www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 4, 2013

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ရှမ်းနှစ်သစ်ကူးပွဲတော် နှစ်သစ် မင်္ဂလာအခမ်းအနား တက်ရောက်



နေပြည်တော် ၊ ၄-၁၂-၂၀၁၃

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း နှင့် အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်း က လားရှိုးမြို့ ရန်တိုင်းအောင် ဘုရား အနီးရှိ ဆင်းရွှေလီ ကဇာတ်ရုံ ၌ ပြုလုပ်သည့် ရှမ်းနှစ် ၂၁၀၈ ခု ရှမ်းရိုးရာ နှစ်သစ်ကူး ပွဲတော် နှစ်သစ် မင်္ဂလာ အခမ်းအနား သို့ တက်ရောက်ကာ နှုတ်ခွန်းဆက် စကား ပြောကြားသည်။

ထိုသို့ ပြောကြား ရာတွင် ဒုတိယ သမ္မတ က မြန်မာနိုင်ငံ အတွင်းရှိ တိုင်းရင်းသား လူမျိုးပေါင်း (၁ဝဝ)ကျော် တို့သည် ရှေးနှစ်ပေါင်း များစွာကပင် အေးအတူ ၊ ပူအမျှ နေထိုင် လာကြပြီး နှစ်သစ်ကူးကို ပုံစံ အမျိုးမျိုးဖြင့် ကြိုဆိုကြ ပါကြောင်း ၊ နှစ်ဟောင်းက ရရှိသည့် သင်ခန်းစာဖြင့် နှစ်သစ်တွင် အောင်မြင်အောင် စိတ်သစ် ၊ လူသစ် ၊ စိတ်ကူးသစ် ၊ ဆုံးဖြတ်ချက် အသစ် စသည့်အသစ် ၊ အသစ်ပေါင်း များစွာ မျှော်လင့်ချက် များစွာနှင့် အတူ ကူးပြောင်း ကြပါကြောင်း။

ယခု ကျင်းပသည့် လားရှိုးမြို့ ရှမ်းနှစ်သစ်ကူး ပွဲတော်ကို ရှမ်းစာပေ နှင့် ယဉ်ကျေးမှု အဖွဲ့က ဦးဆောင် ကျင်းပခြင်း ဖြစ်ပြီး နှစ်သစ်ကူး ပွဲတော်ကို ၁၉၉၆ ခုနှစ်က စတင် ကျင်းပခဲ့ရာ ယခုဆိုလျှင် (၁၇)နှစ် ရှိပြီဖြစ် ပါကြောင်း ၊ ခေတ်စနစ်၏ ပြောင်းလဲမှု ရလဒ်ကို မိဘ ပြည်သူများ သိရှိပြီး ဖြစ်ပါကြောင်း ၊ ယနေ့ခေတ် သည် အများအကျိုး သယ်ပိုး ဆောင်ရွက်သူ များကို ရှေ့တန်းတင် သည့်ခေတ် ဖြစ်ပါကြောင်း ၊ ပြည်သူများ၏ ဆန္ဒနှင့် အညီ အရည်အချင်း ရှိသူ ၊ ကိုယ်ကျိုး စွန့်သူ ၊ ဒေသကို ဦးဆောင် ဦးရွက်ပြုနိုင် မည့်သူကို ရွေးချယ်နိုင်ပြီ ဖြစ်ပါကြောင်း ၊ ယနေ့ ကာလကို ကြည့်လျှင် ငြိမ်းချမ်းရေး အတွက် အတော်အသင့် ခရီးရောက် နေပြီဖြစ်ပြီး မကြာမီ ကာလတွင် ထာဝရ ငြိမ်းချမ်းရေး ရရှိလိမ့် မည်ဟု မျှော်လင့် နေကြပြီ ဖြစ်ပါကြောင်း ၊ ထို့ကြောင့် ငြိမ်းချမ်းရေး နှင့်အတူ ရရှိလာသည့် လွတ်လပ်မှု အသစ်ပေါင်း များစွာနှင့် အတူ နိုင်ငံတကာ အဆင့်မီသည့် လူမှုရေး ၊ စီးပွားရေး ဖွံ့ဖြိုး တိုးတက် စေနိုင်သော နှစ်သစ် မင်္ဂလာ ဖြစ်ပါစေ ဟု အလေးအနက် ဆန္ဒပြုအပ် ပါကြောင်းဖြင့် ပြောကြား ခဲ့သည်။

ဆက်လက်၍ ဒုတိယ သမ္မတ သည် ရိုးရာ ယဉ်ကျေးမှု ပဒေသာ ကပွဲနှင့် ဌာနဆိုင်ရာ ပြခန်းများ ၊ ယဉ်ကျေးမှု ပြခန်းများကို ကြည့်ရှု အားပေးကာ ဒေသခံ များအား ရင်းရင်းနှီးနှီး နှုတ်ဆက် ခဲ့သည်။

ရှမ်းနှစ်သစ်ကူး ပွဲကို သာသနာ တော်နှစ် (၄၅ဝ)တွင် စတင်ကျင်းပ လာခဲ့ကြောင်း ၊ ရှမ်းနှစ်သစ်ကူး နေ့ကို မြန်မာ ပြက္ခဒိန် အားဖြင့် နတ်တော် လဆန်း ၁ ရက်နေ့ကို သတ်မှတ် ထားကြောင်း ၊ နှစ်သစ်ကူး ရိုးရာပွဲတွင် နှစ်သစ်ကို ကြိုဆိုခြင်း ၊ နှစ်သစ် ကောင်းမှု ကုသိုလ်ပြုခြင်း ၊ နှစ်သစ် ကောက်သစ် စားခြင်း ၊ နှစ်သစ် ရိုးရာ ပျော်ရွှင်မှု တို့ဖြင့် ရိုးရာပွဲများ ကျင်းပ ဆင်နွှဲ ကြကြောင်း ၊ နှစ်သစ် ကူးခြင်းသည် လူတစ်ဦးချင်း စီ၏ စိတ်တွင်း၌ အမြဲသစ်လွင် စိမ့်ဝင် စေခြင်းဖြင့် မိသားစုမှ ရပ်ကွက် ၊ ရပ်ကွက်မှ မြို့နယ် ၊ မြို့နယ်မှ ပြည်နယ် အဆင့်ဆင့် ဖြန့်ကြက် ပွားများ စေသင့်သည်ဟု မှတ်ယူ အပ်ကြောင်း သိရသည်။

ထို့ပြင် ဒုတိယ သမ္မတသည် ရန်တိုင်းအောင် ဆုတောင်းပြည့် မြို့ဦး စေတီတော် လိုဏ်ဂူအတွင်း ဆရာတော်ကြီး များအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်ပြီး သံဃာတော် အပါး(၅ဝ) အား နှစ်သစ် နေ့ဆွမ်း ဆက်ကပ် လှူဒါန်းခဲ့သည်။

မွန်းလွဲပိုင်း တွင် ဒုတိယ သမ္မတသည် ပြည်သူ့ဆေးရုံ ၌ မျက်စိ ခွဲစိတ် ကုသမှုခံယူ ခဲ့သော လူနာများ အား ကြည့်ရှု အားပေးခဲ့ပြီး လားရှိုး ပြည်သူ့ဆေးရုံ ဆေးရုံအုပ်ကြီး က ပြည်သူ့ဆေးရုံ ဝန်ထမ်း အိမ်ရာ တိုးချဲ့ ဆောက်လုပ်ရန် လျာထားမှုများ အား မြန်မာနိုင်ငံ ဆရာဝန် အသင်း (လားရှိုး) ခန်းမဆောင် ၌ ရှင်းလင်း တင်ပြသည်။ ရှင်းလင်း တင်ပြချက် အပေါ် ဒုတိယ သမ္မတ က နိုင်ငံတော် အနေဖြင့် ပညာရေး နှင့် ကျန်းမာရေး အသုံးစရိတ် များကို ယခင်ကထက် ပိုမို တိုးမြှင့် ခွင့်ပြု ပေးလျက် ရှိပါကြောင်း ၊ ကျန်းမာရေး ကဏ္ဍကို ကြည့်မည် ဆိုလျှင် ယခင်ကထက် လေးဆခန့် ပိုမိုခွင့်ပြု ပေးခဲ့သော်လည်း အသုံးစရိတ် လိုအပ်ချက်များ ရှိနေဆဲ ဖြစ်သည်ကို သိရှိ ရပါကြောင်း ၊ ယမန်နှစ်က ဆေးဝါး အမြောက်အမြား ဝယ်ယူထားပြီး ဖြစ်သည့် အတွက် ဆေးဝါး လုံလောက်မှု ရှိလာ သော်လည်း ဆေးရုံ အဆောက်အအုံ များအတွက် အသုံးစရိတ် လိုအပ်နေဆဲ ဖြစ်ပါကြောင်း ၊ ဤဆေးရုံကြီး ရှိ ဝန်ထမ်းအိမ်ရာ များတွင် ဝန်ထမ်း အင်အား၏ သုံးပုံ တစ်ပုံခန့် ကိုသာ နေရာချ ထားပေး နိုင်ပြီး အိမ်ရာများ၏ သက်တမ်း သည်လည်း နှစ်ကာလ ကြာမြင့် နေပြီ ဖြစ်သည်ကို တွေ့ရှိရ ပါကြောင်း ၊ ထို့ကြောင့် အချို့ကို မွမ်းမံ ပြင်ဆင်၍ အချို့ကို အသစ် ဆောက်လုပ် နိုင်ရန် စီမံချက်ချ ဆောင်ရွက် ရမည် ဖြစ်ပါကြောင်း ၊ နောင် တိုင်းပြည် စီးပွားရေး ပိုမို တိုးတက် လာပါက ယခုထက် ပိုမို တိုးတက် ဆောင်ရွက် ပေးနိုင်မည် ဖြစ်ပါကြောင်း ၊ နိုင်ငံတော် အပိုင်းကမူ တတ်နိုင်သမျှ ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ဖြင့် ပြောကြား ခဲ့သည်။

ဆက်လက်၍ ဒုတိယ သမ္မတ သည် သီရိမင်္ဂလာ မန်ဆူ ရှမ်းကျောင်း ၌ မျက်စိ ၊ သွား နှင့် နှုတ်ခမ်းကွဲ ၊ အာခေါင်ကွဲ ကုသပေး နေမှုအား ကြည့်ရှု အားပေးကာ မိုင်းရယ် ၊ သိန်းနီ နှင့် လားရှိုးမြို့တို့မှ ဆေးဝါး လာရောက် ကုသသူများ အား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးခဲ့သည်။

ထိုမှ တစ်ဆင့် ဒုတိယ သမ္မတ သည် နားမခေါ် အဆင့်မြင့် အဝေးပြေး ယာဉ်ရပ်နား စခန်း စီမံကိန်း ရှင်းလင်းဆောင် သို့ ရောက်ရှိရာ လားရှိုးမြို့ မြို့ကွက်သစ် အမှတ်(၁) စီမံကိန်း ဖော်ထုတ် ဆောင်ရွက်မှုများ နှင့် ပတ်သက်၍ ခရိုင် အုပ်ချုပ်ရေးမှူး က ရှင်းလင်း တင်ပြပြီး ပြည်ထောင်စု ဝန်ကြီး ဦးကျော်လွင် က ဖြည့်စွက် တင်ပြကာ ဒုတိယ သမ္မတ နှင့်အဖွဲ့ဝင် များသည် မြို့ကွက်သစ် ဖော်ထုတ် ထားမှုကို မော်တော်ယာဉ် ဖြင့် ကြည့်ရှု ခဲ့ကြောင်း သိရှိရသည်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger