Pages

Friday, November 30, 2018

နာဂရိုးရာပွဲတော်သို့ နိုင်ငံခြားခရီးသွားဧည့်သည်များ လာရောက်ရာတွင် ခွင့်ပြုချက်ရယူရန် မလိုအပ်

နာဂရိုးရာပွဲတော်သို့ နိုင်ငံခြားခရီးသွားဧည့်သည်များ လာရောက်ရာတွင် ခွင့်ပြုချက်ရယူရန် မလိုအပ်
-
ရန်ကုန် နိုဝင်ဘာ ၂၉
-
၂ဝ၁၉ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှ ၁၆ ရက်အထိကျင်းပမည့် နာဂရိုးရာပွဲတော်သို့ နိုင်ငံခြား ခရီးသွားဧည့်သည်များ လာရောက်ပါက ခွင့်ပြုချက်ရယူရန် မလိုအပ်ကြောင်း မြန်မာနိုင်င ခရီး သွားလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးနောင်းနောင်းဟန်ထံမှ သိရသည်။
-
နာဂဒေသ၌ ယခင်က သွားလာရေး ခက်ခဲ၍ လုံခြုံမှုမရှိခြင်းကြောင့် သွားလာ ခွင့်ကန့်သတ် ထားပြီး လေရှီးနှင့် လဟယ်မြို့နယ်တို့ကို ၂ဝ၁၆ ခုနှစ်က သွားလာခွင့် စတင်ခွင့်ပြု ပေးခဲ့ခြင်း ဖြစ်ကာ နန်းယွန်းမြို့ တစ်မြို့တည်းကိုသာ ကန့်သတ်ထားသည်။
-
လက်ရှိတွင် နန်းယွန်းမြို့ကိုပါ သွားလာရန် ခွင့်ပြုပေးထားပြီးဖြစ်ကြောင်းနှင့် ၂ဝ၁၇ ခုနှစ်မှစ၍ နာဂရိုးရာ နှစ်သစ်ကူးပွဲတော်ကို လဟယ်မြို့၌ ကျင်းပလျက်ရှိပြီး နန်းယွန်း၊ လဟယ်နှင့် လေရှီးမြို့တို့၌ အလှည့်ကျ ကျင်းပမည်ဖြစ်သည်။ နိုင်ငံခြားခရီးသွား ဧည့်သည်များသည် နာဂ ရိုးရာနှစ်သစ်ကူး ပွဲတော်ကို စိတ်ဝင်စားမှုမြင့်တက်နေ၍ ခရီးသွားဝင်ရောက်မှု တိုးတက်စေရန် သွားလာခွင့်ကို ချမှတ်ပေးခြင်းဖြစ်သည်။
-
''အရင်က နိုင်ငံခြားခရီးသွား ဧည့်သည်တွေကို ဒီပွဲတော်ခရီးစဉ် အတွက်သာ ခွင့်ပြုပေးတာပါ။ ကျန်ကျေးရွာတွေကို လည်ပတ်ချင်တယ်ဆိုရင် ခွင့်ပြုချက်တောင်းခံရတယ်။ အခု ဒါတွေ မလိုတော့ဘူး။ လည်ပတ်ခွင့်ပြု ထားပါတယ်။ အရင်ကန့်သတ်ထားတဲ့ နေရာတွေကို အခု မကန့်သတ်တော့ ခရီးသွားတွေ လေ့လာနိုင်သလို ဒေသခံတိုင်းရင်းသားတွေ အတွက်လည်း အကျိုးရှိစေပါတယ်။ လာရောက်လည်ပတ်မယ့် ခရီးသွားတွေအတွက် လမ်းပန်း ဆက်သွယ် ရေးနဲ့ လုံခြုံရေးကို ဆောင်ရွက်ပေးထားတော့ ဒီနှစ် ခရီးသွား ဧည့်သည်ဝင်ရောက်မှု တိုးတက် လာနိုင်ပါတယ်'' ဟု ဦးနောင်းနောင်းဟန်က ပြောသည်။
-
စိုးမိုး
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment