Pages

Friday, February 22, 2019

နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရေး ကင်းတပ် ရေလွှဲတမံမှ ဆည်ရေများ ပေးဝေလျက်ရှိ

နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရေး ကင်းတပ် ရေလွှဲတမံမှ ဆည်ရေများ ပေးဝေလျက်ရှိ
-
ကန့်ဘလူ ဖေဖော်ဝါရီ ၂၁ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်ရှိ ကင်းတပ်ရေလွှဲတမံမှ နွေစပါးနှင့် အခြားသီးနှံများ တောင်သူများ အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် ဆည်ရေများကိုလက်ဝဲတူးမြောင်း၊ လက်ယာတူးမြောင်း၊ ရေဦးတူးမြောင်း၊ ရွှေဘိုတူးမြောင်း စသည့် တူးမြောင်းမကြီးများ မှတစ်ဆင့် ရေပေးဝေလျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ရေဦး)မှသိရသည်။ 
-
''ကင်းတပ်ရေလွှဲတမံမှ ၂ဝ၁၈-၂ဝ၁၉ခုနှစ် နွေစပါးရာသီမှာ နွေစပါးနဲ့အခြားသီးနှံတွေစိုက်ပျိုးနိုင်ဖို့အတွက် ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်က စတင်ဆည်ရေပေးနေပြီ ဖြစ်ပါတယ်။သဖန်းဆိပ်ဆည်ရေလှောင်တမံ ရေသောက်စနစ်မှာ ပါဝင်တဲ့ ကင်းတပ်ရေလွှဲတမံ လက်ဝဲတူးမြောင်းမှ နွေစပါး ဧက ၅ဝ၅ဝဝ၊ လက်ယာတူးမြောင်းမှ နွေစပါးဧက ၆ဝဝဝဝ နဲ့ ကင်းတပ် သဲထုတ်ရေတံခါးမှ အောက်ဘက်ရှိ ကာဘိုးဆည်၊ ရေဦးတူးမြောင်း၊ ရွှေဘိုတူးမြောင်းတို့မှာစိုက်ပျိုးမယ့် နွေစပါးဧက ၁၆၃၉၇ဝ ၊ အခြားသီးနှံ ဧက ၈၇၂၃ဝ အတွက် ဆည်ရေပေးဝေသွားမှာပါ။ သဖန်းဆိပ်ဆည် ရေသောက်မှာ ပါဝင်တဲ့ မြောင်းကြီး လေးမြောင်းက အခုနှစ် နွေစပါးဧက ၂၇၄၄၇ဝ၊ အခြားသီးနှံဧက ၈၇၂၃ဝ ကို ဆည်ရေ အလုံအလောက်ပေးဝေသွားမှာ ဖြစ်ပါတယ်''ဟု ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ရေဦး) ဦးစီးအရာရှိ(မြို့ပြ) ဦးအောင်နိုင်က ပြောသည်။ 
-
အဆိုပါ ရေပေးဝေမှုမှ ရွှေဘိုမြို့နယ်၌ နွေစပါး ဧက ၆ဝ၈ဝဝ နှင့် အခြားသီးနှံဧက ၁၅၇ဝဝ၊ ဝက်လက်မြို့နယ်၌ နွေစပါး ဧက ၃ဝဝဝဝ နှင့် အခြားသီးနှံ ဧက ၄၃ဝဝဝ၊ ခင်ဦးမြို့နယ်၌ နွေစပါး ဧက ၃၅၆၇ဝ နှင့် အခြားသီးနှံ ဧက ၁၁၈၃ဝ၊ တန့်ဆည်မြို့နယ်၌ နွေစပါး ဧက ၃၂၅ဝဝ၊ ရေဦးမြို့နယ်၌ နွေစပါး ဧက ၃၉ဝဝဝ နှင့်အခြားသီးနှံ ဧက ၃ဝဝ၊ ဒီပဲယင်းမြို့နယ်၌ နွေစပါး ဧက ၅၃၅ဝဝ နှင့်အခြားသီးနှံ ဧက ၁၁ဝဝဝ၊ ကန့်ဘလူမြို့နယ်၌ နွေစပါး ဧက ၂၃ဝဝဝနှင့်အခြားသီးနှံ ဧက ၂ဝဝ၊ အရာတော်မြို့နယ်၌ အခြားသီးနှံ ဧက ၅၂ဝဝ စိုက်ပျိုးသွားမည် ဖြစ်ကြောင်း သိရသည်။
-
ဒေသခံတောင်သူဦးကြီးများ နွေစပါးနှင့် အခြားသီးနှံစိုက်ပျိုးရေ အပြည့်အဝ ရရှိစေရေး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှတာဝန်ရှိသူများက မြောင်းအလိုက် ရေပေးရေးလုပ်ငန်းများကိုစနစ်တကျ လိုက်လံစစ်ဆေးခြင်း၊ ဆည်ရေအသုံးချရေး အဖွဲ့များ ဖွဲ့စည်းကာ ရေလိုအပ်သည့် မြောင်းလက်တံများတွင် ရေလှည့်စနစ်များ ပြုလုပ်၍ ရေပေးဝေခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
-
အောင်ဝင်းငြိမ်း(ကန့်ဘလူ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment