www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 17, 2014

ခေတ်မီ နည်းစနစ်များဖြင့် ငါးမွေးမြူ


ခေတ်မီ နည်းစနစ်များဖြင့် ငါးမွေးမြူ

ကမ္ဘာပေါ်တွင် တစ်နေ့တခြား လူဦးရေ တိုးတက် များပြား လာသည့် အလျောက် လူတို့နေ့စဉ် စားသုံးရန် အတွက် စားနပ်ရိက္ခာ သည်လည်း အဓိက လိုအပ်လျက် ရှိရာ စားနပ်ရိက္ခာ ပြည့်စုံရေး အတွက် စိုက်ပျိုးရေး နှင့် မွေးမြူရေး တို့ကို နိုင်ငံတိုင်း အနေဖြင့် တိုးချဲ့ လုပ်ကိုင် လာလျက် ရှိသည်။

မြန်မာနိုင်ငံ အနေဖြင့်လည်း ရေမြေ သယံဇာတ ပေါများသည့် အလျောက် စိုက်ပျိုးရေး လုပ်ငန်းများ ၊ ရေချို ၊ ရေငန် ငါးမွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်လျက် ရှိပြီး ငါးမွေးမြူရေး ကန်များ ကိုလည်း တစ်ပိုင်တစ်နိုင် မွေးမြူ လာကြရာ ပြည်တွင်း စားသုံးမှုဖူလုံပိုလျှံ သည့်အပြင် ပြည်ပသို့လည်း တင်ပို့ ရောင်းချ နိုင်ပေသည်။

မြန်မာနိုင်ငံတွင် သဘာဝ အလျောက် ငါးဖမ်း ယူနိုင်သည့် မြစ်ချောင်း အင်းအိုင် ပေါများသဖြင့် ရေထွက် ကုန်ပစ္စည်း ပေါများလျက် ရှိသည်။ ထို့ပြင် ပင်လယ် ကမ်းရိုးတန်း များကိုလည်း ပိုင်ဆိုင် ထားသောကြောင့် ပင်လယ် ငါးဖမ်းလုပ်ငန်း များကို စီးပွားဖြစ် လုပ်ကိုင်လျက် ရှိကြပေသည်။ ပင်လယ် ငါးဖမ်း လုပ်ငန်း များတွင် ကမ်းနီး ၊ ကမ်းဝေး ငါးဖမ်းလုပ်ငန်း များကို တိုင်းရင်းသား လုပ်ငန်းရှင် များကို စည်းမျဉ်း ၊ စည်းကမ်း ဥပဒေနှင့် အညီ လုပ်ကိုင်ခွင့် ပေးလျက် ရှိသည်။ ထို့ကြောင့် ငါးမွေးမြူရေး ကန်များကို တိုးချဲ့ လုပ်ကိုင်လျက် ရှိရာ ယခုအခါ ငါးမွေးမြူရေးကန် ဧက နှစ်သိန်း ကျော်ခန့် တိုးချဲ့ လုပ်ကိုင်နိုင် ခဲ့သည်။

ထိုကဲ့သို့ ငါးမွေးမြူရေး ကန်များကို တိုးချဲ့ လုပ်ကိုင် နိုင်ခဲ့သဖြင့် ဒေသခံ ပြည်သူများ သည်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ပွင့်လန်း လာခဲ့ပြီး စားဝတ်နေရေး အတွက်လည်း အဆင်ပြေလျက် ရှိသည်။ ထို့ပြင် ခေတ်မီ ငါးမွေးမြူရေး နည်းစနစ်များကို အသုံးပြု လာခြင်းကြောင့် ငါးမျိုးကောင်း ၊ မျိုးသန့်များ ၊ သားဖောက် ခြင်းများ ဆောင်ရွက် မွေးမြူလာကာ ပြည်ပ ဈေးကွက်သို့ တင်ပို့ ရောင်းချ သည်။

သို့ဖြစ်ရာ မြန်မာ့ ရေထွက် ပစ္စည်းများသည် ပြည်တွင်း၌ စားသုံးမှု အပြင် ပြည်ပသို့လည်း တင်ပို့ ရောင်းချ နိုင်ခြင်းကြောင့် နိုင်ငံခြား ဝင်ငွေများ တိုးတက် ရရှိခဲ့သည်။ ထို့ကြောင့် ငါးမွေးမြူရေး လုပ်ငန်းများကို ခေတ်မီ နည်းစနစ် များဖြင့် ပိုမို ဆောင်ရွက် နိုင်ပါက နိုင်ငံခြား ဝင်ငွေများ ပိုမို တိုးတက် ရရှိမည် ဖြစ်ပါကြောင်း ရေးသား တင်ပြ လိုက်ရ ပေသည်။

(၁၇-၁-၂၀၁၄ ရက် ရတနာပုံနေ့စဉ်သတင်းစာ အယ်ဒီတာ့အာဘော် )

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger