www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, August 6, 2013

ချောင်းဦးမြို့နယ်ရှိ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို သက်ဆိုင်ရာမှ စောင့်ရှောက်ပေးစေလို


ရန်ကုန် ၊ ၆-၈-၂၀၁၃

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာခရိုင် ချောင်းဦးမြို့နယ် ၏ အနောက် တောင်ဘက် ၁၄ မိုင်ခန့်အကွာ မန္တလေး - ပခုက္ကူ ကားလမ်း၏ မြောက်ဘက် ဆင်ဖြူရှင် ချင်းတွင်း မြစ်ကူး တံတားကြီး အနီးရှိ ရှေးဟောင်း ယဉ်ကျေးမှု နယ်၌ သမိုင်းဝင် စေတီပုထိုး များနှင့် သာသနိက အဆောက်အအုံ အချို့ ပြိုကျပျက်ယွင်း စဖြစ်နေသည့် အတွက် သက်ဆိုင်ရာ မှ ထိန်းသိမ်း စောင့်ရှောက် ပေးစေလိုကြောင်း သမ္ဘူလ ဆုတောင်းပြည့် စေတီ ဂေါပက အဖွဲ့ဝင် ဦးဘဂျမ်း က " ပျက်စီးစပြု နေပြီ ဖြစ်တာကြောင့် အားလုံးက ၀ိုင်းဝန်းပြီး ထိန်းသိမ်း စောင့်ရှောက် ပေးစေချင် ပါတယ် ... " ဟု ပြောကြား ခဲ့သည်။



အဆိုပါ ဒေသသည် ရှေးဟောင်း သမိုင်းဝင် စေတီပုထိုးများ အများအပြား ရှိရာ စေတီ အဆူတော် အရေအတွက် ကို လွယ်ကူစွာ မှတ်သား သိရှိနိုင်ရန် ရှေးစာဆို များက " ရွှေလက်ပံ ၊ ငုံစီစီ " ဟု လင်္ကာအားဖြင့် မှတ်သား ထားခဲ့သည်။ အဓိပ္ပာယ်မှာ ယင်းဒေသ၏ ရှေးဟောင်း စေတီပုထိုး အရေအတွက် မှာ ၄၄၅၂၃၃ ဆူခန့် ရှိကြောင်းကို ဖွဲ့ဆို ထားခဲ့ခြင်း ဖြစ်သော်လည်း မျက်မှောက် ကာလတွင်မူ သဘာဝ ဘေးအန္တရာယ် များနှင့် ရာသီဥတု ၏ တိုက်စားချက် များအရ အဆိုပါ ဒေသတွင် ရှေးဟောင်း သမိုင်းဝင် စေတီပုထိုး ၁၃၂ ဆူခန့်သာ ကျန်ရှိ တော့ကြောင်း ထိုဒေသရှိ မြေတိုင်း ၀န်ထမ်း ဦးကျော်ဆွေ ၏ စာရင်း ပြုစုချက် များအရ သိရသည်။

" ဟောဒီ ရှေးဟောင်း သာသနိက အဆောက်အအုံ တွေကို စနစ်တကျ ထိန်းသိမ်း စောင့်ရှောက်ပြီး ခရီးသွား လုပ်ငန်းတွေကို တိုးချဲ့မယ် ဆိုရင် ဒေသခံ ပြည်သူတွေ အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်း များ ရရှိလာနိုင် သလို ပြည်တွင်း ပြည်ပ ခရီးသွား တွေအတွက်လည်း ဖူးမြော် လေ့လာစရာ နယ်မြေ တစ်ခု တိုးလာစေနိုင် ပါတယ် .... " ဟု မုံရွာမြို့ပေါ်ရှိ ဟိုတယ် လုပ်ငန်းရှင် တစ်ဦးက ပြောကြား ခဲ့သည်။


ယခုအခါ အဆိုပါ ဒေသရှိ စေတီပုထိုး အချို့နှင့် သာသနိက အဆောက်အအုံ များသည် ပျက်စီး ယိုယွင်းမှုများ ဖြစ်ပေါ်လျက် ရှိရာ တချို့သော စေတီ ပုထိုးများသည် မြေသားပုံ အတိသို့ ဖြစ်နေရကြောင်း ၊ မြန်မာတို့၏ အမျိုးသားရေး စရိုက် လက္ခဏာများ နှင့် ယဉ်ကျေးမှု အမွေအနှစ် ဆိုင်ရာ သမိုင်းဝင် အထောက် အထားများ တိမ်ကော ပျက်ယွင်းခြင်း မရှိစေရန် အတွက် သက်ဆိုင်ရာ မှ ထိန်းသိမ်း စောင့်ရှောက် ပေးရန် လိုအပ်လျက် ရှိကြောင်း ချောင်းဦးမြို့နယ် ၊ သုံးပန်လှ စံပြ ကျေးရွာနေ ဒေသခံ ပြည်သူများ ၏ ပြောပြချက် များအရ သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger