Pages

Tuesday, January 15, 2019

တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများ ဖေဖော်ဝါရီလတွင် ထုတ်ပေးမည်

-
ရန်ကုန် ဇန်နဝါရီ ၁၄ 
-
၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများကို ဖေဖော်ဝါရီ လလယ်တွင် သက်ဆိုင်ရာကျောင်းများ၌ ထုတ်ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ သိရသည်။
-
အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၊ တွဲဖက်ကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် မိမိတို့၏ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံမှ ထုတ်ယူရမည်ဖြစ်ပြီး ပြင်ပမှ ဖြေဆိုသူများ အနေဖြင့် မိမိတို့ဖြေဆိုရမည့် စာစစ်ဌာန ကြီးကြပ်ရေးမှူးများထံမှ ထုတ်ယူရမည်ဖြစ်ကြောင်းသိရသည်။ 
-
တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့်သူ များအနေဖြင့် ဘာသာတွဲအလိုက် ဖြေဆိုခွင့်ကတ်ပြားများကို အစိမ်းရောင်နှင့် ပန်းရောင် နှစ်မျိုးခွဲခြားထားပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်လွှာတင်ထားစဉ်က ဖော်ပြထားသည့် ဘာသာတွဲ အတိုင်းသာ ဖြေဆိုခွင့်ပြုမည် ဖြစ်သည်။ ''ပုံမှန်နှစ်တွေအတိုင်းပဲ မပြောင်းပါဘူး။ ဖေဖော်ဝါရီလလယ်လောက်မှ ထုတ်ပေးမှာပါ။ အတိအကျတော့ ပြောဖို့ခက်သေးတယ်''ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
-
၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို မတ် ၆ ရက်မှ ၁၅ ရက်အထိ ဖြေဆိုရမည်ဖြစ်ပြီး ယခုပညာသင်နှစ်အတွက် စာစစ်ဌာနများကို တိုးမြှင့်ဖွင့်လှစ်ပေးထားကြောင်း သိရသည်။ 
-
ကတ်ပြားများ ထုတ်ယူရာတွင် ခက်ခဲမှုရှိပါက သက်ဆိုင်ရာကျောင်းအုပ်ကြီး၊ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန၌ တိုက်ရိုက် စုံစမ်းနိုင်ကြောင်းသိရသည်။ 
-
ကျော်ကို
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment