Pages

Thursday, November 29, 2018

ငဝန်မြစ်ကမ်းပါးပြိုကျမှုကြောင့် အင်္ဂပူ-ညောင်ကျိုးဆက်သွယ်ရေး လမ်းပြတ်တောက်နေသဖြင့် ကမ်းထိန်းလုပ်ငန်းများ အမြန်ဆောင်ရွက်ပေးစေလို

ငဝန်မြစ်ကမ်းပါးပြိုကျမှုကြောင့် အင်္ဂပူ-ညောင်ကျိုးဆက်သွယ်ရေး လမ်းပြတ်တောက်နေသဖြင့် ကမ်းထိန်းလုပ်ငန်းများ အမြန်ဆောင်ရွက်ပေးစေလို
-
အင်္ဂပူ နိုဝင်ဘာ ၂၈
-
ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် နောက်မီးကျေးရွာအုပ်စု အင်္ဂပူ-ညောင်ကျိုး ဆက်သွယ် ရေးလမ်းပိုင်း၌ ငဝန်မြစ်ကမ်းပါး ပြိုကျမှုကြောင့် အင်္ဂပူ-ညောင်ကျိုးလမ်း ပြတ်တောက်နေ သဖြင့် တာဝန်ရှိသူများက ကမ်းထိန်းလုပ်ငန်းများကို အမြန်ဆောင်ရွက် ပေးစေလိုကြောင်း ဒေသခံများထံမှ သိရသည်။
-
''ကျွန်တော်တို့ ဒေသခံတွေက စီးပွားရေး၊ လူမှုရေးစတာတွေ အကုန်လုံးအတွက် ဒီလမ်းကိုပဲ အားကိုးပြီး သွားလာနေရပါတယ်။ ကျန်းမာရေးနဲ့ပတ်သက်ရင် အင်္ဂပူ၊ ဟင်္သာတ ဆေးရုံတွေ ကို အားကိုးနေရတဲ့ အချိန်တွေမှာ သွားလာဖို့ အခက်အခဲဖြစ်နေပါတယ်။ အရောင်းအဝယ် လုပ်ငန်းတွေမှာလည်း ရပ်တန့်နေပါတယ်။ ဒီလမ်းကို ကာကွယ်ထိန်းသိမ်းမှု မရှိဘူးဆိုရင် မိုးတွင်း မြစ်ရေကြီးတဲ့အခါ အနောက်ဘက်မှာရှိတဲ့ လယ်ဧက ၈ဝဝဝ ကျော် ထိခိုက် ပျက်စီး နိုင်ပါတယ်။ ဒီလမ်းက မြစ်ရေကြီးတဲ့ဒဏ်ကို ကာကွယ်ပေးတဲ့တာပါ။ ကြို့ကုန်း၊ သဖန်းပင် ကျေးရွာမှာရှိတဲ့ အလယ်တန်း ကျောင်းသားတွေ၊ ဝက်လဟာ အုပ်စုမှာရှိတဲ့ အထက်တန်း ကျောင်းသားတွေက ညောင်ကျိုးကို သွားတက်နေရတဲ့ အတွက် အခက်အခဲရှိပါတယ်။ ဒါ ကြောင့် ဒီလမ်းကို အမြန်ဆုံးပြုပြင် ထိန်းသိမ်းပေးပါလို့ ကျွန်တော်တို့ ဒေသခံတွေ အနေနဲ့ တောင်းဆိုချင်ပါတယ်''ဟု ကြို့ကုန်းကျေးရွာ နေသူတစ်ဦးက ပြောသည်။
-
အဆိုပါ လမ်းပိုင်းတွင် ကမ်းပြိုမှုများမှာ ပိုမိုဆိုးရွားလာသဖြင့် ကမ်းပါးပြိုမှု အချိန်မီ ထိန်းသိမ်း ပေးနိုင်ရေးနှင့် ဒေသတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေး တာဝန်ရှိသူတို့က အမြန်ဆုံး ဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း သိရသည်
-
(၄ဝ၇)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment