www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 7, 2014

စည်းကမ်းလိုက်နာ ဘေးကင်းကွာ


စည်းကမ်းလိုက်နာ ဘေးကင်းကွာ

အယ်ဒီတာ့အာဘော်
( ၇-၁-၂၀၁၄ )

ယနေ့ ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်ကြီး တွင် တိုင်းဒေသကြီး များနှင့် ပြည်နယ်များ ၌ လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန် လာသည်နှင့် အမျှ တစ်နေရာမှ တစ်နေရာသို့ အချိန်တို အတွင်း ကူးသန်း သွားလာ ဆက်သွယ် နိုင်ကြပြီ ဖြစ်သည်။ ခရီးလမ်း ဆက်သွယ်ရေး တိုးတက် ကောင်းမွန် ခြင်းကြောင့် မော်တော်ယာဉ် များနှင့် မော်တော် ဆိုင်ကယ်များ သုံးစွဲမှု များပြား လာပြီး ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း လိုက်နာမှု အားနည်း လာခဲ့သည်။ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး ကော်မတီ အဆင့်ဆင့် ဖွဲ့စည်း၍ ပြည်သူများအား ပညာပေးခြင်း ၊ ကြပ်မတ် ကွပ်ကဲခြင်းများ အဆက်မပြတ် ဆောင်ရွက် သော်ငြား ယာဉ် မတော်တဆ မှုများ ဖြစ်ပွားနေဆဲ ရှိကြောင်း တွေ့ရသည်။

ဒီဇင်ဘာ ဒုတိယ ရက်သတ္တပတ် မှ တတိယ ရက်သတ္တပတ် အတွင်း တစ်ပြည်လုံးတွင် ယာဉ် မတော်တဆမှု ၂ဝ၅ မှု ဖြစ်ပွားပြီး ၄၂ ဦး သေဆုံး ခဲ့သည်။ အများဆုံး ဖြစ်ပွားသော နေရာများမှာ ရန်ကုန်တိုင်း ဒေသကြီး ၊ ပဲခူးတိုင်း ဒေသ ကြီး ၊ မန္တလေးတိုင်း ဒေသကြီး တို့ အစဉ်လိုက် ဖြစ်ပြီး နေပြည်တော် တွင် ယာဉ် မတော်တဆမှု နှစ်မှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။

ယာဉ် မတော်တဆမှု များတွင် မြို့ပြနှင့် ကျေးလက်များ တွင်ပါ အသုံးပြု နေကြသော မော်တော် ဆိုင်ကယ်နှင့် သက်ဆိုင်သည့် ဖြစ်စဉ်များ ပိုများသည်။ နိုင်ငံတော်တွင် မော်တော် ဆိုင်ကယ် လိုင်စင် ပြုလုပ်ရေး စီမံချက်ကို ၁၉၉၉ ခုနှစ်မှ စ၍ ၂ဝ၁၂ ခုနှစ်အထိ (၇)ကြိမ် ပြုလုပ် ခဲ့ရာတွင် မော်တော် ဆိုင်ကယ် စီးရေ ၁၅၈၇၂၉၂ စီးကို တရားဝင် ဖြစ်အောင် ဆောင်ရွက် ပေးခဲ့သည်။ နိုင်ငံတော် အတွင်းသို့ နယ်စပ်ဒေသ စစ်ဆေးရေး ဂိတ်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်း များအား ရှောင်လွှဲ၍ တရားမဝင် ရောက်ရှိ လာသော မော်တော် ဆိုင်ကယ် များ၏ စာရင်း ကောက်ခံရရှိမှု အရ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီ အထိ မော်တော် ဆိုင်ကယ်စီးရေ နှစ်သိန်းခန့် ရှိကြောင်း သိရသည်။

၂ဝ၁၂ ခုနှစ် မေ ၂၉ ရက်တွင် မော်တော် ဆိုင်ကယ်များ အခွန် ပေးဆောင်၍ ယာဉ်မှတ်ပုံတင် ပြုလုပ်ရေး ဆိုင်ရာ ညှိနှိုင်း အစည်းအဝေးကို ထိုအချိန်က ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန၌ ကျင်းပ၍ စီမံချက် အတည်ပြု ခဲ့သည်။ စီမံချက် ကာလကို ၂ဝ၁၂ ခုနှစ် ဇွန် ၅ ရက်မှ ၂ဝ၁၂ ခုနှစ် အောက်တိုဘာ ၄ ရက်အထိ သတ်မှတ်၍ သတ်မှတ် ကာလအတွင်း အခွန် ကောက်ခံမည့် နှုန်းထား များမှာ အကောက်ခွန် အတွက် သတ်မှတ် ကာလတန်ဖိုး ၏ ၅ ရာခိုင်နှုန်း ၊ ကုန်သွယ် လုပ်ငန်းခွန် အတွက် သတ်မှတ် ကာလတန်ဖိုး ၏ ၅ ရာခိုင်နှုန်း ၊ အာမခံ ပရီမီယံ ၂၅၅ဝ ကျပ်နှင့် ယာဉ် မှတ်ပုံတင်ကြေး ၂၂ဝဝဝ ကျပ် ဖြစ်သည်။ သတ်မှတ် ကာလ ကျော်လွန် သွားပါက နိုင်ငံပိုင်အဖြစ် သိမ်းဆည်း သွားမည် ဖြစ်ကြောင်း လည်း မီဒီယာများမှ တစ်ဆင့် ကြေညာ ခဲ့သည်။

မော်တော် ဆိုင်ကယ်များ အခွန်အခ ပေးဆောင်၍ ယာဉ်မှတ်ပုံတင် ပြုလုပ် ပေးခြင်းသည် ပြည်သူများ တရားဝင် မှတ်ပုံတင် စေပြီး အမှန်တကယ် အသုံးပြု လိုသော မော်တော် ဆိုင်ကယ် များအား တရားဝင် ကုန်သွယ်မှု လမ်းကြောင်း မှ တစ်ဆင့် တင်သွင်းခြင်း ၊ အရောင်း ပြခန်းများ ဖွင့်လှစ်၍ စနစ်တကျ ရောင်းချ စေခြင်းတို့ဖြင့် တရားမဝင် တင်သွင်းမှု ပပျောက်ရေး တို့အတွက် ဖြစ်သည်။

မော်တော် ဆိုင်ကယ် အသုံးပြု သူတို့သည် ဆိုင်ကယ် ဦးထုပ် မဆောင်းဘဲ စီးခြင်း ၊ အရှိန်ပြင်းစွာ မောင်းနှင်ခြင်း ၊ လူနှစ်ဦးထက် ပို၍စီးခြင်း ၊ ဆိုင်ကယ် မောင်းနှင်စဉ် လက်ကိုင် တယ်လီဖုန်း ပြောခြင်း ၊ အရက်သေစာ သောက်စားပြီးမှ မောင်းနှင်ခြင်း တို့ကြောင့် မတော်တဆ ဖြစ်ပွားမှုများ နေ့စဉ် တွေ့မြင် နေရသည်။ မတော်တဆမှု များမှာ မော်တော် ဆိုင်ကယ် အချင်းချင်း တိုက်မိခြင်း ၊ မော်တော်ကား နှင့် မော်တော် ဆိုင်ကယ် မျက်နှာချင်းဆိုင် တိုက်မိခြင်း ၊ ရှေ့က သွားနေသော မော်တော်ကား ကို မော်တော် ဆိုင်ကယ်က ကျော်တက်ရာမှ အခြား မော်တော်ကား တစ်စီးနှင့် တိုက်မိခြင်း ၊ လမ်းသွား နေသူကို မော်တော် ဆိုင်ကယ်က တိုက်မိခြင်း စသည်ဖြင့် တွေ့ရသည်။

သို့ဖြစ်၍ မော်တော် ဆိုင်ကယ် အပါအဝင် စက်တပ်ယာဉ် အသုံးပြု သူများနှင့် လမ်းသွား လမ်းလာသူများ တို့သည် စည်းကမ်း လိုက်နာ ဘေးကင်းကွာ ဆိုသည့်အတိုင်း မိမိတို့ လိုက်နာရမည့် ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း တို့ကို တိကျစွာ လိုက်နာ ကြပါရန် တိုက်တွန်း နှိုးဆော် လိုက်ရ ပါသည်။   ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger