Pages

Friday, February 22, 2019

တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုချိန်တွင် မီးပျက်ပါက အမြန်ဆုံး ဓာတ်အား ပြန်လည်ပေးနိုင်ရန် အစီအစဉ်များ ရေးဆွဲထား

-
ရန်ကုန် ဖေဖော်ဝါရီ ၂၁  
-
၂ဝ၁၉  ခုနှစ်မတ်လတွင်ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ  ဖြေဆိုစဉ်ကာလအတွင်း ရန်ကုန်တိုင်း ဒေသကြီး၌ မတော်တဆမီးပျက်ပါကအမြန်ဆုံးဓာတ်အား ပြန်လည်ပေးနိုင်စေရန် မြို့နယ်အလိုက်အစီအစဉ်များ ရေးဆွဲထားကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ (YESC)တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ 
-
ယခုအခါ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အသီးသီးရှိ စာဖြေဌာန ၂၂၇ ခုသို့ သွယ်တန်းသောလျှပ်စစ်ဓာတ်အားလိုင်းများ၊  ထရန်စဖော်မာများနှင့် ဓာတ်အားခွဲရုံများ၏ ကြံ့ခိုင်မှုကို ကြိုတင်လေ့လာစစ်ဆေး၍လိုအပ်ချက်များရှိပါက ပြုပြင်ဆောင်ရွက်လျက်ရှိသည်။ 
-
''အခုကတည်းက မြို့နယ်အလိုက်ဓာတ်အားခွဲရုံတွေရဲ့ အခြေအနေတွေ၊ ဓာတ်အား လိုင်းတွေရဲ့ ကြံ့ခိုင်မှုတွေကို စစ်ဆေးနေပါတယ်။အဓိကအားဖြင့်ရန်ကုန်တိုင်းဒေသကြီးမြို့နယ်အသီးသီးမှာရှိတဲ့စာဖြေဌာန ၂၂၇  ခုကို ဘယ်ဓာတ်အားခွဲရုံကနေ ဓာတ် အားလိုင်း သွယ်တန်းထားတယ်ဆိုတာကအစ အသေးစိတ်အနေနဲ့  စစ်ဆေးထားတယ်။ ဒါ့ပြင် သွယ်တန်းတဲ့ ကြိုးတွေရဲ့အခြေအနေတွေ၊လက်ရှိ ဓာတ်အား ပေးဝေနေတာတွေ၊ ကြံ့ခိုင်မှုအားနည်းတဲ့ပစ္စည်းတွေကိုလဲလှယ်ပြုပြင်တာတွေလုပ်နေတဲ့အပြင် မတော်တဆ မီးပျက်ခဲ့ရင် အရန်အနေနဲ့ အမြန်ဆုံး ဓာတ်အားပေးနိုင်အောင် ရုံးချုပ်ကနေ ကွပ်ကဲမှုတွေလုပ်ဆောင်နေပါတယ်''  ဟု  ၎င်းက ပြောသည်။ 
-
စာမေးပွဲဖြေဆိုနေစဉ် ကာလအတွင်း  မတော်တဆမီးပျက်ပါက အမြန်ဆုံးပြန်လည် ပြင်ဆင်နိုင်ရန့်  YESC  ရုံးချုပ်၏ စီမံမှုဖြင့် မြို့နယ်အလိုက် မြို့နယ်အဆင့်လျှပ်စစ်အရာရှိများကို တာဝန်ချကာ လူအင်အား၊ ပစ္စည်းကိရိယာ အင်အားများဖြင့်အဆင်သင့် ပြင်ဆင်ထားပြီး ပြုပြင်ရမည့် နေရာကိုအမြန်ဆုံး သွားရောက်နိုင်ရန် မော်တော်ယာဉ်ကိုလည်း အသင့်စီစဉ်ထားကြောင်း သိရသည်။ 
-
ထို့ပြင် လျှပ်စစ်ဓာတ်အားပေးဝေနေသည့်ဓာတ်အားခွဲရုံများမှ ပစ္စည်းကိရိယာများ၏ ကြံ့ခိုင်မှု အနေအထားများကို စစ်ဆေးကာလိုအပ်ချက်များရှိပါက ပြင်ဆင်ခြင်း၊ အစားထိုး လဲလှယ်ခြင်းတို့လုပ်ဆောင်နေသည့်အပြင် မြေအောက်ကြိုးလိုင်းများ၊ ကောင်းကင် ဓာတ်အားလိုင်း များနှင့် ထရန်စဖော်မာများကိုလည်း ကြံ့ခိုင်မှု ရှိစေရန် ယခုကပင်  ကြိုတင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment