Pages

Tuesday, September 4, 2018

ရိုက်တာသတင်းထောက် နှစ်ဦးကို ထောင်ဒဏ် ခုနှစ်နှစ်စီချမှတ်



ရန်ကုန် ၄-၉-၂ဝ၁၈

နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေဖြင့် တရားစွဲဆိုခြင်း ခံထားရသည့် ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို ယနေ့၌ ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ်ခုနစ် နှစ်စီချမှတ်ခဲ့ကြောင်း သိရသည်။

ကိုးလကျော် အမှုရင်ဆိုင်ခဲ့ရသည့် နောက်ပိုင်းတွင် ယနေ့နံနက်ပိုင်းက အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ပြီး ထိုကဲ့သို့ အမိန့်ချမှတ် လိုက်ခြင်းအပေါ် ဝေဖန်မှုများစွာ ထွက်ပေါ်လျက်ရှိနေကြောင်း တရားရုံးသို့လာရောက် ခဲ့ကြသည့်သတင်းစာ ဆရာများက ပြောပြသည်။

"ဒီဥပဒေက ယူနတီတုန်းကလဲ ထောင် ၁ဝနှစ်ကျခဲ့ပါတယ်။ အခုလဲကျတယ်ပေါ့။ အဲဒါကြောင့် ဒီဥပဒေကိုတော့ ပြင်ဆင်သင့်နေပြီ။ အခုအစိုးရအနေနဲ့ ဗြိတိသျှ ကိုလိုနီခေတ်ကလိုမျိုး ဖြစ်နေတဲ့ ဒီဥပဒေကို နိုင်ငံရေးဆန္ဒအရပဲဖြစ်ဖြစ် ပြင်ဆင်သင့်နေပြီလို့ မြင်ပါတယ်။ လွှတ်တော်ကိုယ်စား လှယ်တွေကိုလဲ ဒီကနေတောင်းဆို ချင်ပါတယ်။ နိုင်ငံရဲ့အကျိုး၊ မီဒီယာလောကရဲ့ အကျိုးကိုရှေးရှုပြီးတော့ ဒီဥပဒေကို ပြင်ဆင်ဖို့လုပ်ဆောင်သင့်ပြီ လို့မြင်ပါတယ်" ဟု မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ ကောင်စီဝင် ဦးမြတ်ကျော်က ပြောပြသည်။

ထိုကဲ့သို့ ထောင်ဒဏ်များချမှတ် လိုက်မှုအပေါ် အမေရိကန်သံရုံး အပါအဝင် ပြည်တွင်း၊ ပြည်ပသတင်းမီဒီယာ ဌာနများမှ ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ကြပြီး သတင်းစာဆရာများ အနေဖြင့်လည်း စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်မှုများနှင့် ထောင်ဒဏ် ခုနစ်နှစ်ချမှတ်မှုအပေါ် အယူခံတက်မှုများ ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

"ဒီနေ့ဟာ မြန်မာနိုင်ငံအပါအဝင် ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးနဲ့အရပ်ရပ်က သတင်းသမားတွေအတွက် ဝမ်းနည်းဖို့ ကောင်းတဲ့နေ့ဖြစ်ပါတယ်။ သတင်းမီဒီယာကို ခြိမ်းခြောက်ဖို့နဲ့ သတင်းရေးသားတာကို တားဆီးဖို့ အစီအစဉ်နဲ့ မမှန်ကန်တဲ့ စွဲချက်တွေနဲ့ ဒီလေးစားအားကျဖို့ ကောင်းတဲ့ သတင်းထောက်နှစ်ယောက်ကို ထောင်ထဲမှာ အကျဉ်းချထားတာ ကိုးလနီးပါးရှိပြီ ဖြစ်ပါတယ်။ သူတို့မှာ အပြစ်ရှိကြောင်း ဘာသက်သေမှ မရှိတဲ့ အပြင် ရဲတွေကနေ သူတို့ကို ထောင်ချောက်ဆင်ဖမ်းခဲ့တာ သက်သေအခိုင်အမာ ရှိလျက်နဲ့ တရားရုံးကနေ ဒီနေ့ချလိုက်တဲ့ စီရင်ချက်အမိန့်က သူတို့ရဲ့လွတ်လပ်ခွင့်ဆက်ပြီး ဆုံးရှုံးဖို့အတွက် ပြစ်ဒဏ်ချတဲ့ လုပ်ရပ်ဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ ဥပဒေချိုးဖောက်မှုကိုတော့ လျစ်လျူရှုသလို ဖြစ်နေပါတယ်။ ဒီလုပ်ရပ်က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းခြင်းအတွက် နောက်ပြန်လှည့်တဲ့ ကြီးမားတဲ့ခြေလှမ်း တစ်ရပ်ဖြစ်ပြီး တရားဥပဒေစိုးမိုးမှု သို့မဟုတ် လွတ်လပ်စွာထုတ်ဖော် ပြောကြားခွင့်နဲ့ ကိုက်ညီမှု မရှိတဲ့အတွက် မြန်မာအစိုးရအနေနဲ့ အဆောတလျင် ပြင်ဆင်ရမယ့် ကိစ္စဖြစ်ပါတယ်။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ဒီမတရားမှုကို ခံစားနေရတဲ့အချိန်မှာ ကျွန်တော်တို့ အနေနဲ့ ဒီအတိုင်းစောင့်နေမှာ မဟုတ်ပါဘူး။ နိုင်ငံတကာ အဖွဲ့အစည်းကနေ အကြံဥာဏ်တောင်းခံတာအပြင် ရှေ့ဆက်ဘယ်လိုလုပ်ဆောင်သွားမယ် ဆိုတာနဲ့ပတ်သက်ပြီး ကျွန်တ်ာတို့ အနေနဲ့အဖြေရှာသွားမှာ ဖြစ်ပါတယ်"ဟု Reuters သတင်းဌာန ဥက္ကဋ္ဌနှင့် အယ်ဒီတာချုပ် Stephen J. Adler က ပြောပြသည်။

ကိုဝလုံး(ခ) သက်ဦးမောင်မောင်နှင့် ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃(၁)(ဂ)ဖြင့် ယနေ့တွင် ထောင်ဒဏ်ခုနစ်နှစ်စီ အသီးသီးချမှတ် လိုက်ကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment