Pages

Tuesday, December 4, 2018

မြန်မာဂန္ထဝင်အတွဲ(၁ဝဝ) စာစဉ်ဝတ္ထုရှည် အတွဲ ၁၊ ၂၊ ၃ စာအုပ်ထုတ်ဝေခြင်း အခမ်းအနား ကျင်းပ

မြန်မာဂန္ထဝင်အတွဲ(၁ဝဝ) စာစဉ်ဝတ္ထုရှည် အတွဲ ၁၊ ၂၊ ၃ စာအုပ်ထုတ်ဝေခြင်း အခမ်းအနား ကျင်းပ
-
ရန်ကုန်    ဒီဇင်ဘာ    ၃
-
ပြန်ကြားရေးဝန်ကြီးဌာန  ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန   စာပေဗိမာန်က စီစဉ်ထုတ်ဝေသည့် မြန်မာဂန္ထဝင်အတွဲ (၁ဝဝ)စာစဉ်  ဝတ္ထုရှည်အတွဲ ၁၊ ၂၊ ၃ စာအုပ် ထုတ်ဝေမိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်၌ ကျင်းပသည်။
-
အခမ်းအနားတွင်  ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်/က အဖွင့်အမှာစကား ပြောကြားရာတွင် စာပေဗိမာန်အနေဖြင့် ယခင် မဆောင်ရွက်ဖူးသေးသည့် အစီအစဉ်တစ်ခုဖြစ်ကြောင်း၊ ယခုအခါ စတင်ဆောင်ရွက် လိုက်သည်မှာ ယနေ့မိတ်ဆက်ပွဲ ပြုလုပ်သည့်  မြန်မာဂန္ထဝင်အတွဲ (၁ဝဝ) စာစဉ်ဖြစ်ကြောင်း။
-
ဤစာစဉ်တွင် မြန်မာစာပေပေါ်ဦးစမှ ခရစ်နှစ်  ၂ဝဝဝ  ပြည့်နှစ်အထိ ကာလအတွင်း ပေါ်ထွန်းခဲ့သည့် မြန်မာစာပေ လက်ရာများစွာထဲမှ အထူးခြားအပြောင်မြောက်ဆုံး လက်ရာများ၊ခေတ်အဆက်ဆက် မြန်မာစာပေလောက သားများ ဖတ်ရှုမှတ်သားခဲ့ရသည့် စာအုပ်စာတမ်းများ၊ ခေတ်အသီးသီးတွင် ကြီးကြီးမားမား လွှမ်းမိုးတွင်ကျယ်ခဲ့သလို ယနေ့ခေတ် စာပေလေ့လာသူများလည်းဖတ်ရှုနေဆဲ စာပေများ ယင်းတို့ကို ရွေးချယ်စုစည်းပေးရန် ဖြစ်ကြောင်း။
-
မိမိတို့ ဤစာစဉ်ပြုစု ထုတ်ဝေရသည့် ရည်ရွယ်ချက်မှာ မြန်မာစာပေသမိုင်း တစ်လျှောက် ပေါ်ပေါက်ခဲ့သည့် စာအုပ်စာပေ များစွာထဲမှ အထူးခြားဆုံး၊ အကောင်းဆုံး လက်ရာများကိုရွေးချယ်စုစည်းပေးခြင်းအားဖြင့် နောင်လာမည့် အဆက်ဆက်သော မျိုးဆက်သစ်များ အနေဖြင့် မြန်မာစာကောင်း ပေမွန်များကို အလွယ်တကူ ထိတွေ့ခွင့်ရပြီး ယင်းစာပေများမှ ပေးသည့် သုတ၊ရသများကို ခံစားရရှိခြင်းနှင့်အတူ  မြန်မာစာ မြန်မာမှုတို့အပေါ် နှစ်သက်မြတ်နိုးစိတ်များလည်း ၎င်းတို့မှာ ကိန်းအောင်းဖြစ်ပေါ်စေရန်နှင့်  ရှေးအစဉ်အဆက် ရှိခဲ့သည့်  မြန်မာတို့၏ ဘဝအတွေ့အကြုံအသိပညာ၊ ဗဟုသုတ၊ မြန်မာ့ဉာဏ်၊ မြန်မာ့အတွေးအခေါ်၊ မြန်မာတို့၏ စိတ်နေစိတ်ထား စဉ်လာလက္ခဏာ၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ထုံးဓလေ့စဉ်လာများ၊ မြန်မာဘာသာစကားနှင့်မြန်မာစာပေအဆင့်အတန်းများကို လေ့လာအကဲခတ်လိုသည့် နိုင်ငံတကာသုတေသီများအတွက် လေ့လာစရာပစ္စည်းများအဖြစ် အသင့်ပြင် ဆင်ပေးရန် ဆိုသည့် ရည်ရွယ်ချက်တို့ဖြစ်ကြောင်း။
-
သို့သော် ယင်းရည်ရွယ်ချက်နှစ်ရပ် ဖြစ်မြောက်စေမည့် စာစဉ်တစ်ရပ်ပြုစုရန်မှာ  စိတ်ကူးရလွယ်သော်လည်း  တကယ့်လက်တွေ့ အကောင်အထည်ဖော်ရာတွင် အများဝိုင်းဝန်းပြီးအားထုတ်ကြိုးပမ်းရကြောင်း၊ စာပေဗိမာန် တစ်ခုတည်း၊ ပြန်ကြားရေး ဝန်ကြီးဌာနတစ်ခုတည်းလုပ်၍ မရကြောင်း၊ ထို့ကြောင့် ဆရာကြီး ဦးသော်ကောင်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့်မြန်မာဂန္ထဝင်အတွဲ(၁ဝဝ) စာစဉ် ထုတ်ဝေရေး ကော်မတီကို ထိုစာစဉ်ကိစ္စအား စိတ်ပါဝင်စားသည့် စိတ်အားထက်သန်စွာ ဦးစီးဆောင်ရွက်ပေးမည့် စာပေပညာရှင်များ၊ ကျွမ်းကျင်သူများနှင့်ဖွဲ့စည်းခဲ့ကြောင်း၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ကဗျာ၊ ပြဇာတ် စသည်ဖြင့် ကဏ္ဍအသီးသီးမှ ဂန္ထဝင် လက်ရာမွန်များ  ရှာဖွေ စိစစ်ရွေးချယ်ပေးမည့် ပညာရှင်များအား ဖိတ်ခေါ်ပြီး ကဏ္ဍအလိုက် ဖွဲ့စည်းခဲ့ကြောင်း။
-
ယင်းဂန္ထဝင်စာစဉ် ပီပီသသဖြစ်ပေါ်စေရေး၊ အပြစ်အနာအဆာ အနည်းဆုံး၊ တတ်နိုင်သမျှ အကောင်းဆုံး စာစဉ်ဖြစ်စေရေးတို့အတွက် စာပေစိတ်စေတနာ ပြည့်ဝစွာကူညီ ဆောင်ရွက်ပေးကြသည့်ပုဂ္ဂိုလ်များ အားလုံးကို ကျေးဇူးတင် ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း။
-
ဤဂန္ထဝင်စာစဉ်သည် ယခုမှစတင်ခြင်းဖြစ်သည့်အတွက်  ရှေ့ဆက်ပြီး ဆောင်ရွက်ရန်  အများကြီးရှိသေးကြောင်း၊ ထိုစာစဉ်ပြီးမြောက်အောင်မြင်ရေးနှင့် ပြည့်စုံကောင်းမွန်ရေးသည်စာပေပညာရှင်ကြီးများ၏ အကြံပြုလမ်းညွှန်မှုနှင့် မိမိဆောင်ရွက်ပေးနိုင်သော ကဏ္ဍမှ ကိုယ်တိုင်ကိုယ်ကျ ပါဝင် ဆောင်ရွက်ပေးမှုများ အပေါ်တွင်  အဓိကမူတည်နေခြင်းဖြစ်သည့်အတွက်ဆက်လက်ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံ ပန်ကြားလိုကြောင်း ပြောကြားသည်။
-
ထို့နောက်    မြန်မာဂန္ထဝင်အတွဲ(၁ဝဝ) စာစဉ်ထုတ်ဝေရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်အေး (မောင်ခင်မင်-ဓနုဖြူ)က ဝတ္ထုရှည် သုံးတွဲအတွက် စာစဉ်မိတ်ဆက် စကားပြောကြားသည်။
-
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က မြန်မာဂန္ထဝင်အတွဲ (၁ဝဝ)စာစဉ်  မိတ်ဆက်နိဒါန်း ရေးပေးခဲ့ကြသည့် ပညာရှင်ကြီးများနှင့် တည်းဖြတ်ပေးခဲ့ကြသော ပညာရှင်ကြီးများ အတွက်မေတ္တာလက်ဆောင် စာစဉ်တစ်စုံကို ပေးအပ်ရာ  ပညာရှင်များကိုယ်စား ဆရာဦးအေးချို (မဟာဝိဇ္ဇာ)ကလက်ခံသည်။
-
ဆက်လက်၍  ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်  ဦးမျိုးမြင့်မောင်က  စာအုပ်သုံးအုပ်တွင် ပါဝင်သည့် စာရေးဆရာကြီး များ၏ မိသားစုများကို မူပိုင်ခွင့် ဉာဏ်ပူဇော်ခများ ချီးမြှင့်ရာမောင်ရင်မောင်၊ မမယ်မ စာအုပ်ရေး သားသူ   ဆရာကြီး ဂျိမ်းစ်လှကျော်၏ မူပိုင်ခွင့်ဆက်ခံသူ ဆရာဦးအေးထွန်း မိသားစု ကိုယ်စား ဦးမောင်ဝင်း ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း)အား လည်းကောင်း၊စာစဉ်အတွဲ(၂)တွင် ပါဝင်သည့် ရွှေပြည်စိုးစာအုပ်နှင့် အတွဲ(၃)တွင် ပါဝင်သည့်  တနန်းပျော်ရင်သွေးတော် စာအုပ်ရေးသားသူ ဆရာကြီး ဦးလတ်၏ မူပိုင်ခွင့်ဆက်ခံသူ ဆရာဦးကိုကိုနိုင်အားလည်းကောင်း၊ ရတနာပုံစာအုပ် ရေးသားသူ ဆရာကြီး ရွှေဥဒေါင်း၏  စာပေမူပိုင်ခွင့် ထိန်းသိမ်းရေး ကော်မတီဝင်  ဦးငြိမ်းချမ်း(ဆရာညီပုလေး) အား လည်းကောင်း၊   မှာတော်ပုံစာအုပ် ရေးသားသူဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ မူပိုင်ခွင့်ဆက်ခံသူ ဆရာမဒေါ်မြမြအေး မိသားစုအား လည်းကောင်း ပေးအပ်သည်။
-
ထို့နောက် ပုံနှိပ်ရေးနှင့် ထုတ်ဝေရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးမြင့် က မြန်မာဂန္ထဝင်အတွဲ(၁ဝဝ) စာစဉ်ထုတ်ဝေရေး ကော်မတီအတွက်  မေတ္တာလက်ဆောင် စာအုပ်များကို ကော်မတီဝင်များ ကိုယ်စား ဆရာဦးကြည်ဝင်း(လောကအမွန်)ထံပေးအပ်သည်။
-
ယင်းနောက်  ပြည်ထောင်စုဝန်ကြီးနှင့်  တက်ရောက်လာကြသူများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။
-
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာဂန္ထဝင်အတွဲ (၁ဝဝ) စာစဉ်ထုတ်ဝေရေး ကော်မတီဝင်များ၊ စာစဉ်မိတ်ဆက် နိဒါန်းရေးပေးခဲ့ကြသော ပညာရှင်ကြီးများနှင့် တည်းဖြတ်ပေးခဲ့သော ပညာရှင်ကြီးများ၊ စာစဉ်သုံးတွဲတွင် ပါဝင်သည့် စာရေးဆရာကြီးများ၏ မိသားစုများ၊  ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စာပေပညာရှင်များ   တက်ရောက်ကြသည်။
-
မြန်မာဂန္ထဝင်အတွဲ(၁ဝဝ) စာစဉ် ဝတ္ထုရှည် စာစဉ်အတွဲ(၁)တွင်  ဂျိမ်းစ်လှကျော် ရေးသားသည့် မောင်ရင်မောင်၊ မမယ်မဝတ္ထု (၁၉ဝ၄)၊ ဝန်စာရေးဦးကြီး ရေးသားသည့်  ချဉ်ပေါင်ရွက်သည်မောင်မှိုင်း  (၁၉ဝ၄)၊  မအေးခင် ရေးသားသည့် ချစ်ရိုးအမှန် (၁၉ဝ၇)စာအုပ်တို့ ပါဝင်ပြီး အတွဲ(၂)တွင် ဦးလတ် ရေးသားသည့် ရွှေပြည်စိုး (၁၉၁၄)၊ ရွှေဥဒေါင်း ရေးသားသည့် ရတနာပုံ (၁၉၁၇)၊ ဘီအေမောင်ဘသန်း ရေးသားသည့် ထာဝရမေတ္တာ သို့မဟုတ် ဘီအေမောင်ဘလွင် (၁၉၂ဝ) စာအုပ်တို့ ပါဝင်သည်။ စာစဉ်အတွဲ(၃)တွင် ဦးလတ် ရေးသားသည့် တနန်းပျော်ရင်သွေးတော်(၁၉၂ဝ)၊ ပီမိုးနင်းရေးသားသည့် နေရီရီ (၁၉၂ဝ)၊   သခင်ကိုယ်တော်မှိုင်း ရေးသားသည့်  မှာတော်ပုံ (၁၉၂၁) စာအုပ်တို့ ပါဝင်သည်။
-
မြန်မာဂန္ထဝင်အတွဲ(၁ဝဝ)စာစဉ် ဝတ္ထုရှည် စာအုပ်များမှာ တစ်တွဲလျှင် စာမျက်နှာ ၇ဝဝ ခန့်ပါရှိပြီး တန်ဖိုးငွေကျပ် ၁၂ဝဝဝ ဖြင့်  ယနေ့မှ စ၍   (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်) စာပေဗိမာန် စာအုပ်ဆိုင်များမှတစ်ဆင့်  မြန်မာ တစ်နိုင်ငံလုံးသို့    ဖြန့်ချိရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment