www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 4, 2013

မြန်မာ့ဆန် ဂျပန်ကို ပိုမို တင်ပို့နိုင်ရန် စက်တင်ဘာလတွင် တင်ဒါထပ်မံ ၀င်ပြိုင်မည်


ရန်ကုန် ၊ ၄-၇-၂၀၁၃

ဂျပန်နိုင်ငံ၏ နှစ်စဉ် လိုအပ်နေသော ဆန်တန်ချိန် ၆ သိန်းကို မြန်မာနိုင်ငံ အနေဖြင့် ဆန်တန်ချိန် ၅၀၀၀၀ တင်ပို့နိုင်ရန် လာမည့် စက်တင်ဘာလ တွင် ခေါ်ယူမည့် တင်ဒါကို ၀င်ရောက် ယှဉ်ပြိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ တောင်သူ လယ်သမား အသင်း ယာယီ ဥက္ကဋ္ဌ နှင့် မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်း တွဲဖက် အထွေထွေ အတွင်းရေးမှူး ဒေါက်တာ စိုးထွန်း က ဇူလိုင်လ ၃ ရက်နေ့တွင် ပြောကြား ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် နှစ်ပေါင်း ၄၅ နှစ်အတွင်း ဂျပန်နိုင်ငံ သို့ ဆန်ပြန်လည် တင်ပို့နိုင်ရန် ဂျပန်နိုင်ငံ ဆန်တင်ဒါ ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လတွင် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ဂျပန်နိုင်ငံ လယ်ယာ စိုက်ပျိုးရေး သစ်တော နှင့် ငါးလုပ်ငန်း ၀န်ကြီးဌာန တာဝန်ရှိ သူများ အနေဖြင့် မြန်မာနိုင်ငံ သို့ ခုနှစ်ကြိမ်မျှ လာရောက် ကြည့်ရှု ပြီးနောက် ကြိုက်နှစ်သက် ခဲ့သည့် အတွက် ဇွန်လ ၁၈ ရက်တွင် တန်းမြင့် ဆန်တန်ချိန် ၅၀၀၀ ကို နာဂိုယာ ဆိပ်ကမ်းကို စတင် တင်ပို့ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆန်မတင်ပို့မီ မြန်မာ့ဆန် ကို သတ်မှတ် ထားသော အရည်အသွေး များဖြစ်သော သင်္ဘော မတင်ပိုမ့မီ ကုန်ကြမ်း စစ်ဆေးခြင်း ၊ ကြိတ်ခွဲပြီး ဆန်များကို ပါကင်ထုတ်ပိုးမှု တွင် စစ်ဆေးခြင်း ၊ စမ်းသပ်မှု အောင်မြင်သော နမူနာ အတိုင်းသာ တင်ပို့ခြင်း ၊ ယင်းဆန်များကို ဂျပန်နိုင်ငံ တွင် သင်္ဘောပေါ်မှ မချမီ နောက်ဆုံး စစ်ဆေးပြီး စစ်ဆေးမှု အောင်မြင်မှသာ ဂျပန်နိုင်ငံ သိုလှောင်ရုံ များသို့ ပို့ဆောင်ခြင်း စသော လုပ်ငန်း အဆင့်ဆင့် ဖြင့် မြန်မာ့ တန်းမြင့်ဆန် များကို တင်ပို့ ခဲ့ကြောင်း သိရသည်။

ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်သော ဂျပန်နိုင်ငံ သို့ ဆန်တင်ပို့ရန် အတွက် ဂျပန်နိုင်ငံ မှ စိတ်ဝင်စား ၀ယ်ယူချင် သော ဆင်းသွယ်လတ် နှင့် မှော်ဘီ(၂) စပါးမျိုး များသည် ဓာတုဗေဒဆေး အလွန်အကျွံ အသုံးစွဲရန် နှင့် မှိုမတက် စေရန် အဓိက အရေးကြီးပြီး အဆိုပါ အရည်သွေး များနှင့် ပြည့်စုံပါက ဂျပန်ဆန် တင်ဒါကို အောင်မြင် နိုင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ထွက် ဆန်တန်ချိန် အများအပြား မှာ ယခင်က အိမ်နီးချင်း နိုင်ငံများ သို့သာ အဓိက တင်ပို့ နေရာမှ ယခုနှစ်မှစ၍ စိုက်ပျိုးမှု နည်းပညာ ၊ မျိုးစပါး ကောင်းမှု နှင့် ဆန်စက် စသော အရည်အသွေး များကို မြှင့်တင်ပြီး အနောက်နိုင်ငံ များဖြစ်သော ပေါ်တူဂီ ၊ စပိန် နှင့် အီတလီ နိုင်ငံများသို့ စမ်းသပ် တင်ပို့ ထားကြောင်း သိရသည်။


ဂျပန်နိုင်ငံ သို့ မြန်မာ့ဆန် ပြန်လည် တင်ပို့နိုင် ခြင်းမှာ အနာဂတ် တွင် မြန်မာ့ဆန် ကို ဈေးကောင်း ရစေသည့် အပြင် EU နိုင်ငံများ သို့ပါ ဈေးကွက် ထိုးဖောက်နိုင်ရန် များစွာ အထောက်အကူ ဖြစ်စေကြောင်း သိရသည်။ EU နိုင်ငံများမှာ ဂျပန်နိုင်ငံ လောက် စစ်ဆေးမှု တင်းကျပ်သော နိုင်ငံများ မဟုတ်သောကြောင့် ဂျပန်နိုင်ငံ က မြန်မာ့ဆန် ကို လက်ခံခြင်းသည် မြန်မာ့ဆန် ၏ အရည်အသွေး ကို မှတ်ကျောက်တင် နိုင်သော အခွင့်အလမ်း တစ်ခု ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger