Pages

Friday, February 22, 2019

လားရှိုးမြို့၌ မှတ်ပုံမတင်ထားသည့် ဆေးဝါးများနှင့်သက်တမ်းလွန် ဆေးဝါးများ ရောင်းချခြင်း မရှိစေရေး ရှောင်တခင်စစ်ဆေး

လားရှိုးမြို့၌ မှတ်ပုံမတင်ထားသည့် ဆေးဝါးများနှင့်သက်တမ်းလွန် ဆေးဝါးများ ရောင်းချခြင်း မရှိစေရေး ရှောင်တခင်စစ်ဆေး
-
လားရှိုး ဖေဖော်ဝါရီ ၂၁ 
-
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့အတွင်း ဆေးဝါးများ ရောင်းချနေသောဆိုင်များ၌ ဆေးဝါးမှတ်ပုံတင် မရှိသည့်ဆေးဝါးများနှင့် သက်တမ်းလွန် ဆေးဝါးများ ရောင်းချခြင်း မရှိစေရေးကို ယမန်နေ့ကလိုက်လံစစ်ဆေးကြောင်း ခရိုင်အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ဦးစီးဌာနမှသိရသည်။ 
-
''ဆေးဆိုင်တွေကို ရှောင်တခင် စစ်ဆေးတာပါ။ ဆေးဝါးမှတ်ပုံတင်ထားတာ ရှိ၊ မရှိ သက်တမ်းလွန် ဆေးဝါးတွေကို ရောင်းချမှုမရှိစေရေးကို ကွင်းဆင်းစစ်ဆေးတာဖြစ်ပါတယ်။ တွေတဲ့ဆိုင်တွေရှိပါတယ်။ လတ်တလော အနေနဲ့သိမ်းဆည်းပြီးတော့ ခံဝန်ထိုးခိုင်းထားပါတယ်''ဟု ခရိုင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
-
လတ်တလောတွေ့ရှိသော ဆေးဆိုင်များမှ ဆေးဝါးများကိုသိမ်းယူလာပြီး ခံဝန်ထိုးစေခြင်းများ ပြုလုပ်ခဲ့ကာ အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ကော်မတီထံသို့ တင်ပြ၍  ကော်မတီက  ဆက်လက် ဆောင်ရွက် မည်ဖြစ်သည်။ ''ကျွန်တော်တို့စစ်ဆေးတွေ့ရှိတာကို ကော်မတီကို မတင်ရသေးဘူး။ ကော်မတီကိုတင်ပြီးရင် ကော်မတီကတော့ ဆိုင်တွေပိတ်သိမ်းတာတွေ၊ အရေးယူတာတွေလုပ်သွားမှာပါ။အခုက စိစစ်ဆဲအချိန်ဖြစ်နေပါတယ်''ဟု ခရိုင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
-
ထိုသို့စစ်ဆေးရာတွင် လားရှိုးမြို့ပေါ်ရှိ အများပြည်သူများဝယ်ယူသုံးစွဲနေသော ဆေးဆိုင်များသို့ ကွင်းဆင်း၍  ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊စည်ပင်သာယာရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ဆေးဆိုင်များတွင် ရောင်းချနေသော ဆေးဝါးများကိုလိုက်လံစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment