
( ၁၇-၁-၂၀၁၄ )

စိုက်ပျိုးရေး နိုင်ငံဖြစ်သော မြန်မာနိုင်ငံ လူဦးရေ၏ ၇ဝ ရာခိုင်နှုန်း သည် ကျေးလက် ဒေသတွင် နေထိုင်၍ ဆန်စပါး နှင့် ရာသီအလိုက် သီးနှံ စိုက်ပျိုးသော လုပ်ငန်းဖြင့် အသက်မွေး ဝမ်းကျောင်းပြု နေကြသည်။ ကျေးလက်နေ ပြည်သူများ အတွက် လုပ်ငန်းခွင် အန္တရာယ် တစ်ခုမှာ အဆိပ်ရှိသော မြွေအန္တရာယ် ဖြစ်သည်။ အဆိပ်ရှိသော မြွေကိုက်ခံ ရသဖြင့် ဆေးရုံနှင့် ဆေးခန်းသို့ လာရောက် ကုသမှု ခံယူသူ အရေအတွက် သည် တစ်နှစ်လျှင် လူဦးရေ တစ်သောင်းခန့် ရှိသည်။

မြန်မာနိုင်ငံ တွင် မြွေဆိပ် ဖြေဆေးကို ၁၉၅၆ ခုနှစ်တွင် စတင် ထုတ်လုပ် ခဲ့သည်။ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ( WHO ) ၏ ထုတ်ပြန်ချက် အရ မြွေဆိပ် ဖြေဆေးကို မြင်း ၊ သိုး ၊ ဆိတ် ၊ ကြက်ဥ တို့မှ ထုတ်ယူ နိုင်ကြောင်း သိရသည်။ မြန်မာနိုင်ငံေ ဆးဘက်ဆိုင်ရာ သုတေသီ များသည် မြွေဆိပ်ဖြေဆေး ထုတ်လုပ်ရာတွင် မြင်းများမှ စတင် ထုတ်ယူခဲ့ပြီး ၂ဝဝ၆ ခုနှစ်မှ စတင်၍ ကြက်ဥမှ မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှုကို စတင် ကြိုးပမ်း ခဲ့ကြရာ ၂ဝဝ၉ ခုနှစ်တွင် အောင်မြင်စွာ ထုတ်လုပ် နိုင်ခဲ့သည်။ ၂ဝဝ၉ ခုနှစ် ဇန်နဝါရီတွင် တိုက်ကြီးမြို့နယ် ဆေးရုံ ၊ ဖေဖော်ဝါရီ တွင် တောင်တွင်းကြီး မြို့နယ်ဆေးရုံ ၊ မေ ၊ ဇွန် နှင့် အောက်တိုဘာ ၊ ဒီဇင်ဘာ တို့တွင် သာယာဝတီ ခရိုင်ဆေးရုံ တို့တွင် မြွေအကိုက်ခံ ရသော လူနာများ၏ သဘောတူ ခွင့်ပြုချက်ဖြင့် စမ်းသပ် ကုသခဲ့သည်။ စမ်းသပ် ကုသမှုတွင် မြွေပွေး အဆိပ်ဖြေဆေး ၏ ပြင်းထန်သော ဘေးထွက် ဆိုးကျိုး မတွေ့ရဘဲ လူနာ ၈၂ ရာခိုင်နှုန်းကို အောင်မြင်စွာ ကုသ ပေးနိုင် ခဲ့သည်။

သိုးမှတစ်ဆင့် မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှုကို ၂ဝဝ၈ ခုနှစ်မှ စတင်၍ သုတေသနပြု ကြိုးပမ်း ခဲ့ကြရာ သိုး၏ သွေးရည်ကြည် မှတစ်ဆင့် မြွေဆိပ်ဖြေဆေး ထုတ်လုပ်မှုကို ၂ဝ၁၂ ခုနှစ် ဇန်နဝါရီတွင် ရာနှုန်းပြည့် အောင်မြင် ခဲ့သည်။ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီ ၃ဝ ရက်တွင် အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲရေး ဌာန၏ ဆေးဝါး မှတ်ပုံတင် လိုင်စင် ရရှိခဲ့ပြီး အမှတ်(၁) ဆေးဝါးစက်ရုံ (ရန်ကုန်)မှ ဖြန့်ချိ နိုင်ပြီ ဖြစ်သည်။

မြန်မာနိုင်ငံ အတွင်း ရန်ကုန်တိုင်း ဒေသကြီး ၊ မန္တလေးတိုင်း ဒေသကြီး ၊ မကွေးတိုင်း ဒေသကြီး ၊ ပဲခူးတိုင်း ဒေသကြီး ၊ ဧရာဝတီတိုင်း ဒေသကြီး ၊ စစ်ကိုင်းတိုင်း ဒေသကြီး တို့သည် အဆိပ်ရှိသော မြွေအန္တရာယ် အများဆုံး ကြုံတွေ့ ရကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ချက်များ အရ သိရသည်။ အိမ်နီးချင်း နိုင်ငံများမှ ထုတ်လုပ်သော မြွေဆိပ်ဖြေဆေး များမှာ ၄င်းတို့ နိုင်ငံတွင် ရှိသော မြွေများ၏ အဆိပ်ကို ဖြေနိုင်သည့် အာနိသင် ရှိကြ သော်လည်း မြန်မာနိုင်ငံရှိ မြွေများ၏ အဆိပ်ကို ပြေစေနိုင်သည့် အာနိသင် နည်းပါးကြောင်း သုတေသီ များ၏ ပြောကြားချက် အရ သိရသည်။

အိန္ဒိယနိုင်ငံ ရှိ မြွေမျိုးစိတ် နှင့် မြန်မာနိုင်ငံ ရှိ မြွေပွေးမျိုးစိတ် မတူကြသဖြင့် အဆိပ် ပါဝင်မှုနှုန်း ကွဲပြား ခြင်းကြောင့် အိန္ဒိယနိုင်ငံ က ထုတ်လုပ်သော မြွေဆိပ်ဖြေဆေး ကို မြန်မာနိုင်ငံတွင် သုံးရန် မသင့်ပေ။ ကမ္ဘောဒီးယား နိုင်ငံ ၊ မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံ တို့တွင်ရှိသော မြွေပွေးမျိုးစိတ် တို့ တူညီကြ သဖြင့် ထိုင်းနိုင်ငံမှ ထုတ်လုပ်သော မြွေဆိပ်ဖြေဆေး ကို ကမ္ဘောဒီးယား နိုင်ငံ၌ အသုံးပြုကြရာ ထိရောက်မှု ရှိကြောင်း သိရသည်။

သို့ဖြစ်၍ မိမိနိုင်ငံ အတွင်းရှိ မြွေမျိုးစိတ်တွင် ပါဝင်သော အဆိပ်နှင့် စမ်းသပ် ထုတ်လုပ် ထားသော မြွေဆိပ်ဖြေဆေး ကိုသာ အသုံးပြု ကုသခြင်းဖြင့် အဆိပ်ရှိ မြွေကိုက်ခံရသူ တို့အတွက် အသက်အန္တရာယ် မှ ကယ်တင်နိုင်ရန် စိတ်အချ ရဆုံး ကုသမှု ဖြစ်ပေသည်။ ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger