www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, July 3, 2013

မြန်မာနိုင်ငံ ဓာတ်ပုံအသင်း လစဉ်ဓာတ်ပုံပြိုင်ပွဲ

Outing အစီအစဉ် " ခါသင်္ကြန် "

ပထမ - သန္တာစိုး ( ခ) စိုးမြန်မာ



ဧပြီလ Outing အစီအစဉ်အတွက် ဧပြီလ၏ ရာသီပွဲတော် ဖြစ်သည့် " ခါသင်္ကြန် " ကို ကြိုတင် ခေါင်းစဉ် သတ်မှတ်၍ အသင်းဝင်များအား ယှဉ်ပြိုင် စေပါသည်။ ခါသင်္ကြန် ခေါင်းစဉ်အတွက် အသင်းသား ၃၆ ဦးထံမှ ပုံပေါင်း ၇၅ ပုံ ပေးပို့ ယှဉ်ပြိုင် ကြသည်။ အသင်းကြီး ၏ နာမည်ကျော် အမျိုးသမီး ဓာတ်ပုံ ပညာရှင် သန္တာစိုး က ပထမဆု ကို ထိုက်တန်စွာ ရယူခဲ့ ပါသည်။ ဆုရဓာတ်ပုံ မှာ မြို့တွင်းရှိ အမှန်တကယ် ရေကစား နေကြပုံကို မရိုက်ကူးဘဲ စိတ်ကူး စိတ်သန်း ကောင်းမွန်စွာဖြင့် ကျေးလက် သင်္ကြန်အဖြစ် သရုပ်ဖော် ပြင်ဆင် ရိုက်ကူး ထားသည်။ နောက်ခံ တောအုပ် နှင့် လမ်းကြားတွင် ရေစည် တွန်းလှည်းအား ကလေးငယ်များ စုပေါင်း ရေပတ် ကစား နေကြပုံ ဖြစ်သည်။ နောက်ခံ တောအုပ် နှင့် နေရောင် ဆန့်ကျင်အလင်း ရိုက်ကူးထား၍ ပုံမှ လုံးကြွ ပေါ်လွင် နေသည်။ ရေပက်သည့် ကလေးများအား ရောင်စုံ အင်္ကျီ အ၀တ်အစား များ ၀တ်စေပြီး ရောင်စုံ ပလတ်စတစ် ခွက်များကို ကိုယ်တွယ် စေ၍ ပုံကို အရောင်စုံလွင် စွာဖြင့် တန်ဆာဆင် ဖန်တီးထားသည်။ ဓာတ်ပုံ ရိုက်စဉ် က အနှေးအမြန် ( Shutter Speed ) ခလုတ်အား Slow Speed နှေးကွေး စေခြင်းဖြင့် ရေစက် ရေလုံးများအား ယခု ပုံတွင် မြင်ရသည့် အတိုင်း စိတ်ဝင်စားဖွယ် ဖြစ်စေသည်။ ဖြတ်တောက် ကူးချဲ့ပုံ လည်း ဆိုဖွယ်မရှိ တိကျ ကောင်းမွန်သည်။

ဒုတိယ - ဇော်ဇော်ထွန်း



ဒုတိယဆုရှင် ဇော်ဇော်ထွန်း မှာလည်း အသင်းကြီး၏ နှစ်လည် တံခွန်စိုက် ဒိုင်းဆုကြီး ကို အကြိမ်ကြိမ် ရယူ ထားသည့် လူငယ် ပညာရှင် တစ်ဦး ဖြစ်သည်။ ဆုရဓာတ်ပုံ မှာ စက်ဘီး စီးလာသူ မောင်မယ် ၂ ဦး ရေစက် ရေလုံးများ ထိမှန်စဉ် အမိအရ ရိုက်ကူ နိုင်သည်ကို တွေ့ရသည်။ အဝေးရိုက် မှန်ဘီလူး ( Tele Lens ) တပ်ဆင် ရိုက်ကူး ထား၍ ရေပက်ခံ သူတို့အား နောက်ခံဖြင့် ကွဲပြား ပေါ်လွင်စေပြိး သီးခြား ကွဲထွက် စေသည်။ Shutter Speed အနှေးဖြင့် ရေလုံးများ ထိမှန်စဉ် အမိအရ ရိုက်ကူး ထားသည်။ ရေပက် ကစားသူ များအား မပြသဘဲ ရေပက်ခံ သူတို့၏ လှုပ်ရှားမှု ကို အမြင်ဆန်း စွာဖြင့် ရိုက်ယူ ထားသည်။ ပုံကို ဒေါက်လိုက် ဖြတ်တောက် ကူးချဲ့ ထားသည်မှာလည်း ပြိုင်ပွဲဝင် ပုံအများတွင် အမြင်တစ်မျိုး ခံစား ဖြစ်ပေါ် စေသည်။

တတိယ - ကိုသန်းနိုင်



တတိယဆုရှင် ကိုသန်းနိုင် ၏ ပြိုင်ပွဲဝင် ဓာတ်ပုံမှာ ရန်ကုန် မြို့တော်ဝန် သင်္ကြန် မဏ္ဍပ်တွင် ရိုက်ကူး ထားသည်။ ရေပက်ခံ ကားတစ်စီး နှင့် ပွဲကြည့် ပရိသတ် တို့ကိုသာ ပြသ ထားသည်မှာ ခါသင်္ကြန် သရုပ်ဖော်ပုံ အနေဖြင့် အတန်ငယ် အားလျော့ နေသည်။ နောက်ခံ ရေပန်းများ နှင့် အထပ်မြင့် အဆောက်အအုံ များမှာ မြို့တော် ရန်ကုန် ၏ မှတ်တတ်းတင် ပုံအနေဖြင့် ကောင်းမွန် ပါသည်။

ညောင်ဦးဖိုးချို ( Hon: MPS, FMPS, PMPS ) မြန်မာနိုင်ငံ ဓာတ်ပုံအသင်း


(( ၂၀၁၃ ခုနှစ် ဇူလိုင်လထုတ် ၅၃ နှစ်မြောက် ငွေတာရီမဂ္ဂဇင်း အထူးထုတ် ဓာတ်ပုံပြိုင်ပွဲကဏ္ဍ ))

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger