www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, October 17, 2012

အသေးအဖွဲ မဟုတ်ပါ





ယခုရက်ပိုင်း အတွင်း ရန်ကုန်မြို့တော် လမ်းမကြီးများတွင် ယာဉ်ထူထပ် များပြားလာမှုကို အကြောင်းပြကာ ခရီးသည်တင် ယာဉ်များ ယာဉ်ရပ် မှတ်တိုင်တွင် စည်းကမ်းတကျ ရပ်ပေးခြင်း မရှိတော့ဘဲ စည်းမဲ့ ကမ်းမဲ့ ရပ်နား မောင်းနှင် နေမှုကို နေ့စဉ်လို တွေ့မြင်နေရ ပါသည်။ ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက် များ၏ အကြောင်းပြချက်မှာ ယာဉ်ကြော ပိတ်ဆို့နေ၍ မီးပွိုင့် ကြာမြင့်နေ၍ ဟု ဖြစ်ပါသည်။

" ဒီကပဲ ဆင်းလျှောက်နော် ပွိုင်စိမ်းရင် တောက်လျှောက် မောင်းမှာ .... " ဟူသော ယာဉ်နောက်လိုက် များ၏ တွန်းအားပေးမှု ကြောင့် မှတ်တိုင် မဟုတ်ပါဘဲ ခရီးသည် များမှာ အဆင်းအတက် လုပ်နေရကြမှု ကြောင့် ယာဉ်ကြော ပိတ်ဆို့မှု ပိုမို ကြာမြင့် သွားရကြောင်း လှည်းတန်း လမ်းဆုံ ၊ ရွှေဂုံတိုင် လမ်းဆုံအနီး ၊ တာမွေ လမ်းဆုံအနီး တို့တွင် မကြာခဏ  ဆိုသလို ဖြစ်ပွား  နေကြောင်း   တွေ့မြင် နေရပါသည်။



အထူးသဖြင့် လှည်းတန်း လမ်းဆုံကဲ့သို့ ယာဉ်ထူထပ်ပြီး တည်ဆောက်ရေး လုပ်ငန်းရှိသော နေရာများတွင် မှတ်တိုင် ပျောက်ခြင်းများ ၊ မှတ်တိုင် ပေါင်းဆင်း ခိုင်းခြင်းများ မှာ မထူးဆန်း တော့သော ကိစ္စများ သဖွယ် ဖြစ်လာပါသည်။ တစ်ခါတရံတွင် ခရီးသည် တင်ယာဉ်များ ရပ်သည့် နေရာသို့ ခရီးသည်က လိုက်လံ ရှာဖွေ စီးနင်းရသဖြင့် မိမိ ရပ်စောင့်နေရသည့်  မှတ်တိုင် ဟုတ် မဟုတ်မှာ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ယာဉ်ရှိသည့် အခါမှသာ သိရသည့် အခါများလည်း ရှိပါသည်။ ရန်ကင်း ဈေးကွေ့ မှတ်တိုင် ၊ တာမွေ လမ်းဆုံ ၊ လှည်းတန်း လမ်းဆုံ ၊ ရွှေဂုံတိုင် လမ်းဆုံ ၊ သမိုင်းလမ်းဆုံ နေရာမျိုးတွင် ခရီးသည်တင် ယာဉ်ရပ် ပေးသည့် နေရာသည် ဆင်းရန် မှတ်တိုင် ဖြစ်လာသဖြင့် အပြန်အလှန် အားဖြင့် ခရီးသည် များကလည်း ကြုံသည့် နေရာတွင် ရပ်ပေးသည့် ခရီးသည် တင်ယာဉ်ကို တားဆီးခြင်းဖြင့် အဆင်ပြေ နေကြသည်ကို တွေ့မြင် နေရပါသည်။



ယာဉ်ထူထပ် လာခြင်း ၊ လမ်းဆုံ လမ်းခွများတွင် တည်ဆောက်ရေး လုပ်ငန်းများ အစပျိုး နေခြင်း နှင့် လုံလောက်သော ကြပ်မတ်မှု မရှိခြင်းကြောင့် စည်းမဲ့ကမ်းမဲ့ ကိစ္စရပ်များ ပေါ်ပေါက်နေခြင်းကို နားလည် ပေးနိုင် ပါသော်လည်း ရေရှည်တွင် ယင်း စည်းမဲ့ကမ်းမဲ့ ကိစ္စများသည် ယာဉ် အန္တရာယ်ကို ဖိတ်ခေါ် နေခြင်းပင် ဖြစ်ပါသည်။ တစ်ဆက်တည်း တင်ပြလို သည်မှာ ရန်ကုန်မြို့ခံ စီးပွားရေး လုပ်ငန်းရှင် တစ်ဦး၏ မှတ်ချက် စကားပင် ဖြစ်ပါသည်။ စံချိန် စနစ်ဖြင့် ခရီးသည် တင်ကားများ ငွေရှာနေခြင်း ၊ တစ်နည်းအားဖြင့် ယာဉ်နောက်လိုက် လက်ထဲတွင် ငွေမြင်နေရသမျှ ကာလပတ်လုံး စည်းမဲ့ကမ်းမဲ့ ကြုံသလိုရပ် ၊ တွန်းတင် ၊ ဆွဲချ ၊ မိးပိတ်မောင်း ၊ အပြိုင်မောင်း ၊ အလုအယက် ကျော်တက် သည့် ကိစ္စများမှာ ဆက်လက် ရှိနေဦးမည် ဖြစ်သည့်အတွက် ငွေစံချိန်စနစ် ၊ ကန်ထရိုက် စနစ် နှင့် ငွေမမြင်ရသည့် စနစ်များသို့ ကူးပြောင်း သင့်ကြောင်း အကြံပြု ထားပါသည်။

လက်ရှိ ရန်ကုန်မြို့၏ ယာဉ်ထူထပ်လာ မှုအပေါ် လမ်းဆုံလမ်းခွတွင် ယာဉ်ကြပ်တောင့် နေမှုကို စည်းကမ်းရှိစွာ စိတ်ရှည်သည်းခံ မောင်းနှင်ခြင်း မရှိသည့် ခရီးသည်တင် ယာဉ်များကြောင့် ခရီးသည် များမှာ စည်းမဲ့ကမ်းမဲ့ ဖြစ်နေမှုမှာ လမ်းဆုံလမ်းခွ များတွင် ယာဉ်နှင့် လူ ကြပ်တောင့် ရှုပ်ထွေးမှု ပိုမို ဖြစ်ပေါ် နေရပါကြောင်း အသေးအဖွဲ့အဖြစ် မရှုမြင် စေလိုပါကြောင်း တင်ပြလိုက် ရပါသည်ခင်ဗျား ...။

မောင်မောင်စည် (စာကြည့်/သုတ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger