www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, March 12, 2013

ခရီးသည်တင်ယာဉ်များ စည်းကမ်းလိုက်နာမှု အားကောင်းစေရေးတွင် ယာဉ်လုပ်သားများအား ချီးမြှင့်ငွေ ပုံစံအား ပြောင်းလဲရန်လည်း ပါဝင်



ရန်ကုန် ၊ ၁၂-၃-၂၀၁၃

ရန်ကုန်မြို့တော် အတွင်း နေ့စဉ် ကြုံတွေ့ နေရသည့် ယာဉ်ကြော ကြပ်တောင့် ပိတ်ဆို့မှုများ ဖြစ်ပေါ် နေခြင်းတွင် ယာဉ်ကြီး ယာဉ်ငယ် များ၏ စည်းကမ်း လိုက်နာမှု မရှိခြင်းသည် အဓိက အချက်ဖြင့် တွေ့မြင် နိုင်မည် ဖြစ်ပြီး ခရီးသည်တင် ယာဉ်များ စည်းကမ်း လိုက်နာမှု အားကောင်း လာစေရေး အတွက် ယာဉ်လုပ်သား များအား ချီးမြှင့်သည့် ငွေကြေး ပုံစံအား ပြောင်းလဲရန်လည်း ပါဝင်ရာ ယင်းအချက်အား မထသ (ဗဟို)က ဆောင်ရွက် နေမှုသည် လက်ရှိ အခြေအနေတွင် လိုအပ်ချက် တစ်ရပ်ပင် ဖြစ်ကြောင်း ရန်ကုန် မြို့ခံများက ဆိုသည်။

ခရီးသည်တင် လိုင်းများ အနေဖြင့် နေ့စဉ် ၀င်ငွေအပေါ် မူတည်ကာ နေ့စဉ် ခွဲဝေယူ ကြခြင်း ဖြစ်သည့်အတွက် ခရီးသည် ပိုမို ရရှိရေး အတွက် အလုအယက် အပြိုင်အဆိုင် မောင်းနှင်ခြင်းများ ဖြစ်ပေါ် လာသည့် အတွက် အဆိုပါ နေ့စဉ် ချီးမြှင့်မှု စနစ်ကို လ၀က်တစ်ကြိမ် သို့မဟုတ် တစ်လတစ်ကြိမ် စနစ်သို့ ပြောင်းလဲ ကျင့်သုံး သင့်ကြောင်း ရန်ကုန်မြို့ခံ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးဝင်းအေးဖေ က ပြောသည်။

ယာဉ်လိုင်း တစ်လိုင်း အတွက် သတ်မှတ် လမ်းကြောင်း အတိုင်း ပြေးဆွဲရာတွင် ရရှိလာမည့် စံချိန်ဝင်ငွေကို စမ်းသပ် လေ့လာ ထားပြီး ဖြစ်ရာ စံချိန်အပေါ် မူတည်၍ ယာဉ်လုပ်သား များအား ကန်ထရိုက် စနစ်ဖြင့် မောင်းနှင် စေခြင်းမှာ အန္တရာယ် များပြား လှသည့်အတွက် မကျင့်သုံး သင့်ကြောင်း ၊ ရန်ကုန်မြို့ ၊ ဒဂုံမြို့သစ် မြောက်ပိုင်းနေ အငြိမ်းစား ၀န်ထမ်း တစ်ဦးဖြစ်သူ ဦးကျော်မင်းက ဆိုသည်။ " ကန်ထရိုက် ပေးထားတဲ့ ဘီအမ်တွေ အန္တရာယ် ဘယ်လောက် များတယ်ဆိုတာ မြို့သစ်မှာ နေတဲ့သူတွေ သိပြီးသားပါ ၊ စံချိန်ထက် ပိုမှရမှာ ဆိုတော့ ခရီးသည် တင်တာကို အလုအယက် ရှာတဲ့အခါ ဆွဲတင် - တွန်းချ ဆိုတဲ့ စကားလုံးဟာ ရန်ကုန် လိုင်းကား လောကမှာ ရေပန်းစားတဲ့ စကားလုံး ပါပဲ ၊ ဒါတွေအတွက် ကြပ်မတ် သင့်ပါပြီ ... " ဟု ၄င်းက ပြောသည်။

" ဒီလို လစာနဲ့ သွားတဲ့စနစ်ကို ကျင့်သုံးမယ် ဆိုရင်လည်း တစ်ပြေးညီ ကျင့်သုံး သင့်ပါတယ် ၊ မဟုတ်ရင် ဘာမှ ထူးမှာ မဟုတ်ပါဘူး ၊ အသစ်ဝင် လာတဲ့ ပုဂ္ဂလိက လိုင်းတွေလည်း အစကတော့ လစာနဲ့ သွားတာမို့ ခရီးသည် အပေါ် ၀န်ဆောင်မှုပိုင်း ကောင်းတယ်လို့ ချီးကျူးမယ်လို့ ကြံကာ ရှိသေးတယ် ၊ သူတို့လည်း အခြား ယာဉ်လိုင်း တွေလိုပဲ ငွေရှာ ကြရတဲ့အခါ ကျတော့ ဆွဲတင် - တွန်းချ - တံခါးပိတ်မောင်း " တဲ့ အထဲ ပါသွားတာပဲ ၊ အခု ယာဉ်ကြပ်ပြီးလား ဆိုရင် ခရီးသည်တင် ယာဉ်ကြီးတွေက ညာအစွန်လိုင်း ကနေ ဘယ်အစွန် ကိုကူးတယ် ၊ ဘယ်အစွန် လိုင်းကနေ ညာအစွန်ကို ကူးနေကြ တုန်းပဲ ... " ဟု ရန်ကုန် မြို့လယ် ပန်းပဲတန်း မြို့နယ်နေ ကိုသူရဦး က သူ့အတွေ့အကြုံ ကို ပြောသည်။

လက်ရှိတွင် ရန်ကုန် မြို့တော်ရှိ ခရီးသည်တင် ယာဉ်လိုင်း အများစုအား မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ ( ရန်ကုန် ) နှင့် (ဗဟို) ၏ စီမံခန့်ခွဲမှု အောက်တွင် ရှိနေပြီး ယာဉ်လိုင်းများ၏ နေ့စဉ် ၀င်ငွေအပေါ် အချိုးကျ ခွဲဝေမှု ပုံစံမှာ ယာဉ်ပိုင်ရှင် က ၇၀ ရာခိုင်နှုန်း ၊ ယာဉ်လုပ်သား များက ၃၀ ရာခိုင်နှုန်း ကို နေ့စဉ် ခွဲဝေ ကြခြင်း ဖြစ်သည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger