Pages

Tuesday, January 15, 2019

ပျက်စီးခဲ့သည့်ပုဂံဘုရားများအနက် ပြုပြင်ရန် စေတီ ၃၇ ဆူကျန်ရှိ

ပျက်စီးခဲ့သည့်ပုဂံဘုရားများအနက် ပြုပြင်ရန် စေတီ ၃၇ ဆူကျန်ရှိ
-
ညောင်ဦး ဇန်နဝါရီ ၁၄ 
-
၂ဝ၁၆ ခုနှစ် သြဂုတ် ၂၄ ရက်တွင် လှုပ်ခတ်သော ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံယဉ်ကျေးမှုနယ်မြေမှ ဘုရားများကို ပြုပြင် ထိန်းသိမ်းလျက်ရှိပြီး စေတီပေါင်း ၃၇ ဆူ ပြုပြင်ထိန်းသိမ်းရန်ကျန်ရှိနေသေးကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကိုကိုနိုင်ထံမှ သိရသည်။ 
-
''ပြုပြင်ထိန်းသိမ်းမှုတွေ ဆောင်ရွက်ရာမှာ UNESCO၊ ပြည်တွင်းပြည်ပက ပညာရှင်တွေရဲ့ အကြံပြုချက်တွေ၊ Advisor Team၊ Expert Teamတို့ရဲ့ အကြံပြု ဆွေးနွေးချက်တွေ၊ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တဲ့ နည်းပညာဆိုင်ရာ လုပ်ငန်းညှိနှိုင်းဖိုရမ်ရဲ့ ဆွေးနွေးချက်တွေကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနအနေနဲ့ လိုက်နာဆောင်ရွက်နေပါတယ်။ နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့အညီ ဆောင်ရွက်နေပါတယ်။ မူလလက်ရာမပျက်အောင် ပြန်လည် ထိန်းသိမ်းရတာဆိုတော့ အချိန်ယူ ဆောင်ရွက်ရပါတယ်'' ဟု ဦးကိုကိုနိုင်က ပြောသည်။ 
-
ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမည့် အချိန်ကို သတ်မှတ်ထားခြင်း မရှိဘဲ ပြုပြင်ထိန်းသိမ်းရန် စေတီပေါင်း ၃၈၉ ဆူအနက် ပထမဦးစားပေးအဖြစ် ၃၆ ဆူ၊ ဒုတိယဦးစားပေးအဖြစ် ၅၃ ဆူနှင့် တတိယဦးစားပေးအဖြစ် ပျက်စီးမှု အနည်းငယ်ရှိသော စေတီအဆူ ၃ဝဝ ကို ပြုပြင် ထိန်းသိမ်းရန် သတ်မှတ်ထားသည်။ ယင်းတို့အနက် ၃၂၉ ဆူကို ပြုပြင်ထိန်းသိမ်းခဲ့ပြီး ကျန်ရှိနေသော စေတီများကို ဆက်လက် ပြုပြင်ထိန်းသိမ်းလျက်ရှိသည်။ 
-
ပြုပြင်ထိန်းသိမ်းရာတွင် ရှေးမူမပျက် ပြန်လည်ထိန်းသိမ်း လျက်ရှိပြီး မူလလက်ရာ မပျက်စီးစေ ရေးအတွက် အထူးအလေးထား ဆောင်ရွက်နေကြောင်း သိရသည်။ ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်အထိပထမဦးစားပေး ဘုရားစေတီ ၃၆ ဆူအနက် ပြုပြင်ထိန်းသိမ်းဆဲ ၁၃ ဆူရှိပြီး ပြုပြင်ထိန်းသိမ်းရန် သုံးဆူကျန်ရှိနေကြောင်း၊ ဒုတိယဦးစားပေး ၅၃ ဆူအနက် ပြုပြင်ထိန်းသိမ်းဆဲ ခြောက်ဆူရှိပြီး ပြုပြင်ထိန်းသိမ်းရန် ၁၁ ဆူ ကျန်ရှိနေကြောင်းနှင့် တတိယဦးစားပေးအဆူ ၃ဝဝ အနက် လုပ်ငန်း ဆောင်ရွက်ဆဲ လေးဆူရှိပြီး ပြုပြင်ထိန်းသိမ်းရန် ၂၃ ဆူကျန်ရှိနေကြောင်း သိရသည်။ ယခုအခါ စေတီစုစုပေါင်း ၃၂၉ ဆူကို ပြုပြင်ထိန်းသိမ်းပြီးဖြစ်ကာ ပြုပြင်ထိန်းသိမ်းဆဲ ၂၃ ဆူနှင့် ပြုပြင်ထိန်းသိမ်းရန် ကျန်ရှိနေသည့် စေတီ ၃၇ ဆူရှိကြောင်း သိရသည်။
-
စိုးမိုး
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment